Wednesday, December 31, 2008

မင်္ဂလာနှစ်သစ်၂၀၀၉

7 comments





အားလုံးပျော်ရွင်ကောင်းသော နှစ်သစ်ဖြစ်ပါစေဗျာ ... ဒီနှစ်သစ်မှာ ကျွန်တော့် အကြိုက်ဆုံး New Year သီချင်းလေးကိုနဲ့ပဲ
ကြိုဆိုလိုက်ပါတယ် ။ နောက်ပြီး အမေ့အလွမ်း ကဗျာလေးတစ်ပုဒ်နဲ့ နှစ်သစ်ကို ကြိုဆိုပြီး မိဘနှစ်ပါးကို ရှိခိုးလိုက်ပါတယ် ။
အားလုံးသော သူငယ်ချင်း ညီအကိုမောင်နှမ အားလုံးလည်း နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်
ပါတယ် ။ အားလုံး ပျော်ရွင်ကြပါစေ ။ ကျွန်တော်ကဗျာလေးကို ခံစားရင်း နှစ်သစ်ကို ကြိုဆိုလိုက်ကြရအောင်ဗျာ ... ။

နှစ်ကူးပြီအမေ ...

ဒါပေမဲ့ သားရင်ထဲ အသစ်မဖြစ်ဘူး ..
အရူးတစ်ယောက်လို
မူးနောက်စွာနဲ့
အဝေးရောက်သား
နှစ်သစ်ရောက်လည်း
အလွမ်းတို့ မပျောက်ပါဘူးအမေ ...

နှင်းသောက်လို့ ပန်းတွေဝေ
နှင်းပျောက်လို့ ပန်းတွေကြွေ
နှင်းခလို့ လမ်းတွေဖွေး
နှင်းကျလို့ လမ်းတွေအေး
နှင်းရေးတဲ့ တေးသံသာ
နှင်းမပါတဲ့ ကျွန်တော့်စာမျက်နှာမှာလည်း
အလွမ်းကဗျာတွေချည်းပါပဲအမေ ....

အလှမ်းအကွာအဝေးမှာ
မှန်းကာတွေး သတိတွေရ
အလွမ်းနေ့ညတွေ ကျော်လွန်ဖြတ်
တစ်မနက်ပြီး တစ်မနက်မှာ
အမေ့ကိုပဲ အလွမ်းတွေထပ်နေမိတယ် ....

ကျွန်တော်လွန်မိသလား
သေချာပြန်စဉ်းစားလည်း
မရေမရာ အငြင်းပွားရသလို
တစ်ယောက်တည်း အပျင်းဖျား
နေ့တွေညတွေ ရင်းထားလိုက်ရတာ
ကမ္ဘာတောင်နေကို တစ်ပတ်ထပ်ပတ်တာတောင်
ကျွန်တော့်အလွမ်းတွေ မရပ်သေးပါလားအမေ .....

ကျွန်တော်နေ နေတဲ့ကမ္ဘာတစ်ခြမ်း
မော်စကိုရဲ့လမ်းတွေမှာ
နှင်းမှုန်တွေပက်ဖြန်း
ရောင်စုံမီးပန်းတွေနဲ့
နှစ်သစ်ကို လှမ်းကြို
အရာရာ အလှပိုနေပေမဲ့
ကျွန်တော်လိုချင်တဲ့ အိပ်မက်
အဲဒီထက် အဆပေါင်းများစွာ နက်တယ်
အမေ့ရဲ့ရင်ခွင်ထက်မှာ
ခဏတာမှေးစက်ရင်း
နှစ်သစ်ကိုသာကြိုရမယ်ဆို ...
အို.....
လောက အလှတရား
အသင် အကျွန်ုပ်အား ယှဉ်ပြိုင်နိုင်ဝံ့အံ့ ... ။


ဖြိုးငယ်

မှတ်ချက်
။ ။ ဒီကဗျာကို ညီလေး အလင်းရောင်က အကူအညီတောင်းလို့ ရေးပေးရင်း ကျွန်တော် ဆီမှာပါ တင်လိုက်တာပါ

Tuesday, December 30, 2008

MYANMAR GENIUS

1 comments


စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်...။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက်စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်...။

ထို့ကြောင့် ကျွန်တော်တို့ သိထား၊ တတ်ထားသည်များကို ဝေမျှရန်၊ မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြနိုင်စေရန်အတွက် ကျွန်တော်တို့ ရဲ့ Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်...။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့ ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင်ကြိုးစားရင်း မိမိတို့ရဲ့ တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့ Myanmar Genius ၀ိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။

ကျွန်တော်တို့ ရဲ့ Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်...။

Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) - Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+ FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3, Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။


တိုးတက်သာယာ

ကမ္ဘာ့ရွာမှာ

ခြေလှမ်းနောက်ချန်

မကျန်စေဖို့

ပေးဝေယူငှ

ဖလှယ်ကြရင်း

တိုးပွားပညာ

ကျိုးများစေဖို့

MYANMAR GENIUS

လက်ကမ်းလျှက်ပါ

လှမ်းလာလေတော့ ဆွေသဟာ.......


ဖြိုးငယ်

Thursday, December 18, 2008

ဒီဇင်ဘာအလွမ်း - ၆

10 comments

အမြဲမပြတ်
မအားလပ်လည်း
သံယောဇဉ်ရယ်
အမြစ်တွယ်လို့
ဒီဇင်ဘာငယ်
ဒီဆောင်းလည်မှာ
ဒီမောင်တစ်ယောက်
ခြေရာဖျောက်လည်း
နှင်းတို့နောက်က
ကပ်တွယ်ဆဲမို့
ရင်ထဲဖယ်ခွာ ခဲလှ၏ ။....


ဖြိုးငယ်

Wednesday, December 17, 2008

နေကြာရိုင်းတို့ပွင့်တဲ့နေ့

4 comments

ဘာရယ်မဟုတ်ပါဘူးဗျာ .. ကြေငြာလေးတစ်ခုလောက်ထည့်ချင်လို့ပါ ... ဒီနေ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ဟာ .. ကျွန်တော်တို့တွေဘ၀မှာ မမေ့နိုင်နေ့လေးတွေထဲက တစ်နေ့ဆိုရင်လည်း မမှားနိုင်ပါဘူး ..
အဲဒီလို အမှတ်တရ နေ့လေးမှာ ကျွန်တော်တို့ ညီအကိုတွေ စုဝေးတိုင်ပင်ထားတဲ့အတိုင်း အမှတ်တရ တစ်ခု
ကို ထပ်မံ အကောင်အထည်ဖော်ခဲ့နိုင်ပါပြီ ... ကျွန်တော်တို့ရဲ့ ရင်ထဲက အနုပညာ သက်သက် လေးတွေကို
မျှဝေခံစားစေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ အကောင်အထည်ဖော်ခဲ့တဲ့ နေကြာရိုင်း တို့ ဒီနေ့ ၀င့်ဝင့်စွားစွား
ပွင့်လန်းလာခဲ့ပါပြီ .. စာပေ အနုပညာကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်းအားလုံးကိုလည်း ဖိတ်ခေါ်ပါတယ် ..
ကျွန်တော်တို့နေကြာရိုင်း ဆီသို့ လာရောက်ဖတ်ရှု့ ဝေဖန်သုံးသပ် ခံစားကြပါဦးလို့ ဖတ်ခေါ်ရင်း ....



မြူနှင်းဆောင်းမှာကြွေလေသည်....

ငါ့နှလုံးသားဆေးထိတယ်
ဘာတွေဖြစ်မှန်းမသိခဲ့ဘူး
ရင်ခွင်ထဲက ဆည်းလည်း
အသည်းအမည်း မဟုတ်တဲ့ လေညင်းထိုး
သူမရဲ့ တန်ခိုးတွေကြောင့်
တိုးတိုးလေးမြည်သွားတယ်....
--------------------- ။ --------------------

“ အဲလူကြီးကလည်း ဘာမှန်းမသိဘူး......စောစောကတော့မပြောဘူး..ဟွန်း …..”
“ ဟာ အခုမှတွေ့လို့ စေတနာနဲ့ လာပြောတာကို ရန်တွေ့တယ်.. စေတနာကို
စော်ကားတယ်..တော်ပြီကွာ….Feel ဖြစ်တယ်..သွားမယ်…”
“ အာ…အဲလိုပြောတာ မဟုတ်ပါဘူး….”
---------------------- ။ ----------------------

( ၁ )

