Saturday, May 30, 2009

မှော်ထွင်းကျောက်စာ

16 comments


( က )

ချစ်သူရေ ......
ငါဟာ မာကျုရီ မဖြစ်ခဲ့ရင်တောင်
ဗို့ အားရှိသလောက်တော့ လင်းခွင့်ပေးပါ
နေမင်းကို အန်မတုနိုင်ရင်တောင်
လမင်းနဲ့ငါ တစ်ယောက်တစ်ဝက်
အမှောင်ညတွေကို တိုက်ဖျက်ချင်တယ် ......

အရာရာ အကွက်ချ
စနစ်တကျ စီစဉ်ခဲ့ပြီးမှ
ပယ်နယ်တီ တစ်လုံးလွဲလို့
ငါ အသည်းမကွဲချင်ဘူးချစ်သူရယ် ....
အနောက်ယွန်းယွန်းက နေမထွက်ရိုးမှန်ရင်
နင်နဲ့ငါ လက်ထပ်ချင်တယ် .....

အလွမ်းနှင်တဲ့ နတ်ဆိုးက
ငါဆီကို လေပြေတွေ တိုးစေခဲ့တယ်
တိတ်တခိုးနဲ့ ကြိတ်ပိုးတယ်ဆိုတာ
ပုပ်သိုးနေတဲ့ ပန်းသီးတစ်လုံးပဲ
ငါပျိုးထားတဲ့ ဥယျာဉ်ထဲမှာ
နှင်းဆီတွေ ပွင့်စေချင်ပြီ ......

ငါက လူမမာတစ်ယောက်ပါချစ်သူ
နင်တစ်ဖက် ကဗျာတစ်ဖက်
နှာခေါင်းပိုက်နှစ်ခု တပ်ပြီး
အသက်ဆက်နေရတဲ့ကောင်ပါ
မနက်ဖြန်မနက် ကြယ်တွေရေဆင်းသောက်ရင်
ငါ့အတွက်အလွမ်းပြတင်းပေါက် ပိတ်ပေးခဲ့ပါကွယ် ....

ရှည်ရှည်ဝေးဝေးမတွေးပါနဲ့
မြားနတ်မောင်တောင် မြှားပြန်စူး
အချစ်ရူးဖြစ်ခဲ့ဖူးတာပဲ ...
ကျွန်တော်လည်း ပဒိုင်းသီးခူးခဲ့တဲ့ကောင်တစ်ယောက်ပါ ....

ငါကလည်း ဆုတောင်းကြမ်းတယ်
နင့်နှုတ်ခမ်းကို ထာဝရ နမ်းချင်လို့တဲ့
အရူးအနှမ်းလို့ သမုတ်ကြမလား
အထူးအဆန်း မဟုတ်တော့ဘူး
ငါက အလွမ်းတွေထမ်းထားတဲ့ကောင်လေ .....

မှတ်တမ်းလည်းမရှိပါဘူး
တစ်ဖက်ကမ်း ခတ်လောက်အောင် မလှပေမဲ့
ငါ့ရင်ဝှက်ပန်းက နင့်ကိုပဲ စွဲစွဲလန်းလန်းတဲ့
အသည်းတစ်ခြမ်းမကတော့ဘူး
နင့်က မာယာမဖျန်းပေမဲ့
ငါ့မှာတော့ ရူးသွမ်းနေပြီ ......


( ခ )

အဘယ်နတ်ဘုရားတွေဆောင်နှင်း
နင့်ကို ငါ့ရင်တွင်း ပို့ခဲ့တာလဲ
ချစ်ခြင်းဆိုတာ
အာဒံက ဧ၀ကိုပေးခဲ့တဲ့ ပန်းသီးတစ်လုံးမဟုတ်ဘူး
ငါက နင့်ကိုပေးထားတဲ့ နှလုံးသားပါ ....

မျှော်လင့်ခြင်းဆိုတာ
ရှင်သန်ခြင်းနဲ့ အမျိုးတော်တယ်
နင်ပျော်သလိုသာနေပါ
ငါ့နန်းတော်တည်ပြီးတဲ့အခါ
နင့်ကိုသာ ဘုရင်မ လုပ်ခွင့်ပြုမယ် ...
လမင်းလေးရေ ...
နင်ထားမသွားရဘူးနော် ....

