Tuesday, September 23, 2008

ပေလွှာများနဲ့ အလွမ်းရှင်

13 comments
မနေ့ညက
ရခဲ့တဲ့ နတ်သမီးရဲ့ သ၀ဏ်လွှာကြောင့်
အလွမ်းကမ္ဘာထဲ ကျွန်တော်ရောက်ခဲ့တယ် ....

လျှောက်ရတဲ့လမ်းက ကြမ်းလို့
သူမက လှမ်းမျှော်နေတာတောင်
ကျွန်တော် လက်ကမ်းလို့ မခေါ်နိုင်သေးပါ ...

အဝေးတစ်နေရာ အတွေးကမ္ဘာမှာပျော်ပိုက်
ကိုယ့်ကိုကိုယ် ရိုက်လိုက်ချင်တယ်
ကံကြမ္မာက ခိုက်လို့

ဝေဒနာ တစ်ပိုက်နဲ့လူမို့
မေတ္တာရေ တစ်ကြိုက်
အခုလို မှန်မှန် တိုက်ပါ ....

အဖန်တရာ သံသရာ တစ်ဝိုက်မှာ
မတန်မရာ ဒဏ်ရာတွေ ကိုက်လို့
ဒီလူမှာ ရူးမိုက်နေပြီ ....

ဦးခိုက်မိတဲ့ အချစ်
ခူးလိုက်တဲ့ ပန်းတစ်ပွင့်
နမ်းရှိုက်ခွင့်မရသေးဘူး ....

ဒီလိုနဲ့ .....
သူမဆက်တဲ့ ပေလွှာတွေဖတ်
အိပ်ယာထက်မှာ
စိတ်ပါ လက်ပါနဲ့ လွမ်းနေဆဲပါ ....


ဖြိုးငယ်



Friday, September 19, 2008

ကျောက်စာတိုင်များ ....

5 comments


မြောက်အမေရိက တိုက်ရဲ့
ဆောင်းခိုငှက်ထံ
ရေမြေခြားက လွမ်းလှကြောင်း
စာတစ်ကြောင်းတော့ ပါးချင်တယ် ....

ဆုံနိုင်ခွင့်ရဲ့ ... နေ့ရက်
ဘယ်ဆီရယ် တသသနဲ့
မျှော်လင့်ခြင်းရဲ့ မနက်ဖြန်ဆီမှာ
“ ......... ” သိနိုင်မယ်ဆို
ဒီနေ့ရဲ့ တမ်းတခြင်းကလည်း
မိုင်ထောင်ချီအဝေးကို
ပို့ဆက်ချင်တယ် ။

အာရှတိုက်ရဲ့ မြေတစ်နေရာမှာ
ကျောက်စာတိုင်များလည်း
နှလုံးသွေးနဲ့ထုဆစ်
ဝေးကွာခြင်းရဲ့ သက္ကရာဇ် အလိုက်
ဝေဒနာက စူးနင့် ။
သိနိုင်စေကြောင်း
“ နိုင်ဂရာ ” ရေတံခွန်အောက်က
အလွမ်းရှင်ထံသို့ ။ ။




P.S >>> ကျွန်တော်ရေးထားတဲ့ ကဗျာလေး မဟုတ်ပါဘူးခင်ဗျား .... သူများက ပို့ပေးတဲ့ ကဗျာလေးကို
ခွင့်ယူချက်မယူပဲ တင်လိုက်တာပါ ။ ။ ခွင့်ပြုချက် ယူ စရာ မလိုတဲ့ သူမို့ပါ .. ကဗျာလေးကို ကြိုက်လို့
မျှဝေ လိုက်တာပါ .... ခံစားကြည့်ကြပါဦး ....

Thursday, September 18, 2008

မကြယ်စင်နတ်သမီးအတွက် မွေးနေ့ဆုတောင်း

3 comments



တစ်ရက်တစ်ရက်နဲ့
နာရီမှန် လှည့်ပတ်
စက်တင်ဘာရဲ့ ၁၉ ရက်
အမေ့ဝမ်းက ထွက်ခဲ့တာ
၂၈ ခါတိုင်ခဲ့ပြီပေါ့ ....

ဘ၀လမ်းကို မှန်မှန်လှမ်း
လေကြမ်းတွေကို ဖြတ်ကျော်
အဲဒီနေ့ရက်တွေမှာ ပျော်
အဖော် မရှာသေးတဲ့ အမ
နောက်မွေးနေ့တွေမှာ
ကြင်သူရှာတွေ့ပါစေ ...