ဝဿန်ကာလမို့ မိုးတို့က တဖွဲဖွဲ ရွာနေသေးသည် ။ မသည်းပဲ ဖွဲနေရတဲ့ မိုးက တာဝန်အရ
လည်နေရသော နာရီလက်တံကြီးနှယ် ပျင်းအိနွဲ့ပျောင်း သာယာဖွယ်မကောင်းလှ ။ မိုးနှောင်းတော့ပေမို့ အားလျော့တဲ့
အဖိုးအိုသဖွယ် တန်ခိုးတို့ပြယ်စပြုနေလေပြီ….။ မိုးတို့က ကြည့်နေရင်းနှင့်ပင် အစွမ်းတို့ ကုန်သွားလေပြီ…။
“ ဟေ့ကောင် အာကာ…ဘာတွေ ကသိုဏ်းရှု့နေတာလဲကွ….”
အသံလာရာဆီ ကြည့်လိုက်တော့ ကျွန်တော့်သူငယ်ချင်းမိုးယံ….။
“ အေး…ပျင်းနေတာကွ..ဘာလုပ်ရမှန်းမသိဘူး…..”
“သိနေတယ်လေ…..ဒိုးကြမယ်”
“ဘယ်ကိုလဲ”
“ မြို့ထဲ စက်ဘီးစီးထွက်မယ်လေကွာ….လန်းသွားအောင်ပေါ့…..”
“အင်း …. ကောင်းသားပဲ……..”
ဒါမျိုးဆိုလျင် မိုးယံနှင့်ကျွန်တော် ၂ ခါ အဖော်မညှိရ….။ မိုးယံက ကျွန်တော့် အချစ်ဆုံးသူငယ်ချင်း….ညီအကိုလိုပင်…။
နှစ်ယောက်သား စက်ဘီးကိုယ်စီနှင့် …… ။
“စောစောက မိုးရွာတယ်…အခုကျတော့ နေက ပြန်ထွက်လာတယ်…..စိတ်ပျက်ဖို့ကောင်းလိုက်တာ…”
မိုးယံက မကျေမနပ် ညီးတွားသည်..။
“ မင်းကလည်းကွာ..အဲဒါကောင်းတာပေါ့….မိုးရွာပြီးစ နေထွက်တော့ စောစောက မိုးရွာလို့
တင်နေတဲ့ မိုးစက်အငွေ့အသက်လေးတွေက နေရောင်အောက်မှာ လက်လက် လက်လက် နဲ့ ဘယ်လောက်လှလဲ..”
“ ဟုတ်ပါပြီကွာ….မင်းက ကဗျာ ဆရာ ဆိုတော့ ခံစားတက်မှာပေါ့ ”
“ဟာ… မဆိုင်ဘူးကွ … ဘယ်သူပဲဖြစ်ဖြစ် လောက ကြီးရဲ့ အလှတရားကို မြင်အောင်
ကြည့်တက်ရင် မြင်တာပဲလေကွာ …. ကဗျာဆရာမှာ အသဲနှလုံး တစ်ခု အပိုမပါ ပါဘူးကွာ ….”
“ဟုတ်ပါတယ် အာကာရယ် …. ကဗျာဆရာနဲ့ စကားပြိုင်ပြောမိတာကိုက
ကျွန်တော်မျိုးမှားတာပါ ”
မိုးယံက ရယ်ရယ်မောမော နှင့် ပြောသည် ။
“ အေး … စောစောစီးစီး တည်းက သိသင့်တယ် … နေဦး မှားနေတာ တစ်ခု ရှိသေးတယ် ..
ငါက ကဗျာဆရာမဟုတ်ဘူးကွ … ကဗျာသမား …. ကဗျာကို ၀ါသနာပါလို့ မြတ်နိုးလို့ ရေးတယ် .. ဖတ်တယ်..
အဲဒါ ကဗျာဝါသနာအိုး .. အဲ .. ဒါမှမဟုတ်ရင် ကဗျာသမား လို့ပဲ ခေါ်လို့ရတယ် … ကဗျာဆရာ မဖြစ်သေးဘူး …
ရှင်းပြီလား …”
ကျွန်တော်က ဆရာကြီးလေသံနှင့် ရှင်းပြသော်လည်း စိတ်ပျက်နေသော မျက်နှာထားဖြင့် မိုးယံက
“ ဟာ… တော်ပါပြီ ဆရာသမားရယ် .. ရှုပ်နေတာပဲ .. ဘာတွေမှန်းကို မသိတော့ဘူး ….”
“ ဟား … ဟား .. ဟား…”
စကားတစ်ပြောပြောနှင့် သူငယ်ချင်း ၂ ယောက် ဘီးဦးတည့်ရာ လွတ်လပ်စွာ ပျံသန်းလာသော ငှက်ကလေးများ သဖွယ်
ပေါ့ပါး ပျော်ရွှင်ဖွယ် ။ .. ဒါက အလုပ်မရှိလျှင် ကျွန်တော်တို့ သူငယ်ချင်း ၂ယောက် လုပ်နေကျ စိတ်အပန်းဖြေမှုတစ်ခုပင်..
“ အကို ”
ရုတ်တရက် မျက်နှာချင်းဆိုင်မှ လာသော သူရိန်၏ အသံ …
“ လွင်အောင် ကိုတွေ့မိသေးလား အကိုတို့ ”
“အင်း …. မတွေ့မိဘူး … ဘာကိစ္စတွေ အရေးကြီးနေတာလဲ ရန်နိုင် ”
“ မဟုတ်ပါဘူးဗျာ … ဒီမှာလေ … ကျွန်တော့်ကို အပူကပ်ပြီး လိုက်ရှာခိုင်းနေတာ …
တွေ့ရင်လည်း ပြောပါဦးဗျာ …”
သူရိန်က ပြောပြောဆိုဆိုနှင့် မေးငေါ့ ပြလိုက်သော နေရာကိုကြည့်လိုက်တော့ သူ့ကယ်ရီယာ နောက်မှာ ဂျစ်ကန်ကန်
စတိုင်လေးနဲ့ ဖန်စီကျသည်ဟု ထင်ရသော ကောင်မလေး တစ်ယောက် … ပေကပ်ကပ် ပုံစံလေးနှင့် ပြန်ကြည့်သည် ။

ဒီမှာ ဆက်လျှက်အားပေးပါဦးဗျာ .....

ဖြိုးငယ်

Tuesday, December 16, 2008

ငါတို့ဆီမှာ ခေါင်းတစ်လုံးစီ ထပ်ထွက်တဲ့နေ့

8 comments
ဤကဗျာဖြင့် အမှတ်စဉ် ( ၄၇ )မှ အရာရှိများအား ဂုဏ်ပြုပါသည် ။ ။ ။
အမြီးရှည်ခေါင်းထွက်ဖို့
လောကဓါတ် ၀န်းကျင်မှာ
ပုထုဇဉ် လူသားတို့
မရပ်မနား အားထုတ်ကြရင်း
သူငယ်ချင်းတို့ရေ …
ဒီနေ့ ငါတို့ဆီမှာ ခေါင်းတစ်လုံးစီ ထပ်ထွက်ကြပြီ …

မပျက်တမ်း အသုံးချနေရတဲ့ ဦးနှောက်
တစ်တောက်တောက် ကျခဲ့ရတဲ့ ချွေးတွေ
အဝေးမှာ နေရတဲ့ ဒုက္ခ
ရင်းနှီးမှု အနန္တ
ပေးဆပ်မှုတွေနဲ့မှ
ရရှိလာတဲ့ အကျိုးဆက်
ငါတို့တွေ တန်ဖိုးထားတက်ရမယ် ….

ဒီဇင်ဘာရဲ့ ၁၇ ရက်
ငါတို့ရဲ့ ရင်ဘတ်ထဲမှာ အမှတ်တရ
အချိန်ကာလတစ်ခုကို နောက်ပြန်တွေး
လွန်ခဲ့တဲ့ လေးနှစ်တုန်းကလည်း
ငါတို့ရဲ့ အသွေးအသားထဲမှာ
သမိုင်းတွေ စ ရေးပေးခဲ့သေးတယ် ….

အပြောလွယ်သလောက် အနေခက်တဲ့
လောကရဲ့ တိုက်ချက် တိုက်ကွက်တွေကြား
အနေအစား တက်အောင် လှုပ်ရှား
မှားသွားတာတွေ ရှိသလို
မှန်ထားတာတွေလည်း ရှိတယ်
ငါတို့ အသိတရား ထဲမှာ
ထာဝရ သိထားရမှာက
ပုခုံးပေါ်က ၀န်
ကျေပွန်အောင် ပြင်ဆင်ဖို့ပဲ …

ငါတို့အမြင်ထဲမှာ
၄၇ ရဲ့ဂုဏ်အင်တွေ တစ်ပုံတစ်ပင်
အကုန်အစင် ပြောရရင်
ပုံပြင်မဟုတ်တဲ့ အတိတ်သမိုင်းမှာ
တစ်စိတ်တစ်ပိုင်းပဲပြောပြော …
ဟော .. ကြည့်လိုက် …
ငါတို့တွေ ကွန်းခိုခဲ့တဲ့
စစ်တက္ကသိုလ် ကျွန်းညိုကြီးမှာ
စည်းလုံးမှုတွေ ပိုခဲ့ကြတယ် ……

အနာဂါတ်လမ်း ချိုစေဖို့
တို့ညီအကိုတွေ ပေါင်းစုစွမ်းနဲ့
နိုင်ငံတစ်ဝမ်း အေးချမ်းစေမယ်
၄၇ ရဲ့ပန်းတွေ လှိုင်လှိုင်ပွင့်လို့
နိုင်ငံတင့် ငြိမ်းချမ်းဖို့
မသွေတမ်းပေါ့
သူငယ်ချင်းတို့ရေ ….
ငါတို့ ကမ်းလက်တွေ
ထာဝရ လှမ်းဆက်ထားကြပါစို့ …..

ဖြိုးငယ်

Wednesday, December 10, 2008

ဒီဇင်ဘာအလွမ်း - ၅

13 comments

ဒီဇင်ဘာရေ ...
လွမ်းရေးထက် ၀မ်းရေး မခက်ပေမဲ့
စာမေးပွဲတွေ ဆက်နေတယ် ...
( ဒါပေမဲ့လည်း ... )
အလှမ်းဝေးတဲ့ ပန်းကလေးအတွက်
လွမ်းတေးကို အခန်းလေးထဲမှာဆို
ငိုနေတဲ့ နှင်းတွေကိုငေး
( ကျွန်တော်လေ ..... )
ကမ္ဘာတစ်ခြမ်းက ချစ်သူအကြောင်းပဲ တွေးနေမိတယ် .....



