နင့်မျက်လုံးတစ်ချက်အဝေ့မှာ
ကမ္ဘာပေါ်က မီးတောင်အားလုံး ပေါက်ကွဲလုမတက်
တဒုန်းဒုန်း မည်တဲ့ ငါရဲ့ ဘယ်ဘက်ရင်ခွင်ဗုံက
နတ်တို့ရဲ့ စစ်ချီတေး
ကောင်မလေးရေ ...
အိုဇုန်းလွှာကြီးပေါက်ထွက်သွားအောင် နင့်ကိုငါ ချစ်တယ် ... ။
နင်ဟာ ငါ့အတွက်တော့ လကဖွားတဲ့ နတ်သမီး
ပူလောင်ခြင်း မီးတို့ ချုပ်ငြိမ်းရာ
လောကနတ်ရဲ့ သမီးတော်တစ်ပါးလည်း ဖြစ်တယ်...
လမင်းလေးရေ ...
ရေအောက်ကြမ်းပြင် အဝီစိရောက်သွားလောက်အောင် နင့်ကိုငါချစ်တယ် ....။
နင့်အချစ်တွေက ငါ့ကမ္ဘာအတွက်
ညဘက်ပါလင်းတဲ့ နေမင်း
နွေးထွေးခြင်း အပြည့်နဲ့ကောင်းကင်
နတ်ဆိုးတို့ မဝင်နိုင်တဲ့ မြို့တော်
ဧဒင်ထက်ပျော်စရာကောင်းတဲ့ ဥယျာဉ်
ဖန်ဆင်းရှင်မလေးရေ ....
ကမ္ဘာကြီးတုန်သွားအောင် နင့်ကိုငါချစ်တယ် .....။
နင့်ရယ်သံတစ်ချက်မှာ
ဓါတုဗေဒ သဘောတရားမဖက်ပဲ
ငါ့နှလုံးသား အရည်တွေပျော်ကုန်တယ်
နင်ဟာ သိုးမည်းတစ်ကောင်ကို အရောင်ပြောင်းနိုင်တဲ့
မှော်အောင်ထားသူပေါ့ ...
ချစ်သူရေ ....
သက်ရှိတွေအားလုံးထက် နင့်ကိုငါချစ်တယ် .....။
သဲလွန်းတယ် မပြောကြပါနဲ့
နိုဗယ်လ် ဆုထဲမှာတောင် အချစ်နဲ့ ပတ်သတ်တာ မပါလို့
နို့မဟုတ်ရင် ....
နင်နဲ့ ဆက်စပ်သမျှ အဲဒီဆုကို ငါပဲရလိမ့်မယ်
မာယာမဲ့ ဒေဝီရေ ...
လကမ္ဘာထက် နင့်ကိုငါချစ်တယ် .....။
ငါ့လက်ကို ကိုက်လည်း ကိုက်စေတော့
ဖမ်းမိထားတဲ့ ရွှေငါးလေးကို
ဘယ်တော့မှ ပြန်မလွတ်တော့ဘူး
ငါ့လက်ခုပ်လေးထဲမှာ နင့်နန်းတော်ကိုတည်ဆောက်ပါ
အသဲသခင်မရေ ...
စင်္ကြာဝဠာအထိ လွင့်ထွက်သွားလောက်အောင် နင့်ကိုငါချစ်တယ် ....။
အိုးနင်းခွက်နင်း ကံကြမ္မာနဲ့
ခြောက်ကပ်တဲ့ ငါ့ဘ၀က
နင့်ကြောင့် ပန်းတို့ပျော်တဲ့တော ဖြစ်ခဲ့ပြီ
ငါ့ရင်ခွင်ထက်မှာလည်း နင်တစ်ပွင့်တည်း ရိုက်ကပ်
ထာဝရအတွက်ပေါ့
ရင်ငြိမ်းပန်းလေးရေ ...
ကမ္ဘာမြေတစ်လျှောက်
ပန်းတွေပေါက်သွားလောက်အောင် နင့်ကိုငါချစ်တယ် ....။

ဖြိုးငယ်