ပင်ဖျားမှာပဲ နေနေ
မြေပြင်မှာပဲ ကြွေကြွေ
ခရေတွေ မွှေးနေသမျှ
နင်နဲ့ငါ ဝေးမသွားကြကြေးနော် ...

လောကနတ်ရယ်
ပြောမပြတက်တဲ့ ဝေဒနာတွေအတွက်
ဖြေသာမဲ့ဆေး
အသင်မပေးနိုင်ဘူးလား ...

အထီးကျန်တဲ့ မီးလျှံကြား
အကျည်းတန်စွာ ခံစားနေရပါတယ် အရှင်ဘုရား
ကျွန်တော့်အား သူမကိုပဲ ပေးသနားပါ ....
သူမနဲ့ ပတ်သတ်သမျှ
ဒီဘဝမှာ အာသ၀ မျက်ရည်တွေ မကျချင်ဘူး ...


( ဂ )

လမင်းလေးရေ ...
ငါရေးထိုးထားတဲ့ ကျောက်စာမှာ
နင့်နာမည်တွေချည်းပါတယ်
ဘယ်အရာကိုမှ မျှော်လင့်ခွင့်မရှိတဲ့ငါ
တာရာမင်းဝေ ပြောသလို
သတိရခြင်းကိုတော့ ပိုင်ဆိုင်ချင်ပါရဲ့ ...

အရှေ့ဘက်မှာ မိုးကြမ်းတွေရွာရွာ
အနောက်ဘက်မှာ လေပြင်းတွေတိုက်တိုက်
နင့်ပါးလေးကို နမ်းခွင့်ရခိုက်မှာ
လေပြေတွေကို တား
နာရီတွေကို ရပ်ထားချင်တယ်
နင်ဖျားမှာစိုးလို့ပါ ....

တစ်ဖြေးဖြေးတိုးလာလိုက်တာ
ဒီရေတွေကတောင် ဆရာခေါ်
ငါ့တို့ရဲ့ မေတ္တာပေါ်မှာ
ဗလာမပါကြေးနော် .....

အရာရာကိုတွေးပြီးပျော်
ငါတို့မျှော်တဲ့ အချစ်အိမ်
အခိုင်အမာ အုတ်မြစ်ချ
ဘယ်သူတွေက ဖြိုချနိုင်မှာလဲ ....

နင့်နဖူးပေါ်ကျနေတဲ့ ဆံနွယ်စတွေ
ညင်သာစွာ ပင့်သက်ရှိုက်
လိုက်ကာလေးတွေ ပိတ်
ကြယ်ကလေးတွေကို မျက်စိမှိတ်ပြီး
ပုံပြင်တွေနဲ့ချော့သိပ်မယ်
ငါ့ရင်ခွင်နွေးပေါ်မှာ
ညင်သာစွာ အိပ်ပျော်ပါစေ ....

ဂန္တဝင်တွင်အောင်လည်း မရေးတက်ဘူး
စံချိန်တင်အောင်လည်း မတွေးတက်ဘူး
နင်ပေးတဲ့ လက်တစ်ဖက်နဲ့
( ငါက )
လောကထဲ ခြေစုံပစ်ချင်တဲ့ကောင် ...

မနေ့ကလည်းနင့်ကိုချစ်ခဲ့တယ်
ဒီနေ့လည်း နင့်ကိုချစ်နေတုန်းပဲ
မနက်ဖြန်လည်း နင့်ကိုချစ်နေမှာပါပဲ
ဒီကမ္ဘာကြီး ပျက်သုန်းသွားရင်တောင်
နင်မမုန်းရင် ငါကျေနပ်တယ် ...

သွေမပျက်တဲ့ မေတ္တာနဲ့
တစ်နေထွက် တစ်နေ၀င်
နင့်မျက်နှာကို မမြင်ရရင်တောင်
သခင်ရေ ....
ငါ့သစ္စာကို အစွန်းမခံနိုင်ခဲ့ဘူး .....