စက်တင်ဘာ ၁၉
တစ်နှစ်တစ်ခါ တိုးလာတိုင်း
ဒုက္ခ တွေကို အနိုင်ပိုင်း
ပျော်ရွှင်မှုတွေ ၀ိုင်းပါစေ ...

အနှိုင်းမဲ့ ကျေးဇူးရှင်
မိဘတွေရင်ခွင်မှာ ပျော်
အမ မျှော်တဲ့ ဘဝ
ထာဝရပါစေ....

မိုးမြင့်ထက် ကောင်းကင်
စိုးမိုးမှု အရှင်သခင်
ကြယ်စင်ရဲ့ နတ်သမီး
လောကကြီး ရှင်သန်
မနက်ဖြန်တွေ ဆက်နေသမျှ
အပြုံးပန်း လှလှနဲ့
အောင်မြင်မှုတွေ ထာဝရ ရနိုင်ပါစေဗျာ ....






ဖြိုးငယ်


P.S >>> စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ကျွန်တော်တို့ရဲ့ ( အပျိုကြီး မမ ..အဲ .. ) အမ ကြယ်စင်နတ်သမီးရဲ့ မွေးနေ့ အတွက်အမှတ်တရ လက်ဆောင်ပါ .... အမ ထာဝရ ပျော်ရွှင်ပါစေဗျာ ...

Thursday, September 11, 2008

ရင်ခွင်အပေါက် နဲ့ ကောက်မိတဲ့အချစ်

16 comments

သစ္စာတွေဖောက်
ချစ်တာတွေပျောက်သွားတဲ့နေ့က
ပေါက်သွားတဲ့ ရင်ကွဲဗုံး
နျူကလီးယား တစ်လုံးထက် ပြင်းတယ် ..


အမုန်းသီချင်းတွေ ထွေးပိုက်
ခန္ဓာကို မီးမြိုက်ခံရတဲ့ မြို့တော်မှာ
ငါက ကဗျာတွေကို ကြိုတယ်
ဘာလိုလို ညာလိုလိုနဲ့
နှလုံးသား ငို ခဲ့တာ တော်တော်ကြာပြီပဲ .....


ရေရှုချိန် မသိ
ပုဝါကူချိန် မရှိ
ချက်ကောင်းကိုတည့်တည့် ထိလို့
ဒိုင်မရှိတဲ့ အဲဒီပွဲမှာ
ငါ့ အသဲလည်း ကွဲခဲ့တယ် ...


မာနတွေလောင်းကြေးထပ်
နှလုံးသားတွေပဲ အရှုံးထွက်တယ်
ပန်းသီးတွေ ကြွေပျက်မှတော့
အဲဒီ ဧဒင်မှာ ငါတို့ မနေချင်တော့ဘူးလေ ....


ကျွန်တော် ငြင်းဆန်ခဲ့တဲ့ နယူတန်ကို
လူတွေက လက်ခံနေတုန်းပဲ
သေဆုံးခဲ့တဲ့ ရင်ခုန်သံ မတန်မရာ အတွက်
reaction တွေ ပြန်ရှာကြည့်သေးတယ် ...
ဒါပေမဲ့
ဒဏ်ရာတွေ အဖတ်တင်လို့
ကဗျာတွေသာ အသက်ဝင်ခဲ့တယ် ....


နောက်ဆုံးတော့လည်း
အဆိပ်မဲ့ နှင်းဆီတစ်ပွင့်ရဲ့ မာန
တိတ်တဆိတ် ရွာချခဲ့တဲ့ အတ္တတွေ
အတိတ်မဲ့ရာသီရဲ့ မီးတောက်မှာ
ငါက ရင်ခွင်အပေါက်နဲ့ မေတ္တာကောက်သူသာ ဖြစ်ခဲ့တယ်လေ .....



ဖြိုးငယ်

Sunday, September 7, 2008

သံပတ်လူသား

12 comments


မနက် မနက် ကျောင်းတက်
ညနေဘက် ပြန်လာ
ကျွန်တော်တို့ ဘ၀ဟာ
ဗလာမပါတဲ့ ဝေဒနာတွေပဲ
အမြဲ နှိုက်နေရတဲ့ ကံစမ်းမဲ နဲ့တူတယ် ....

ပျော်စရာဆိုတာ နတ္ထိ
ဌာနေကလည်း ဝေးပါဘိ
တွေးကာကြည့်ရင် ဟန်ဆောင်ပြုံးနဲ့
နှုံးနေတဲ့ ရင်ခွင်လွှာကို
ကြည်လင်တဲ့ကမ္ဘာအဖြစ် ဖန်ဆင်းရသေးတယ် .....