Monday, December 8, 2008

ဒီဇင်ဘာအလွမ်း - ၎

10 comments

တစ်ခန်းရပ် ပြဇာတ်တစ်ခုလား
အလွမ်းရဲ့ ပြကွက်တစ်ခုလား
အချမ်းရဲ့ မျက်လှည့်တစ်ခုလား
လွမ်းနာတွေ စုနေတဲ့လူမမာ တစ်ယောက်လို့
ဘယ်ဆရာ ဘယ်ဆေးမှ ကယ်စရာ ဝေးလို့
သူတို့တွေ လက်မှိုင်ငေး နေကြပြီ ...
တစ်ကယ်ပါ ဗျာ .. ကျွန်တော်လေ
အဝေးက ချစ်သူအတွက်ပဲ ရင်လေးမိပါတယ် .....



ဖြိုးငယ်


Sunday, December 7, 2008

ဒီဇင်ဘာအလွမ်း - ၃

9 comments

ဖောက်လွဲဖောက်ပြန် ရာသီက
ဒီဌာနီမှာ နှင်းမကျဘူး ....
နှင်းမခ မပေမဲ့
လမ်းမထက်မှာ အချမ်းဓါတ်လေးနဲ့မို့
အလွမ်းဖက်မိပါတယ်
ဒီဇင်ဘာရဲ့ အငွေ့အသက်ရေ ...
ကျွန်တော့်ဘက်က လွန်ပါသလော ....

ဖြိုးငယ်


Thursday, December 4, 2008

ဒီဇင်ဘာ အလွမ်း - ၂

11 comments

အငဲက တစ်လှည့်
မေစပယ်ညိုက တစ်ခါ
အာဇာနည်က တစ်မျိုး
လင်းနစ်က တစ်ဖုံ
ပညာစုံ တန်ခိုးပြကြတာ
နှင်းမပါတဲ့ ဒီဇင်ဘာမှာတောင်
ငါ့ရင်မှာ ဟာတာတာ ဖြစ်နေရဲ့ ....

ဒီဇင်ဘာရေ ...
လူတွေက မေးကြတယ်
မင်းရောက်တဲ့ အခါ
ဘာကြောင့်များလွမ်းကြလဲတဲ့
ငါ့ဘယ်လိုဖြေရမလဲကွာ .....



ဖြိုးငယ်

Wednesday, December 3, 2008

ဒီဇင်ဘာ အလွမ်း - ၁

8 comments
အတွင်းရော အပြင်ပါ ဝေဒနာနဲ့မို့
ဒီဇင်ဘာရေ ...
မင်းပြု သမျှပေါ့ ...
တကယ်တော့ ငါက
အလွမ်းတွေပဲ ပေးတဲ့
အဲဒီနှင်းတွေကို လက်ကမ်းကြိုမိတဲ့ကောင်ပါ ....


ဖြိုးငယ်


Saturday, November 29, 2008

နိုဝင်ဘာ အလွမ်း

7 comments


နိုဝင်ဘာရဲ့လေပြေတွေ တိုက်စားသွားလိုက်ပုံများ
ငါ့ရင်ခွင်မှာ အလွမ်းတွေပဲ ခြေရာကျန်ခဲ့တယ်
မတန်မရာ ကျတော့မဲ့ နှင်းတို့အတွက်
ခွန်အားမျှပါ ချစ်သူ .....

ပုရွက်ဆိတ် တစ်ကောင်လို
ကြိုတင်စု စရာမလိုပဲ
နှင်းတွေလို တစ်ဖွဲဖွဲ
အလွမ်းတွေ ငါ့ရင်မှာ သည်းနေတယ် ....

ကမ္ဘာကြီးတစ်ကယ်လုံးရဲ့လား မသိပေမဲ့
နဂါးငွေ့တန်းအထိ ငါ့အလွမ်းတွေ ရှိတယ်
သိုးကျောင်းသား တစ်ယောက်လို ဘာမှမသိပေမဲ့
အလွမ်းတွေ တော့ ရှိသင့်ပါရဲ့ .....

ပျက်မယ်ဆိုလည်း ပျက်လိုက်ပါတော့ ကမ္ဘာရယ်
မင်းလည်း နွေမိုးဆောင်း ပြောင်းရတာ ပင်ပန်းသလို
ငါလည်း အလွမ်းတွေ ထမ်းထားရတာ စိတ်နွမ်းတယ်
နောက်ကမ္ဘာမှာတော့ အလွမ်းတွေထဲ စဲ လောက်ပါရဲ့ ....

နှင်းမှုန်တွေဖြန်ကျက်
နှင်းချပ်တွေ ခင်ထားတဲ့ နှင်းကမ္ဘာထဲ
မင်းမပါပဲ တစ်ယောက်တည်းလျှောက်
ငါ့ဘ၀က ခြောက်လွန်းတယ် ချစ်သူ...

ငါ့ရင်ကို လန်းဆန်းအောင်
နှင်းတွေလည်း မစွမ်းနိုင်ဘူး
အလွမ်းတွေပဲ ထပ်ထပ်ပေး
နည်းနည်းလေးမှ မသနားကြဘူး ....

အပျင်းပြေမဟုတ်ပါဘူး
အလွမ်းကျေမလားလို့
နှင်းတွေကို သက်သေပြု
ရင်ခွင်မှာ ကဗျာတို့ ထုဆစ်မိတာပါ ...

နိုဝင်ဘာနဲ့ ဒီဆောင်း
ရင်ခွင်ဗလာမှာ အက်ကြောင်း
ဒီနှင်းထုနဲ့ ဒီအလွမ်း
သြော် ....
ဘယ်တော့များမှ တစ်ခန်းရပ်နိုင်ပါ့မလဲဗျာ ...




ဖြိုးငယ်


Wednesday, November 26, 2008

လက်ကမ်းလင့်တော့

10 comments


တိတ်တခိုး အကြင်နာနဲ့
မေတ္တာတွေ နှစ်ကြာရှည်
ချစ်တာတွေ မင်းမသိခဲ့
ရင်ထဲမှ မင်းမကြည့်တာ

မမြင်လည်း သိနိုင်ရဲ့
သစ္စာခိုင် မေတ္တာလမ်းမှာ
အချစ်ပန်းတစ်ပွင့်မျှ
လက်ကမ်းလင့်ပါတော့ ချစ်သူရယ်


Sunday, November 9, 2008

ထွက်ပေါက်

11 comments

ဧဒင်မှာ ဧ၀ တစ်ယောက်တည်း မို့
အာဒံအဖို့ ရင်ခုန်တာ မဆန်းပေမဲ့
လျှမ်းလျှမ်းတောက် မိန်းကလေးတွေပေါတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်သာ ချစ်မိတဲ့ ငါက ရူးနှမ်းနေလို့လား .....

ဦးကျည်ပွေ့မှာတောင် အတက်ထွက်ခဲ့သေးတာပဲ
ငါ့ရင်ဘတ်မှာလဲ ဖြတ်ထုတ်ရခက်
အတက် တစ်ခု ထွက်ခဲ့ပြီလေ
မင်းကြောင့်ပေါ့ မိန်းကလေးရယ် ...

အားမတန် မာန်လျှော့ ဆိုပေမဲ့
အသွားအပြန်တော့ ရှိသင့်ရဲ့
မနက်ဖြန်ဆိုတာ ဘာမှန်း မသိတဲ့ဘ၀မှာ
အသေအချာ ရှိတာက အလွမ်းစုတို့ ...

အနမ်းပြုဖို့အားယူထားတဲ့ ပါးပြင်ကို တမ်းတ
အဲဒီ အချမ်းညတွေ အတွက်
အခန်းဝကိုပဲ ထွက်အော်ရမလား
အနာဂတ်ကိုပဲ တွက်မျှော်ရမလား ....

ရင်နဲ့ မချိအောင်ခံစားရပါတယ်ဆိုမှ
သူမ မသိတာ ဆိုးလိုက်တာ
ဘာကိုမှ ယိုးမယ်မဖွဲ့တော့ပါဘူး
အဲဒီမီးခိုးငွေ့တွေကြား ဒီညကုန်သွားပါရစေ ....

ဘာမှ မထားချင်ဘူး
ရပင့်နဲ့ ဝေးနေတဲ့ဘ၀မို့
ရရစ်ကို အဖော်ညှိ
ဓါးစာခံ အဖြူရောင် နတ်သမီးတို့ သိတယ် ....

တောင်းပန်ပါတယ်ဗျာ
ရင်ထဲမှာ ဗြောင်းဆန်နေသမို့
ကဗျာတို့ ရေးမိပါတယ်
နားလည်ကြည့်ပေးပါ ပရိတ်သတ်ကြီးရယ် ....



Saturday, November 8, 2008

လမင်းကို ရိုက်ချင်သူ

10 comments

တစ်ဖွာပြီး တစ်ဖွာရှိုက်မိတဲ့ မီးခိုးငွေ့တွေကြား
အလွမ်းတွေပါးသွားရင် ကောင်းမယ် ...
ငါ့စိတ်ကို ခုနှစ်ခု ကွဲသွားမလားလို့
သူ့ကို လက်တွဲကြည့်ပါတယ်
နောက်ဆုံးတော့ ပြာတွေပဲ ရှိတယ် .....

ငါ မသိခဲ့ဘူး
ကြယ်တွေမရှိတဲ့ ကောင်းကင်မှာ
သူမ မျက်နှာ မထင်မှန်း
ငါသိသိရက်နဲ့ ဘာကြောင့်လှမ်းကြည့်နေမိလဲ ....