မှော်ဝင်ဖို့ မလိုပါဘူး
ငါ့လိုအပ်ချက်တွေလည်း အပြစ်မမြင်တက်ပါနဲ့
နင့်လိုအပ်ချက်တွေလည်း အပြစ်မတင်ရက်ဘူး
အရာရာကို ချစ်သောမျက်စိနဲ့ကြည့်
ငါတို့ရဲ့ကြိုးတွေကို ဖြည်းဖြည်းချင်းညှိရင်း
ချစ်ခြင်းအတိဖုံး နင့်အပြုံးနဲ့
အချစ်ဆုံးရေ .....
တစ်ကမ္ဘာလုံး ပန်းတွေပွင့်စေ ....


ဖြိုးငယ်

ကဗျာရှည်ရှည်လေးတွေ ဖတ်မိတိုင်း ကျွန်တော်လည်းကဗျာရှည်ရှည်လေး ရေးချင်နေတာကြာပါပြီ်။ ဆရာ တာရာမင်းဝေ ရဲ့ မီးတောက်ရမ်သမ် ကို အရမ်းသဘောကျပြီး အဲလိုကဗျာရှည်လေးရေးတက်ချင်ခဲ့တာ အဲ့ဒီကဗျာကိုဖတ်မိတည်းကပါ ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့်၊ ကျွန်တော့်ရဲ့ အားနည်းချက်ကြောင့် မရေးဖြစ်ခဲ့ပါဘူး ။ အခု ဒီကဗျာလေးကို ကျွန်တော့် နှလုံးသွေးနဲ့ရင်းပြီး ကြိုးစားပုံဖော်ထားပါတယ် ။ ဘာကြောင့် ကျွန်တော် ဒီလောက်အလေးထားရလဲဆိုရင် ဒီကဗျာလေးဟာ ကျွန်တော်တန်ဖိုးထားရတဲ့ တစ်စုံတစ်ယောက်အတွက် မွေးနေ့လက်ဆောင်ဖြစ်နေလို့ပါပဲ ... ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ချို့ယွင်းချက်တွေ ၊ မပြည့်ဝမှုတွေကြောင့် လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါကိုလည်း နားလည်ပေးပါ ။ မွေးနေ့ရှင်လည်း ကျေနပ်လိမ့်မယ် ထင်ပါတယ် ။ ရင်မှာဖြစ်လာတဲ့ခံစားချက်လေးတွေကို အခုလို အချိန်ပေး ဖတ်ပေးကြတဲ့ သူငယ်ချင်းတွေကို အထူးပဲကျေးဇူးတင်ပါတယ်ဗျာ ။

အားလုံးကိုကျေးဇူးတင်လျှက်
ဖြိုးငယ်

Monday, May 25, 2009

လူငယ်ကဗျာဆရာ

9 comments


မတောက်တစ်ခေါက်
ကဗျာတွေ ကောက်မိပါတယ်
ပန်းအခြောက်တွေတော့ ဘယ်ဝေနိုင်မလဲ
ဒီနွေမှာ တစ်တောလုံးစိမ်းပါ့မလား ......

တယိမ်းတယိုင်
နတ်စိမ်းကိုင်သလို
အနုပညာကိုတော့ မလိမ်ချင်ဘူး
ငါ့ရင်ကို ဗလာဖြစ်တဲ့အထိ ခင်းကျင်းပစ်မယ် ....

ရှေးရာဇ၀င် အကြောင်းတစ်ချက်
ဦးကျည်ပွေ့မှာတောင် အတက်ထွက်ခဲ့တာပဲ
ငါ့ရင်ဘတ်မှာလည်း ကဗျာအတက်ထွက်ကောင်းပါရဲ့
ငါက ကဗျာတွေနဲ့ လက်ဆက်ချင်တဲ့ကောင် .....

လေရမ်းတွေ စည်တီးသလို
တဟီးဟီး ငါ့ဆီအော်လာရင်တောင်
ခြေလှမ်းတိုင်းမှာ ကဗျာတွေကို နမ်းခဲ့မယ်
နောက်ဘ၀ လမ်းအထိပေါ့ .....

သေအံ့မူးမူး
လှိုင်းကြမ်းတို့ စူးခဲ့ရင်တောင်
ဆီဦးထောပတ် မပါပဲ
ကဗျာတွေနဲ့ လက်ပစ်ကူးမဲ့ကောင် ....