ဘယ်ဘ၀က ၀ဋ်ကြွေးလဲ
အထပ်ထပ်တွေးလဲ အဖြေမရ
အခြေမကျတဲ့ နေရာမှာ
ကံကြမ္မာရဲ့ အထာကိုကြည့်
ပျော်စရာလေးတွေ ရှာမိတော့လည်း
ပတ်ဝန်းကျင်ဘေးက မလွတ်သေးပါလား .....

မျှော်လင့်ချက်ကြောင့် ရှင်တဲ့အသက်
ကိုယ့်ဘာသာ ဒေါသထွက်မိတယ်
မောဟရဲ့ သတ္တိ
တရားဘက်ကိုကြည့်တော့လည်း
ငါကပဲ အသက်ကြီးနေလားတဲ့ .....

ကျေးဇူးပြုပြီး
အဲဒီ အိမ်လွမ်းသီချင်းများ ခဏပိတ်ပေးပါ
ငါ့လေရှုသံလေး ပုံမှန်မှ
ရင်ခွင်က သံပတ်ကို ဟန်ပါပါလေးတင်း
မနက်ဖြန်ရဲ့ ပြတင်းကို ဖွင့်ပါရစေ ......


ဖြိုးငယ်



Thursday, September 4, 2008

ပိုင်ဆိုင်ရတဲ့ ဘဝ

8 comments
ရင်ခွင်ဦးက လွမ်းပုံပြင်
လမ်းကြုံရင် တစ်မှာတည်းမှာ
စာချွန်လွှာ ပို့လို့ပို့
အလွမ်းညို့ညို့ ကိုလည်း
လမင်းဆီ လှမ်းပို့ ထားတယ် ....

လွမ်းလို့ လို့ ခေါင်းစဉ်တပ်
အဲဒီစာတွေ ဖွင့်ဖတ်ရင်းပေါ့
လင်းခဲ့ရတဲ့ မနက်ပေါင်းကို
နှင်းစက်တွေ သက်သေပြုမလား
ကျေးငှက်တွေ သက်သေပြုမလား ...
ရောင်နီတွေ သက်သေပြုမလား ......

အခုတော့လည်း တစ်နယ်စီဝေး
ပေးခဲ့တဲ့ အမှတ်တရ ဓါတ်ပုံ
လွမ်းမိတိုင်း တသသ စမ်းရင်း
ခပ်ဖွဖွ ခဏ ခဏ နမ်းလို့
နွမ်းလျလျ ဖြစ်နေပြီလေ....

လှမ်းမရတဲ့ တစ်နေရာစီ
မဖြေသာရည် မျှော်မှန်းယုံမှတစ်ပါး
အခြား မစွမ်းနိုင်တဲ့ ကျွန်တော်
အော် ....
ဘ၀ ကို တစ်ကိုယ်တည်း ဖြတ်သန်းဆဲပါလေ ......


ဖြိုးငယ်



Tuesday, September 2, 2008

ဆုံဆည်းမှု

7 comments
ခဏတာလေး အတွင်းမှာ ဆုံဆည်းရခြင်းဟာ
ငါ့ဘ၀တစ်ခုလုံးစာ အတွက်
ခါးသီးခြင်းတွေ ဖြစ်နေရပါပြီ ချစ်သူရယ် ......

သံယောဇဉ်ဆိုတဲ့ တွယ်တာမှုတွေက
ငါတို့နှစ်ယောက်ကို
နီးစပ်ခွင့်ပေးခဲ့တာလား ...
ခွဲခွာခြင်းပေးခဲ့တာလား ....

ငါလေ ....
အခု ဆုတောင်းနေမိတယ် ....
မင်းနဲ့များ နောင်ဘ၀မှာ
ဆုံဆည်းမှုလေး ထပ်ရခဲ့ရင်
မင်းချစ်တဲ့ ချစ်သူဖြစ်ပါစေလို့ပေါ့ ချစ်သူရယ် .....


ကိုလူဆိုးလေး


မှတ်ချက် ။ ။ ဒီကဗျာ ... အဲ .. ကဗျာဆန်ဆန်လေးကတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့
ခံစားမှု စစ်စစ်လေးပေါ့ဗျာ .... ကျွန်တော့် သူငယ်ချင်းရဲ့ ခံစာချက်လေးကို အားလုံး
နားလည်ခံစားပေးကြပါဦး .... ကဗျာ မဆန်ပေမဲ့ ရင်ထဲက လာတဲ့ ဟန်လေးကို
အားလုံး မျှဝေခံစားပေးကြပါဦးဗျာ .....

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template