လမင်းရေ ..
မင်းက လူကြမ်းပဲ
ငါလွမ်းမှန်း သိနေတာတောင်
မင်းက တစ်ခြမ်းပဲ ရှိတယ် ...

မင်းသိရဲ့လား
ငါ့ချစ်သူ ငါ့ကိုနမ်းဖို့
မင်းကို လှမ်းကြည့်ချိန်
မင်းဆီမှာ ငါမရှိရင်
အပြစ်ဒဏ်ထိလိမ့်မယ် ....

တကယ်ဆို
လွမ်းရစ်သမျှ ပြေအောင်
လပြည့်ည တွေပဲဖြစ်သင့်တာပေါ့
အခုတော့
ဒီရေတွေလည်း စိတ်ဆိုး
တိတ်တခိုးနဲ့ ငိုရှိုက်
ငါလည်း မီးခိုးတွေကြားခေါင်းစိုက်
လမင်းကို တစ်ချက်ရိုက်ချင်တယ်
ငါရူးရူးမိုက်မိုက် လွမ်းပါရစေ ....



ဖြိုးငယ်


Thursday, November 6, 2008

လွမ်း

8 comments

လွမ်းရသူရေ ...
လွမ်းရိပ်တဝေေ၀
လွမ်းအတိတ်တွေနဲ့
လွမ်းစိတ်တွေ မပြေနိုင်ဘူး
လွမ်းစိတ်နဲ့ မော ...

လွမ်းမိုးတွေတစ်ဖွဲဖွဲရွာ
လွမ်းမောစရာ
လွမ်းရာသီထဲ
လွမ်းတေးတွေဆိုညီး
လွမ်းမီးတွေရင်ထဲတောက်
လွမ်းလောက်တဲ့ အနမ်းတွေနဲ့
လွမ်းသောက်ထားတဲ့ မနက်ခင်းမှာ
လွမ်းရင်းနဲ့ ဆွေး ....



ဖြိုးငယ်

မှတ်ချက် ။ ။ အခုတလောရေးဖြစ်တဲ့ ကဗျာတွေကို ဖတ်ပြီး .. ကျွန်တော့်ကို ဘာဖြစ်နေတာလဲ .. အသဲကွဲနေတာလား .. မေးနေတဲ့သူ မနည်းပါဘူး .. ကျွန်တော် ဘာမှ မဖြစ်ပါဘူး .. ဖြိုးငယ် တကယ် ဘာမှ မဖြစ်ပါဘူး .. ကျွန်တော်က စိတ်ကူးပေါက်ရင်လည်း ပေါက်သလိုရေးတက်ပါတယ် ... အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ .. အခုကဗျာလေးကို ရေးထားတာကြာပါပြီ .. ကျွန်တော် ဘလော့ မလုပ်ခင်တည်းကပေါ့ ... ဘလော့မှာ မတင်ဖူးသေးလို့ အခုတင်လိုက်တာပါ ... အသဲကွဲတာတွေ မလုပ်ပါနဲ့ဆိုတဲ့ ကျွန်တော့် သူငယ်ချင်းကဗျာဆရာ ဖတ်ဖို့ပေါ့ဗျာ ..:P .. အခုလောလောဆယ် ဘာမှ မရေးနိုင်သေးလို့ပါဗျာ .. နားလည်ရင်း အားပေးကြပါဗျာ .. ကျွန်တော့်ကို ဂရုတစိုက်မေးမြန်းကြသော သူငယ်ချင်းများအားလုံး နဲ့
လာရောက် ခံစားကြသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ ...

Monday, November 3, 2008

ငါမသိဘူး

9 comments

အနှေးကွက်တွေပဲ ပြနေတဲ့ action ကား
တိတ်တွေကုန်သွားတာပဲ အဖတ်တင်တယ်
မျက်ရည်မြင်မှာ သက်သေထင်တာလား
ဟေ့ဒီမှာ ငါ့ရင်ကိုခွဲ
ပုပ်နေတဲ့ အသည်းနှလုံး
မင်းမုန်းသွားလို့ ဖြစ်မှာပါ ...

အောင်မြင်ခြင်းမှတ်တိုင်မှာ
ကျရှုံးခြင်းလက်မှတ်ကိုင်ရတဲ့ ငါ
အဲဒီအခါမှာ ရွာတဲ့မိုးကို
ဘယ်လိုများ ကဗျည်းထိုးကြဦးမှာလဲ.....

ဖြိုးငယ်


Thursday, October 30, 2008

နတ်သမီးအတွက် ကြိုးဖြုတ်ထားတဲ့ဂစ်တာ

10 comments

ဘကြီးအောင် မညာခဲ့ပါဘူး
ဒါပေမဲ့ ...
ငါရလိုက်တဲ့ ရွှေရုပ်က
စိတ်နှစ်ခွနဲ့ နတ်သမီး ....

မီးတစ်ဖက် ရေတစ်ဖက်
ငါက ရေတစ်စက်ပေမဲ့
သူမက မီးဘက်ကို ကြိုက်တဲ့သူ .....

ရေများရေနိုင် မီးများမီးနိုင် ဆိုပေမဲ့
ငါ့ရဲ့ မေတ္တာရေ အနန္တက
ဘာ့အတွက် မီးတစ်စ ကို မကျော်နိုင်တာလဲ .....

ပျော်သည့် အခါ ပြုံး၍
မုန်းသည့် အခါ မငိုပါနဲ့ မိန်းကလေး
ပေးခဲ့မိတဲ့ နှလုံးသားကို စာနာပါ ....

သာယာတဲ့အခါ ငါ့ကိုမေ့
ဒုက္ခတွေ့မှ တမ်းတပါ
လွမ်းရမှာကို ငါကြောက်တယ် ...

အနမ်းတွေ ခဏ ခဏ ချွေရပေမဲ့
ပန်းတွေ ကြွေကြွေကျ သလို
ရင်ခွင်မှာလည်း နွမ်းလျှကြေ...

မင်းနှုတ်ခမ်းဝမှာ သန္ဓေတည်လာတဲ့ စကားတို့က
တစ်ခြားတစ်ယောက်အတွက်ဝေတဲ့ သောက
ငါ့ရင်ဝ ကိုလည်း ခဏလောက်တော့ ကြည့်သင့်တယ် .....

မချိတင်ကဲ အမိရင်ထဲက ဝေဒနာ
ဖြေသာအောင် ဆေးတစ်ခွက်
မပေးတက်ခဲ့တာလည်း ငါ့ လိုအပ်ချက်ပါ ....

အငိုမျက်လုံး အပြုံးမျက်နှာ
မမြင်ချင်ဆုံး အဆုံးတစ်သက်တာ
ငါးစိမ်းလိုချင် ငါးကင်တော့ ပစ်ပါ ...

ငါးစိမ်းကို တပ်မက်
ငါးကင်ကို တွယ်ဖက်
မင်းအတွက် ရင်လေးတယ် ....

နှလုံးသားပေးကာ ချစ်ခဲ့ပြီမို့
အမုန်းတေးသွားမကြားရအောင်
မိန်းကလေးရေ ...
ငါ့ဂစ်တာလေး ကြိုးဖြုတ်ထားမယ် ....



ဖြိုးငယ်

Tuesday, October 21, 2008

ဒီနေ့ နောက်ဆုံး

13 comments

စွန့်လွတ်ခြင်းနဲ့ ပေးဆပ်ခြင်း ကြားမှာ
နှလုံးသား က ဖျားတယ် ....
ဟန်ဆောင်ခြင်းနဲ့ ကျွန်တော့်ကြားမှာ
အချစ်က မှားတယ် ....

ထွက်သက်နဲ့ ၀င်သက် ကြားမှာ
ဖြစ် ပျက် တွေ များတယ် ...
မနေ့ကနဲ့ မနက်ဖြန် ကြားမှာ
ဒီနေ့က နောက်ဆုံး .....


ဖြိုးငယ်

Saturday, October 18, 2008

အချစ်ဆိုသည်မှာ ....

15 comments


အဖွင့်
။ ။
ဒီပိုစ့် လေးကိုရေးရတာ လည်း ... ကျွန်တော့် ကို တော်တော်များများ
TAG တဲ့ ညီမလေး မီးငယ်ကြောင့်ပါပဲ .... ။ ဒီပိုစ့်လေးကို TAG တော့
ကျွန်တော် နည်းနည်းပျော်မိတယ် .. ။ ရေးရမှာ မခက်လောက်ဘူး
ဆိုပြီးတော့ပေါ့ ... ။ ပြီးတော့ ကိုယ်ကလည်း ဒါမျိုးလေးတွေပဲ
ရေးချင်တာကို .. ။ ဒါပေမဲ့ ရေးဖို့ သေချာ စဉ်းစား
ပြီးတဲ့ အချိန်မှာ နည်းနည်းတော့ စိုးရိမ်မိတယ် .. ။
ကျွန်တော်ရေးတာတွေ မှားယွင်းနေမှာ စိုးလို့ပါ ... ။ ဘာလို့
လဲ ဆိုတော့ အချစ်ဆိုတာ တန်ဖိုးအရမ်းကြီးမားလို့ပါ ... ။
ဒါပေမဲ့ဗျာ အခု ကျွန်တော်ရေးလိုက်ပါပြီ ... ။
တစ်စုံတရာ လဲချော်မှု ရှိခဲ့လျှင်သော်လည်းကောင်း ၊
မတိုက်ဆိုင်မှု ရှိခဲ့ လျှင်သော် လည်းကောင်း နားလည်
ပေးစေချင်ပါတယ် ... ။ လွတ်လပ်စွာလည်း ဝေဖန်နိုင်ပါတယ်ခင်ဗျား ... ။
ကျွန်တော် ကြိုဆိုပါတယ် .... ။


အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ ။ ( စိုင်းထီးဆိုင် )

ဒီစာသားလေးက အမှန်တော့ သီချင်းလေးတစ်ပုဒ်ဆိုတာ တော်တော်များများ သိကြမှာပါ ။ ကျွန်တော်သိပ်ကြိုက်တဲ့ အဆိုတော်တွေထဲက တစ်ဦးဖြစ်တဲ့ ကွယ်လွန်သွားပြီဖြစ်သော စိုင်းထီးဆိုင် က ဆိုသွားတာပါ ..။ တစ်ကယ်တော့ အချစ်ဆိုတာ သူပြောသလို တစ်ကယ့်ကိုလျှို့ဝှက် ချက် တစ်ခုပါပဲ ... ။ အဲဒီလျှို့ဝှက်ချက်ကို မှန်ကန်အောင် ဖော်ထုတ်နိုင်စွမ်းလည်း ယနေ့အထိ မရှိသေးပါဘူး။
ကျွန်တော်ကတော့အဲဒီစာသား အဖွင့်လေးကို ကြိုက်ပါတယ် ... ။ယေဘူယျ အားဖြင့်လည်း မှန်ကန်တယ် ထင်ပါတယ် ... ။





အချစ်ဆိုတာ ၀ိဥာဉ်ရဲ့ အလှတရားပါ ။ ( စိန့်သြဂတ်စတင်း )

ဒါကတော့ အချစ်ကို ဖွင့်ဆိုချက်တစ်ခုပါပဲ ... ။ သူဆိုထားတာလေးကလည်း လှပါတယ် ။ တစ်ခုတော့ ရှိတာပေါ့ဗျာ .. ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ၀ိဥာဉ် လို့ သတ်မှတ်သုံးစွဲတာ မရှိသလို ၀ိဥာဉ် ဆိုတဲ့ အယူဝါဒလည်း မရှိပါဘူး .. ။ ထားပါတော့ .. ။ သူ့အယူ အဆ အတိုင်းနားလည်ပေးလိုက်ရအောင် ....။ ကျွန်တော်ကတော့ ၀ိဥာဉ် ဆိုတဲ့ အသုံးအနှုံးလေးကို စိတ်လို့ ပြောင်းလဲ သုံးချင်ပါတယ် ... ။အဲဒီတော့ အချစ်ဆိုတာ စိတ်ရဲ့ အလှတရားပါ ... ပေါ့ ။ မှန်ကန်တယ်လို့ထင်ရတာပါပဲ ... ။ အချစ်ဆိုတဲ့ အရာ ဖြစ်ပေါ်လာပြီဆိုရင် မိမိရဲ့ စိတ်မှာ အများကြီးပြောင်းလဲသွားမှုတွေလည်း ရှိပါတယ် ... ။ အချစ်ရှိရင် စိတ်မှာပျော်တယ် .. ၀မ်းသာတယ် ... ကြည်နှုးတယ် ... ပီတီဖြစ်တယ် .... အချစ်မရှိတဲ့အချိန်မှာဆို ၀မ်းနည်းတယ် ... ပူဆွေးတယ် .. အစ ရှိသည်ဖြင့်ပေါ့ ...။ ပြောင်းပြန်ဖြစ်တက်တာလဲ ရှိပါတယ် .. ။ အဲဒီတော့ အချစ်ဆိုတာစိတ်ကို ဖော်ကျူးနိုင်တယ်လို့ ထင်ပါတယ် ... ။ အဲဒါကို စာရေးဆရာက လှပစွာ ၀ိဥာဉ်ရဲ့ အလှတရား .. စိတ်ရဲ့ အလှတရား ဆိုပြီး ဖွဲ့ ထားတယ်လို့ ထင်ပါတယ် ... ။



အချစ်ဆိုတာ လှပတဲ့ အိပ်မက်တစ်ခုပါ ။ ( ၀ီလျံရှပ် )

ဒါကလည်း မှန်တယ်လို့ ထင်ရတာပါပဲ .. ။ အချစ်ဆိုတာ ရူးသွပ်စွာ တက်မက်စေတဲ့ အတွက် အိပ်မက်ရှည် တစ်ခုကို မက်နေရ သလိုပါပဲ .. ။ ဘယ်အချိန်မှာ လန့်နိုးမယ် ဆိုတာ မသိနိုင်သလို .... နိုးသွားပြီးတဲ့ အချိန်မှာ ဘာအကျိုးဆက်တွေ ဖြစ်လာမယ် ဆိုတာလည်းဘယ်သူမှ မသိနိုင်ပါဘူး ...။ ဒါပေမဲ့ အဲဒီ အိပ်မက်ကို မက်ခွင့်ရနေတဲ့ အချိန်မှာတော့ ပျော်ရွှင်ကြည်နူးနေကြတာ အမှန်ပါပဲ ... ။ ပျော်ရွှင်ကြည်နူး
နေကြတယ် ဆိုတည်းက အိပ်မက်က အိပ်မက်ဆိုး မဖြစ်နိုင်ပါဘူး ... ။ အိပ်မက်ဆိုး သာဆိုရင် ဘယ်ကြည်နူးပါ့မလဲ ...။ ထိတ်လန့်ကြောက်ရွံ့နေကြရမှာပေါ့ ... ။ အဲဒီတော့ အဲဒီ အိပ်မက်ဟာ အိပ်မက်ကောင်း တစ်ခု ... တစ်နည်း အားဖြင့် လှပသော အိပ်မက်လေးတစ်ခုပေါ့ဗျာ .. ။




အချစ်ဆိုတာ ခံစားမှု များထက် ဆန်းကြယ်သောအရာ ။ ( အချစ်ဆိုသည်မှာ သီချင်းမှ )

အပေါ်မှာ ပြောခဲ့သလိုပါပဲ ... အချစ်ဆိုတာ စိတ်ခံစားမှု ... စိတ်ကိုဖော်ကျူးနိုင်တဲ့ အရာ ဆိုပေမဲ့ စိတ်ခံစားမှုတွေ အားလုံးထက်ဆန်းကြယ် နက်ရှိုင်းတဲ့ အရာ တစ်ခုပါ ... ။ ပူတာ .. အေးတာ .. ချိုတာ .. ချဉ်တာ .. အစ ရှိသဖြင့် ပေါ့ .. အရာ တိုင်းမှာ စိတ်ခံစားမှု ဆိုတာသိသိကြီးနဲ့ ဖြစ်ဖြစ် ... မသိမသာ ဖြစ်စေ ... ဖြစ်ပေါ်နေတာ အမှန်ပါ ... ။ အဲဒီ ထဲကမှ အချစ်ဆိုတဲ့ စိတ်ခံစားမှု ဆိုတာ အရမ်းကို ဆန်းကြယ်ပါတယ် ... ။ ဘာလို့လဲ ဆိုရင် တစ်ခြား တစ်ခြားသော စိတ်ခံစားမှုတွေကို ပါးစပ်က ဖွင့်ထုတ် ပြောကြားနိုင်ပေမဲ့ အချစ်ဆိုတဲ့ ခံစားမှု ကိုတော့ ဖော်ထုတ်ပြောကြားနိုင်စွမ်း မရှိလို့ပါ ....။ ဖော်ထုတ်ပြောကြား ကြမယ် ဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာ မဟုတ်ပါဘူး ... ။အဲဒီတော့ ဆန်းကြယ် နက်ရိုင်းလွန်းတဲ့ ခံစားမှု ဆိုရင် မှားနိုင်မယ် မထင်ပါဘူး ... ။




အချစ်ဆိုတာ နှလုံးသားမှ ယိုစိမ့်ထွက်လာသော ခံစားမှု ဖြစ်ပြီး အိမ်ထောင်ရေး ဆိုတာ ဦးနှောက်နဲ့ နှလုံးသား လက်တွဲ ဆုံးဖြတ်ခြင်းပါ ... ။ ( ဖြိုးငယ် )

ဒီနေ့ ခေတ် လူငယ်တော်တော်များများဟာ .. အချစ်နဲ့ အိမ်ထောင်ရေးကို ပိုင်ခြား ဆုံးဖြတ်ထားမှု နည်းပါးကြပါတယ် ...။ တစ်ခါတစ်လေ ချစ်လျှက်နဲ့ အိမ်ထောင်ပြု ဖို့ မဖြစ်နိုင်လို့ ဆိုပြီး မိမိ စိတ်ကို မိမိ လိမ်ညာ ... နှလုံးသား ကို မြေမြုပ် အရာအားလုံးကို ဟန်လုပ် ပြုံးကြတာမျိုးလဲ ရှိပါတယ် ...။ ဘယ်လောက် ကြီးမားတဲ့ ဆုံးရူံးမှု မျိုးလဲ ... ။ ခေါင်းစဉ်တောင် မတပ်တက်တော့ပါဘူး ... ။ အိမ်ထောင်ပြုဖို့ မဖြစ်နိုင်တာနဲ့ မချစ်ရတော့ဘူးလား ....။ အချစ်ဆိုတာ ထိန်းချုပ်လို့ မရနိုင်ပါဘူး ....။ အိမ်ထောင်ဆိုတာ ကံပေါ်မှာလည်း မူတည်ပါတယ် ။ကံဆိုတာ လက်ရှိကံ ရှေးဘ၀ က ပြုခဲ့ဖူးတဲ့ ကံ ဆိုပြီး ရှိတယ်လေ ... အဲဒီကံကြမ္မာ ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး ... ။ မိုးပြိုမှာ ကို ကြောက်လို့ စပါးမစိုက်တော့ ဘူးဆိုရင် ငတ်ရုံပဲပေါ့ .. ။ ဖြစ်မယ် .. မဖြစ်ဘူး မသိတဲ့ အရာကို တွေးပြီး ပူပန်နေခြင်းဟာ မိမိ အတွက် ဆုံးရူံးမှု ၅၀% ရှိနိုင်ပါတယ် .. ။ အဲဒီတော့ နှလုံးသားက ယိုစိတ်ထွက် လာတဲ့ ခံစားမှု အတွက် ဦးနှောက်ကို အလုပ်မပေးသင့် သေးပါဘူးဗျာ ... ။