ငါ့ဇာတာကိုက
ကဗျာနာ ကျခဲ့သလားပဲ
ငါ့ခန္ဓာကိုဖောက်ကြည့်ရင်
ကဗျာတွေ ပိုးပိုးပေါက်ပေါက် ကျလာဦးမယ် ....

အို .. အသင်လောက
မြင်သာအောင် တမင်တကာ ပုံမပြချင်တော့ဘူး
ငါ့ရင်အစုံ ဗြန်းဗြန်းမကွဲသွားသေးသ၍
ကဗျာတွေရဲ့ အရှေ့မှာရပ်
မနက်ဖြန်တိုင်းကို အသက်ဆက်မယ် ....

ဖြိုးငယ်

Saturday, May 16, 2009

ကျေးဇူးရှင်သို့ ဆုတောင်း

6 comments


သိဒ္ဓိအောင်ခဲ့သလား
လိုတရတဲ့ ဓါတ်လုံးတစ်လုံးဆိုရင်
အဖေရဲ့မေတ္တာနဲ့ယှဉ်ကြည့်ချင်တယ်
နေမ၀င် အင်ပါယာဆိုတာ
ကျွန်တော့် ကမ္ဘာမှာ
ဖေဖေ့ရဲ့ အကြင်နာပါပဲ ...

တမင်တကာ မဟုတ်ပေမဲ့
မြင်သာအောင် ထုတ်မပြတက်ကြဘူး
ရင်အုပ်မကွာ မဖြစ်ခဲ့ပေမဲ့
ဝမ်းတစ်ထွာ မ ဟာရအောင်
ထာဝရဖြည့်ဆည်းပေးခဲ့တဲ့သူ
အဖေဟာ တံခွန်ထူ အောင်နိုင်သူ စစ်သူကြီးလည်းဖြစ်တယ် ....

ဘယ်အရာကိုမှ မညူစူခဲ့ပါဘူး
ဆူပူခြင်းကင်းမဲ့ လမ်းကြောင်းမှန်တည့်အောင်
ပဲ့ပြင်ဆုံးမ ကျွန်တော့်ဘ၀ သုည ကို
တစ်စတစ်စ ထပ်ကိန်းတွေရအောင်
ထိန်းသိမ်းပို့ချ အရောင်တစ်လက်လက်ထစေခဲ့သူပါ
အဖေဟာ ကျွန်တော့်အတွက်
ဖတ်လို့မကုန်နိုင်တဲ့ သင်ရိုးညွန်းတမ်းတစ်အုပ်လည်းဖြစ်တယ် ....

ဧဒင်ဥယျာဉ်ကြီးရဲ့သာယာမှု
အဖေ ပြုစုပျိုးထောင်ခဲ့တဲ့ မိသားစုလေးကို မှီပါ့မလား
အညီအမျှ ထားတဲ့ အဖေရဲ့ချစ်ခြင်းတွေကြား
ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကြီးထွားခဲ့ရင်း
ဒီနေ့ပေါ့....
အဖေအသက် တစ်တိုးခဲ့ပြန်ပြီ .....
မနက်ဖြန်တိုင်း အဖေကျန်းမာပါစေ ....

ဖြိုးငယ်


မေလ ၁၅ ရက်နေ့တွင်ကျရောက်သော အဖေ့မွေးနေ့အတွက် ကျေးဇူးဆပ်ပါသည် ။ ဖေဖေ သက်တော်ရာကျော် ရှည်ပါစေ ......

Thursday, May 7, 2009

သံသရာဆုတောင်း

10 comments
မုန်းမှာလား သခင်
မေ့ဖို့ပြင်ရင်
ငါ့မျက်နှာကို တစ်ချက်မြင်ပါ
အရင်လို ဒို့နှစ်ယောက်
အတူလျှောက်ဖူးတဲ့လမ်းမှာ
ကျေးငှက်တို့တောင် ရောက်လောက်ပြီပေါ့ ....
ငါတစ်ယောက်တည်းနဲ့
သူတို့ရဲ့နှုတ်ဆက်စကားကို
မဖြေကြားရဲဘူး သခင်ရေ .....

ေ၀၀ါးနေတဲ့ အမြင်နဲ့
သံသယရင်ခွင်ကို ခပ်ကြမ်းကြမ်းနမ်းခဲ့ရင်
အကြင်နာပန်းတွေနွမ်းတယ်
မနက်ဖြန်ရဲ့လမ်းတစ်လျှောက်
ငါ့ကို တစ္ဆေတွေခြောက်လိုက်တာ
အရှေ့ရော အနောက်ရော နေမထွက်ဘူး ....
( ဒါတောင် )
မနေတက် မထိုင်တက် ရင်ခွင်က
အလွမ်းတွေကို နှင်ခဲ့ချင်သေးတယ်လေ .....

တစ်ပတ်နွမ်းတဲ့ မျက်ကန်းရင်ခုန်သံက
ကမ္ဘာတုန်အောင် မစွမ်းနိုင်ခဲ့ဘူး
တစ်ဖက်ကမ်းခတ် မှော်အတက်နဲ့
ငါ့ရင်ဘတ်တစ်ခြမ်းကို
ရူးရူးနှမ်းနှမ်းစွဲလမ်းစေခဲ့ပြီးမှ
လောင် ကျွမ်း ပြာ ကျ
မင်းကတော့ မျက်ရည်တောင် မခခဲ့ဘူး
သက်သေ ဘယ်လိုပြရမလဲ
တကယ်ချစ်ခဲ့တာပါ သခင်ရယ်
အပြစ်လို့မြင်လျှင်မြင်တော့
လိုချင်တဲ့ ဆုတစ်ခု
အကျွန်ုပ်ရင်ထဲ တိတ်တိတ်လေးမောင်းထုထားတယ် ....

သံသရာတစ်ခွင်
ပြန်လည်ကာဆုံချင်ပါသေးတယ်
သံသရာ တစ်ကွေ့
ပြန်လည်ကာဆုံတွေ့ရမယ် သေချာရင်
သံသရာလမ်းတစ်လျှောက်
မင်းခြေရာကောက်ပြီး လိုက်ခဲ့မယ်
မင်းနေရာရောက်မှ
ရေကြည်ရာရှာသောက်ပြီး
မင်းနဲ့အတူ နှစ်ယောက်
ကမ္ဘာပေါ်လမ်းတစ်ပတ်လျှောက်ချင်တယ် ....

ဖြိုးငယ်


Saturday, May 2, 2009

မိုင်တိုင် ( ၂၄ )

11 comments
၂၀၀၉ ခုနှစ် မေလ ၂ရက်
ငါ့အသက်ကို ကမ္ဘာပေါ်စိုက်ခဲ့တာ
မိုင်တိုင် ၂၄ ခုရှိခဲ့ပြီ...

ဖြတ်သန်းလာတဲ့ လမ်းတစ်လျောက်
အမြဲတမ်းတော့ ဘယ်ဖြောင့်ပါ့မလဲ
ဘ၀ဟာ အတွေ့အကောက်မှမပါရင်
ပျင်းဖို့သိပ်ကောင်းတယ်...

မာယာမြိုင်တော ဟောဒီလောကကြီးထဲ
အဖေ့ရဲ့ ခေါက်ရိုးကျိုး မှာတမ်းတွေနဲ့
ကျွန်တော် ရဲရဲကြီး တိုးခဲ့တာပါ အဖေ
နေက ကမ္ဘာကိုပတ်ရင်း
ကျွန်တော် အိမ်က ထွက်ခဲ့တာ
၆နှစ်တောင်တိုင်ခဲ့ပြီး...

ကျွန်တော်ရဲ့ မိုင်တိုင် ၂၄ က
အိမ်နဲ့အဝေးမှာ ဘာတွေဖြစ်ဦးမလဲ
မသိတော့ဘူး အမေ
ကျွန်တော့်ရဲ့ ဇာတာကိုက
အိမ်လွမ်းနာပါနေခဲ့တာလားထင်ရဲ့...

မိုင်တိုင် ၂၄
ကျွန်တော့် ဘေးမှာ ချစ်သူကို ရှိနေစေချင်တာပေါ့
အခြေအနေ အကြောင်းမပေးလို့
အတွေးနဲ့ပဲ မိတ်ဖွဲ့
နောက်တော့လည်း စိတ်နဲ့အစာတဲ့လောက်ရဲ့ ...

သြော် ...
ဘာလိုလို နဲ့ တစ်ဖြည်းဖြည်းဇရာအို
ကျွန်တော်ဆိုတဲ့ကောင်လေ
ဒီနေ့မှာ ၂၄ ဂဏန်းကို
ခပ်ပိုင်ပိုင်နမ်းခဲ့လေပြီ ....