အချစ်ဆိုတာ အကြောင်းပြချက် မရှိသော မေတ္တာတရားပါ ။ ( ဖြိုးငယ် )

အကြောင်းပြချက် တစ်ခုနဲ့ ချစ်တဲ့ အချစ်ဟာ ... ခိုင်ခံ့ တည်မြဲမှု မရှိနိုင်ပါဘူး ... ။ ဥပမာ သူက လှလို့ ချစ်တာ ... သူ့မှာ ဘယ်လို အရာလေးကြောင့် ချစ်တယ် ဆိုတာမျိုးပေါ့ ... ကျွန်တော်ကတော့ အဲဒါကို အချစ်လို့ မသတ်မှတ်ချင်ပါဘူး ....။ အဲဒါ သာယာမှု လို့ ပဲ သတ်မှတ်ချင်ပါတယ် .. ။ အရည် အချင်း တစ်ခုကြောင့် ... အကြောင်းပြချက်တစ်ခုကြောင့် ချစ်မိတယ် ဆိုရင် ... အဲဒီ အရာလေးတွေ ကိုယ် ချစ်တဲ့ သူဆီ
မှာ မရှိတော့တဲ့ အချိန်မှာ အဲဒီ ချစ်တယ် ဆိုတဲ့ အရာကလည်း ပျောက်ကွယ် သွားတက်ပါတယ် ... ။ အဲဒီတော့ ဘာလို့ ချစ်လဲ ကျွန်တော့်ကို လာမေးရင်တော့ အဖြေက ရှင်းပါတယ် ... ကျွန်တော် ချစ်လို့ ... ချစ်တာပါ ... ။





အချစ်ဆိုတာ ကျွန်တော် ယနေ့တိုင် ပေါ်လွင်အောင် အဓိပ္ပါယ် မဖော်စွမ်းနိုင်တဲ့ အရာပါ ။ ( ဖြိုးငယ် )

အချစ်ဆိုတာကို ကမ္ဘာကျော် နာမည်ကြီး စာရေးဆရာကြီးများ ကိုယ်တိုင်က အဓိပ္ပါယ် မဖော်နိုင်ပါဘူး လို့ ၀န်ခံသွားတယ်လေ .. ။အဲဒီတော့ ကျွန်တော်လို ဥမမယ် စာမမြောက် အညတရ ကောင်လေး တစ်ယောက်ကရော ... ??? ... ။ မစွမ်းဝံ့ပါဘူး .... ။ အချစ်ဆိုတာ အရမ်းကိုနက်ရှိုင်း ကျယ်ပြန့်လွန်းပါတယ် .. ။ ကျွန်တော် အရမ်း စိုးရိမ် မိတယ် .. ။ ကျွန်တော် ဆိုတဲ့ ကောင်က အချစ်ရဲ့ အနက်အဓိပ္ပါယ်ကို ဖော်ကျူးလိုက်လို့ အချစ်ရဲ့ နက်ရိုင်းမှု ကို မဖော်မလွင် ဖြစ်သွားမှာ ... အရသာ ပျက်သွားမှာ ... တန်ဖိုးလျှော့ သွားမှာ ... အချစ်ရဲ့ ကြီးမား ပြောင်မြောက်မှုကို စော်ကားသလို ဖြစ်သွားမှာ အရမ်းကို စိုးရိမ်ပါတယ် ...။ အဲဒီတော့ အမှန်အတိုင်းပဲ ၀န်ခံပါရစေ ... ။ အချစ်ဆိုတာ ဖြိုးငယ်ဆိုတဲ့ ကောင်
ဒီနေ့ အထိ အဓိပ္ပါယ် မဖော်နိုင်တဲ့အရာပါ ... ။


ကျေးဇူးတင်စကား ။ ။ ဒီပိုစ့်လေးကို ရေးဖြစ်အောင် TAG ပေးတဲ့ ညီမလေး မီးငယ်ကို နဲ့ အချိန်ကုန်ခံ ဖတ် ပေးကြတဲ့ သူငယ်ချင်း အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ .. ။

Friday, October 10, 2008

တိုးတိုးလေးသေသွားတဲ့ မှော်ပုံပြင်

17 comments

မှော်ဆရာရဲ့ ပြဇာတ်တစ်ပုဒ်
နှင်းတွေသည်းသည်းလှုပ် မကျတဲ့ ရာသီမှာ
မျက်စောင်းကညာနဲ့ အသက်ပြောင်းသွင်းခံရတယ်
အဲဒီတုန်းက သူမအပြုံး
ငါ့အတွက် ပုလဲတစ်လုံးထက် အဖိုးတန်တယ် ....
မိုနာလီဇာရေ .....
မင်းခဏတော့ ဒုတိယ နေလိုက်ပါ ....


အဲဒီအချိန်မှာ ငါက သစ်တစ်ပင် ဆို
လိုနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်
သူမ ရင်ခုန်သံနဲ့ တိုက်ရိုက် အချိုးကျတယ်
မရိုးမရွ မာနလေးတွေကို ဖယ်ခွာ
မိုးည တစ်ရံတစ်ခါကလည်း
နှလုံးသားတစ်လျှောက်
အုန်းမောင်းခေါက်ခဲ့ဖူးတယ်
ရင်ခုန်သံတွေ မြန်လို့ပေါ့ .....


တစ်နေ့သ၌
မေ့လိုက်ဖို့သူမကြံတယ်
အမှန်အကန်မဟုတ်တဲ့ ရင်ခုန်သံက
ဒဏ်ရာတွေသာ ကျန်စေတယ်
မင်းထားချင်ထား
ငါက အုန်းလက်နွားမဟုတ်ပေမဲ့
ကွမ်းမစား ဆေးမစား ကောင်ရယ်ပါ .....


ရှောင်ဖယ်ကာ သွားမှတော့
နောင်ဘယ်ခါများ ပြန်လာမယ် မတွေးတော့ဘူး
ကလေးတစ်ယောက်လို ရွှေလင်ပန်းနဲ့ ထမင်းဆီဆမ်း
ရူးရူးကန်းကန်း တမ်းတနေလည်း
လွမ်းရတာပဲ အဖတ်တင်တယ် ...


အဲဒီနောက်ပိုင်း ငါ့ရဲ့ သမိုင်းမှာ
ဖေဖော်ဝါရီဟာ အရိုင်း အစိုင်းပေါ့
ဗယ်လင်တိုင်း ကို ငါမုန်းတယ် ....
မျက်လုံးမပါတဲ့ နှလုံးသားကိုတော့
ရံဖန်ရံခါ သနားမိတယ် ...
ကျိုးသွားမှတော့ ပြန်တပ်ဖို့ မကြိုးစားပါနဲ့ မှော်ဆရာရယ် ...
အဲဒီပုံပြင်မှာ ငါ အသည်းကွဲ သမားပဲ လုပ်ပါရစေ ....


မင်းဝှက်ထားတဲ့ ဖဲတစ်ချက်
ငါ့အတွက် အသုံးမ၀င်တော့ဘူး မှော်ဆရာရေ ...
တိတ်တိတ်လေး သေသွားတဲ့ ဒဏ္ဍာရီအတွက်
အဲဒီရာသီ တစ်ခါ ပြန်ရောက်ရင်
ငါ့ဆီကို သံချောင်းခေါက်ပါ ....


နေ၀င်သွားတဲ့ အင်ပါယာအတွက်
တယောလေး တစ်ပုဒ်ထိုး
တိုးတိုးလေး ပြောပါရစေ ....
( ကောင်မလေးရေ ....)
မင်းအိပ်မက်က နိုးရင်
ငါ့ အသဲကိုသာစား ငါ့ခန္ဓာတော့ ထားခဲ့ပါ .......



မှတ်ချက် ။ ။ ကွမ်းမစား ဆေးမစား = ပါဝင်နေသော်လည်း ဘာမှ အရာမရောက်သောသူ ..... လို့ကျွန်တော်ကတော့ အဓိပ္ပါယ် ဖွင့်ချင်ပါတယ် ... ဆရာတာရာမင်းဝေကတော့ ၀တ္တုတစ်အုပ်မှာ ထမင်းသိုး ဟင်းသိုး လို့ ရေးထားပါတယ် .... ကျွန်တော်တို့ ငယ်ငယ်က ကစားကြတဲ့အခါ ( ဥပမာ )... ထုပ်ဆီးတိုးတမ်း ဆိုပါစို့ ... ကလေးတစ်ယောက်က ဆော့လည်း ဆော့ချင်တယ် ... မဆော့လည်း မဆော့တက်သေးဘူးဆိုရင် .. ကွမ်းမစား ဆေးမစား ဆိုပြီး ပြောပြီး ကစားစေပါတယ် ... သဘောကတော့ အဲဒီလူက ထမင်းရည်ပူစည်း လောင်လည်း မရှုံး သလို ... အဲဒီလူ ပန်းဝင်သွားလည်း မနိုင်ပါဘူး .... အဲ .. နေရာဒေသ ကို လိုက်ပြီး အခေါ်အဝေါ် အမျိုးမျိုးရှိမယ်လို့ ထင်ပါတယ်ခင်ဗျာ .....။



ဖြိုးငယ်


Thursday, October 9, 2008

Never Delete .....