ဖြိုးငယ်






ကောင်းကင်ရင်ခွင် ပွင့်ပြီတဲ့လား
ကိုယ်သာ “ အရောင် ” ဆို
သူမသိအောင် “ မှောင် ” ထားလိုက်မယ်
ဒါပေမဲ့
အလင်းမဲ့ညမှာ နှလုံးသားမှာ
မီးထွန်းစရာ မလိုပါဘူး
သခင့် ပုံရိပ်နဲ့ ထွန်းလင်းနေပါစေ ။
ကိုယ်ဟာ “ တိမ်ဖြူလွှာ ” လေး မဟုတ်လေတော့
လေယူရာ တိုက်ခတ်တိုင်းလည်း
သံယောဇဉ် ကြိုးမျှင်ပါးလေးက
လူးလွန့်လို့တောင် မသွားခဲ့ပါဘူးတဲ့ “ သခင် ” ရေ ...
ကိုယ့်ကိုကိုယ်သာ သီချင်းလေးတစ်ပိုဒ်ဆို
ကိုယ့်သခင်ဆိုညည်းဖို့
သံစဉ်နွေးနွေးလေးတွေ မွေးမြူလို့ထားခဲ့တယ် ။
မေးပါရစေ .. သခင်
နွေရာသီတိတိရဲ့ ပြင်းရှရှညတွေကို ကျော်လွားစေဖို့
သခင် ပေးသနားမှာတဲ့လား ...
တေးမိလေတိုင်း လျှောက်လှမ်းမိတဲ့
လမ်းကလေးကလည်း လွမ်းချင်ပါသတဲ့လေ ... ။
ဆည်းဆာအောက်က ချူံးပွဲချလွမ်းခဲ့သမျှကို
ကျ “ နေ၀န်း ” ကတောင်
အားပေးနေသယောင်ယောင်ပါပဲ .. ။
သူမသိတော့ ... “ သခင် ”ရေ
မျှော်တော်ယောင် ပတ်ပျိုးလေးမှာ
အစချီကတည်းက ရှိုက်သံလေးတွေနဲ့
သီကုံးခဲ့ရတယ် ။
သခင့်ထံမှာ ၀မ်းနည်းဖို့ မဆိုချင်ပါဘူး
မအိုသေးတဲ့ “ ထိုထို ” ညတွေတိုင်းမှာ
အချစ်တွေသာ “ ပျိုပျို ” လို့ ပင်သစ်နေပါတယ်
ကံကြမ္မာဖန်လာသမျှ မာန်ခ၀ါ မချဘူးဆိုတဲ့ သက်သေ
ကိုယ်ဘယ်လိုပြရမလဲ !
ဒီတော့ ပုန်းလျှိုးကွယ်လျှိုး “ အပြုံး ” လေးတွေကို စုဆောင်းလို့
ဒီနေ့လေးမှာ
ကိုယ်ပိုင်တဲ့ ကိုယ့်သခင်အတွက်
ရည်စူးမေတ္တာ ဆုတောင်းစာက
“ .............................. ” လို့ပါသခင် ။ ။


ဒီကဗျာလေးကတော့ တစ်ယောက်သောသူရဲ့မွေးနေ့လက်ဆောင်ဖြစ်ပါတယ် .. ။ ကဗျာလေးကိုလည်း ကြိုက်လို့ တစ်ခါတည်းတင်လိုက်တာပါ .. ။ မွေးနေ့လက်ဆောင်အဖြစ်ပေးချင်လွန်းလို့ ကိုယ်တိုင်မစွမ်း
သော်ညား ဖြစ်မြောက်အောင် ကျွန်တော်နှစ်သက်တဲ့ကဗျာလေးတစ်ပုဒ် ဖြစ်မြောက်အောင် ဖန်တီး
ပေးပို့ပေးတဲ့သူကိုရော .. ရေးသားပေးတဲ့သူကိုပါ အထူးကျေးဇူးတင်ပါတယ်။ ခေါင်းစဉ်လေးကိုတော့
အဆင်ပြေသလိုသာ ပေးလိုက်ကြပါဗျာ ။




 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template