6 comments
ကျွန်တော်တို့ လူသားဘ၀တွေဟာ တကယ်တော့ အရမ်းသနားစရာကောင်းပါတယ် ... ဟောဒီ ခန္ဓာကိုယ်ကြီးရဲ့အသေးငယ်ဆုံး ဖြစ်တဲ့ ဦးဏှောက် ဆိုတဲ့ အရာလေး တစ်ခု ပါလာတည်းက စပြီး ဒုက္ခတွေ့တော့တာပါပဲဗျာ .. တစ်နေ့တစ်နေ့ ရသ တစ်မျိုး ၊ သုတ တစ်မျိုး အိုး ... စုံလို့ပါပဲ .. အဲဒီ သေးသေးလေးထဲကို စုပြုံထိုးထည့် ရတော့တာပါပဲ ... တစ်ခါတစ်လေ စဉ်းစားကြည့်မိတယ် .... အဲဒီ ဦးဏှောက် ဆိုတာကြီးသာမပါလာခဲ့ဘူးဆိုရင် ... ဒုက္ခ တစ်ခုလောက်များ လျှော့သွားမလားလို့ ...အင်းလေ .. မဖြစ်နိုင်တာတွေ စဉ်းစား မနေတော့ပါဘူး ...
အားလုံးပဲ စဉ်းစားကြည့်ကြပါဦး ... ဦးနှောက် ဆိုတဲ့အရာလေးဟာ သာမန် မျက်စိနဲ့ ကြည့်ရင် အလွန်ကို သေးငယ်ပါတယ် ... အဲဒီ ဦးနှောက် သေးသေးလေးထဲ ကိုပဲ ... တစ်နေ့တစ်နေ့ မကုန်မခမ်းနိုင်တဲ့ ပညာတွေ .. ဗဟုသုတတွေ ... ကိုယ့် အကြိုက်တွေ စုပုံ ထည့်ထားရတာ သူလည်း ကြာတော့ ဘယ်ခံနိုင်ရည်ရှိမှာလဲ ... ကွန်ပြူတာ တစ်လုံးမှာတောင် ... Hard Disk ဆိုတဲ့ Memory တွေထားတဲ့ ပစ္စည်းလေးတစ်ခုပါတာပဲ ... အဲ ... တစ်ခုရှိတာက .. အဲဒီ Hard Disk လေးက သူလက်ခံနိုင်တဲ့ အတိုင်းအတာလေးတွေတော ရှိတာပေါ့ .... သူလက်ခံနိုင်တဲ့ အတိုင်း အတာလေးကို ကျော်သွားပြီ ဆိုတာနဲ့ ရှင်းလင်းရေး လုပ်ပေးရတယ်လေ .... မလိုချင်တော့တာ ... အရေးမကြီးတော့တာ ဖယ် ၊ ဖျက် ၊ လိုချင်တာကို ပြန်မှတ် ... တကယ်တော့ ဒါတွေကို အားလုံးက အသိပါ ... ဖြိုးငယ် လျှာရှည်နေတယ် ... ရေးမယ့်ဟာ ကို မရေးဘူးလို့ ပြောနေကြဦးမယ် ...အားလုံးမြင်သွားအောင် အလွယ်ကူဆုံး ဥပမာလေး ပြလိုက်တာပါ .... ကဲထားပါတော့ ...
ကျွန်တော့်ကို လူတစ်ယောက်က မင်းရင်ထဲမှာ ... မင်းစိတ်ထဲမှာ ... မင်းအသိဥာဏ်ထဲမှာ ... မင်းဦးနှောက်ထဲမှာ ရှိတဲ့ ပထမဆုံး အရာလေးပြောပြပါဆိုရင် ... ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုပါဘူး ... ကျွန်တော့်ရဲ့ Hard Disk ဦးနှောက်လေး ထဲမှာ ဘယ်တော့မှ Delete မပေးပဲ ထာဝရ သိမ်းထားသည့် အရာလေးက အန္တနော အနန္တ ငါးပါးပင် ဖြစ်ပေသည်။ ကျွန်တော့် ဦးနှောက် ဘယ်လောက်ပင် သေးပါစေ ... ဘုရား ၊ တရား ၊သံဃာ ၊ မိဘ ၊ ဆရာ ကိုတော့ ကျွန်တော့် ၀င်သက် ထွက်သက် ရှိနေသ၍ ... တစ်နည်းအားဖြင့် ကျွန်တော့်ပျက်သွားသော ရှေ့စိတ်နေရာတွင် နောက်စိတ် တစ်ခု အစားထိုးနေသ၍ ... အမြဲတမ်း ပထမ ဖြစ်နေမည် ဆိုတာမှာ မလွဲဧကန် အမှန်စင်စစ် ဖြစ်ပေတော့သည် ။ ။ ။

P.S >>> ဘာရယ်မဟုတ်ပါဘူး ... ဟိုကောင်မလေး ... မီးငယ်ပေါ့ .. Tag ထားတာ ကြာပြီ ... မအားတာနဲ့ 
နောက်ပြီး ဘာရေးရမှန်းမသိတာနဲ့ မရေးပဲ မသိချင်ယောင် ဆောင်ထားတာ ကြာပေါ့ .. အဲ .. မယ်မင်းကြီးမလေး က မမေ့ဘူးဗျာ .. ဟိုနေ့က လာအော်သွားလို့ အခု ရေးပေးလိုက်တာ ... ကျွန်တော့် ပထမဆုံးတွေဆိုတာ ကျွန်တော် ကိုယ်တိုင်တောင် မမှတ်မိတော့တာ အများကြီးရယ်ပါ ... အဲဒီတော့ ပြောပြနေလည်း မသိမဲ့အတူတူ ... အားလုံးသိလောက်တဲ့ ကျွန်တော့်ရဲ့ ပထမဆုံးများကိုပဲ ပြောပြလိုက်တာပါ .. သည်းခံ နားလည်ပေးကြပါ ....မီးငယ်ရေ ... ရေးလိုက်ပြီဟေ့ .. ကျေနပ်တော့ ....



ဖြိုးငယ်


Friday, October 3, 2008

ဂျစ်ပစီတစ်ယောက်အတွက် ငြိမ်းချိမ်းရေးသံစဉ် ...

17 comments

အဲဒီနေ့က ကောင်းကင်မှာ
အသူရာနဲ့ သိကြားမင်း စစ်ခင်းနေတုန်း
နတ်သမီးကကြိုး တိတ်တိတ်လေးခိုးထားတဲ့ ကောင်မလေးက
ညင်းသွဲ့ပျော့ပျောင်း ဗျတ်စောင်းလေးခတ်တယ်
ငါ့ရင်မှာ တလှပ်လှပ်နဲ့ .....


အရှေ့ဘက်ရာသီရဲ့ လေကြမ်းတွေမွေနှောက်သလို
ငါ့ရင်ခွင်တစ်ခုလုံး တောမှောက်တယ်
ဘာကြောင့်များ ဂျစ်ပစီတစ်ကောင်ရဲ့ ရင်ခုန်သံကို
အဲဒီအချိန်က ဂရင်းနစ်စံချိန်တင်ရန် မေ့ခဲ့တာလဲ ...


လေလံတင်လို့မရတဲ့ နှလုံးသားက
နေချင်း ညချင်း ဈေးကွက်ဝင်တယ်
ငါလည်း မှော်ဝင်ပန်းသီးနဲ့ ရင်အဆိုင်
တက္ကသိုလ်ဘုန်းနိုင်ပြောတဲ့ အဆိုးဆုံးအရူးစာရင်းဝင်ခဲ့တယ် .....


အဲဒီနဂါးမလေးက မျက်စောင်းတစ်ချက်နဲ့
ကဗျာလမ်းက တံခါးနှစ်ဘက်ကို လှပ်တယ်
မိုးမခ အပြုံး အင်္သချေကြားမှာ
ဧဒင်မရောက်ပဲ ငါ့ရင်မှာ ကဗျာတွေပေါက်တယ် ...


တကယ်တော့ ငါဟာ
နဂါးငွေ့တန်းကို လက်နဲ့ဖမ်းချင်ပေမဲ့
မိုးကုတ်စက်ဝိုင်းကို မြင်နေရရုံနဲ့ကျေနပ်နေတဲ့ကောင်ပါ ...
နေတစ်လှည့် လတစ်လှည့် ကမ္ဘာမှာ
ဂြိုလ်ကြီးကိုးလုံးလောက်တော့ အိပ်မက်ခွင့် ရှိပါရစေ ...


ရင်ဘတ်ချင်းထပ်ဖို့ သိပ်ခက်နေမယ်ဆိုရင်တောင်
နယူတန်ကို ထောက်ခံပေးလိုက်ပါလား ကောင်မလေးရေ ..
သိကြားနဲ့အသူရာကို ပြေလည်အောင် မစွမ်းနိုင်ရင်တောင်မှ
သခွတ်ပန်းတွေပွင့်ရင် ငါ့ရင်ကို ငြိမ်းချမ်းမဲ့ သံစဉ်တစ်ပုဒ်တော့ပေးပါ ကောင်မလေးရယ် ...



ဖြိုးငယ်

Tuesday, September 23, 2008

ပေလွှာများနဲ့ အလွမ်းရှင်

13 comments
မနေ့ညက
ရခဲ့တဲ့ နတ်သမီးရဲ့ သ၀ဏ်လွှာကြောင့်
အလွမ်းကမ္ဘာထဲ ကျွန်တော်ရောက်ခဲ့တယ် ....

လျှောက်ရတဲ့လမ်းက ကြမ်းလို့
သူမက လှမ်းမျှော်နေတာတောင်
ကျွန်တော် လက်ကမ်းလို့ မခေါ်နိုင်သေးပါ ...

အဝေးတစ်နေရာ အတွေးကမ္ဘာမှာပျော်ပိုက်
ကိုယ့်ကိုကိုယ် ရိုက်လိုက်ချင်တယ်
ကံကြမ္မာက ခိုက်လို့

ဝေဒနာ တစ်ပိုက်နဲ့လူမို့
မေတ္တာရေ တစ်ကြိုက်
အခုလို မှန်မှန် တိုက်ပါ ....

အဖန်တရာ သံသရာ တစ်ဝိုက်မှာ
မတန်မရာ ဒဏ်ရာတွေ ကိုက်လို့
ဒီလူမှာ ရူးမိုက်နေပြီ ....

ဦးခိုက်မိတဲ့ အချစ်
ခူးလိုက်တဲ့ ပန်းတစ်ပွင့်
နမ်းရှိုက်ခွင့်မရသေးဘူး ....

ဒီလိုနဲ့ .....
သူမဆက်တဲ့ ပေလွှာတွေဖတ်
အိပ်ယာထက်မှာ
စိတ်ပါ လက်ပါနဲ့ လွမ်းနေဆဲပါ ....


ဖြိုးငယ်



Friday, September 19, 2008

ကျောက်စာတိုင်များ ....

5 comments


မြောက်အမေရိက တိုက်ရဲ့
ဆောင်းခိုငှက်ထံ
ရေမြေခြားက လွမ်းလှကြောင်း
စာတစ်ကြောင်းတော့ ပါးချင်တယ် ....

ဆုံနိုင်ခွင့်ရဲ့ ... နေ့ရက်
ဘယ်ဆီရယ် တသသနဲ့
မျှော်လင့်ခြင်းရဲ့ မနက်ဖြန်ဆီမှာ
“ ......... ” သိနိုင်မယ်ဆို
ဒီနေ့ရဲ့ တမ်းတခြင်းကလည်း
မိုင်ထောင်ချီအဝေးကို
ပို့ဆက်ချင်တယ် ။

အာရှတိုက်ရဲ့ မြေတစ်နေရာမှာ
ကျောက်စာတိုင်များလည်း
နှလုံးသွေးနဲ့ထုဆစ်
ဝေးကွာခြင်းရဲ့ သက္ကရာဇ် အလိုက်
ဝေဒနာက စူးနင့် ။
သိနိုင်စေကြောင်း
“ နိုင်ဂရာ ” ရေတံခွန်အောက်က
အလွမ်းရှင်ထံသို့ ။ ။




P.S >>> ကျွန်တော်ရေးထားတဲ့ ကဗျာလေး မဟုတ်ပါဘူးခင်ဗျား .... သူများက ပို့ပေးတဲ့ ကဗျာလေးကို
ခွင့်ယူချက်မယူပဲ တင်လိုက်တာပါ ။ ။ ခွင့်ပြုချက် ယူ စရာ မလိုတဲ့ သူမို့ပါ .. ကဗျာလေးကို ကြိုက်လို့
မျှဝေ လိုက်တာပါ .... ခံစားကြည့်ကြပါဦး ....

Thursday, September 18, 2008

မကြယ်စင်နတ်သမီးအတွက် မွေးနေ့ဆုတောင်း

3 comments



တစ်ရက်တစ်ရက်နဲ့
နာရီမှန် လှည့်ပတ်
စက်တင်ဘာရဲ့ ၁၉ ရက်
အမေ့ဝမ်းက ထွက်ခဲ့တာ
၂၈ ခါတိုင်ခဲ့ပြီပေါ့ ....

ဘ၀လမ်းကို မှန်မှန်လှမ်း
လေကြမ်းတွေကို ဖြတ်ကျော်
အဲဒီနေ့ရက်တွေမှာ ပျော်
အဖော် မရှာသေးတဲ့ အမ
နောက်မွေးနေ့တွေမှာ
ကြင်သူရှာတွေ့ပါစေ ...

စက်တင်ဘာ ၁၉
တစ်နှစ်တစ်ခါ တိုးလာတိုင်း
ဒုက္ခ တွေကို အနိုင်ပိုင်း
ပျော်ရွှင်မှုတွေ ၀ိုင်းပါစေ ...

အနှိုင်းမဲ့ ကျေးဇူးရှင်
မိဘတွေရင်ခွင်မှာ ပျော်
အမ မျှော်တဲ့ ဘဝ
ထာဝရပါစေ....

မိုးမြင့်ထက် ကောင်းကင်
စိုးမိုးမှု အရှင်သခင်
ကြယ်စင်ရဲ့ နတ်သမီး
လောကကြီး ရှင်သန်
မနက်ဖြန်တွေ ဆက်နေသမျှ
အပြုံးပန်း လှလှနဲ့
အောင်မြင်မှုတွေ ထာဝရ ရနိုင်ပါစေဗျာ ....






ဖြိုးငယ်


P.S >>> စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ကျွန်တော်တို့ရဲ့ ( အပျိုကြီး မမ ..အဲ .. ) အမ ကြယ်စင်နတ်သမီးရဲ့ မွေးနေ့ အတွက်အမှတ်တရ လက်ဆောင်ပါ .... အမ ထာဝရ ပျော်ရွှင်ပါစေဗျာ ...

Thursday, September 11, 2008

ရင်ခွင်အပေါက် နဲ့ ကောက်မိတဲ့အချစ်

16 comments

သစ္စာတွေဖောက်
ချစ်တာတွေပျောက်သွားတဲ့နေ့က
ပေါက်သွားတဲ့ ရင်ကွဲဗုံး
နျူကလီးယား တစ်လုံးထက် ပြင်းတယ် ..


အမုန်းသီချင်းတွေ ထွေးပိုက်
ခန္ဓာကို မီးမြိုက်ခံရတဲ့ မြို့တော်မှာ
ငါက ကဗျာတွေကို ကြိုတယ်
ဘာလိုလို ညာလိုလိုနဲ့
နှလုံးသား ငို ခဲ့တာ တော်တော်ကြာပြီပဲ .....


ရေရှုချိန် မသိ
ပုဝါကူချိန် မရှိ
ချက်ကောင်းကိုတည့်တည့် ထိလို့
ဒိုင်မရှိတဲ့ အဲဒီပွဲမှာ
ငါ့ အသဲလည်း ကွဲခဲ့တယ် ...


မာနတွေလောင်းကြေးထပ်
နှလုံးသားတွေပဲ အရှုံးထွက်တယ်
ပန်းသီးတွေ ကြွေပျက်မှတော့
အဲဒီ ဧဒင်မှာ ငါတို့ မနေချင်တော့ဘူးလေ ....


ကျွန်တော် ငြင်းဆန်ခဲ့တဲ့ နယူတန်ကို
လူတွေက လက်ခံနေတုန်းပဲ
သေဆုံးခဲ့တဲ့ ရင်ခုန်သံ မတန်မရာ အတွက်
reaction တွေ ပြန်ရှာကြည့်သေးတယ် ...
ဒါပေမဲ့
ဒဏ်ရာတွေ အဖတ်တင်လို့
ကဗျာတွေသာ အသက်ဝင်ခဲ့တယ် ....


နောက်ဆုံးတော့လည်း
အဆိပ်မဲ့ နှင်းဆီတစ်ပွင့်ရဲ့ မာန
တိတ်တဆိတ် ရွာချခဲ့တဲ့ အတ္တတွေ
အတိတ်မဲ့ရာသီရဲ့ မီးတောက်မှာ
ငါက ရင်ခွင်အပေါက်နဲ့ မေတ္တာကောက်သူသာ ဖြစ်ခဲ့တယ်လေ .....



ဖြိုးငယ်

Sunday, September 7, 2008

သံပတ်လူသား

12 comments


မနက် မနက် ကျောင်းတက်
ညနေဘက် ပြန်လာ
ကျွန်တော်တို့ ဘ၀ဟာ
ဗလာမပါတဲ့ ဝေဒနာတွေပဲ
အမြဲ နှိုက်နေရတဲ့ ကံစမ်းမဲ နဲ့တူတယ် ....

ပျော်စရာဆိုတာ နတ္ထိ
ဌာနေကလည်း ဝေးပါဘိ
တွေးကာကြည့်ရင် ဟန်ဆောင်ပြုံးနဲ့
နှုံးနေတဲ့ ရင်ခွင်လွှာကို
ကြည်လင်တဲ့ကမ္ဘာအဖြစ် ဖန်ဆင်းရသေးတယ် .....

ဘယ်ဘ၀က ၀ဋ်ကြွေးလဲ
အထပ်ထပ်တွေးလဲ အဖြေမရ
အခြေမကျတဲ့ နေရာမှာ
ကံကြမ္မာရဲ့ အထာကိုကြည့်
ပျော်စရာလေးတွေ ရှာမိတော့လည်း
ပတ်ဝန်းကျင်ဘေးက မလွတ်သေးပါလား .....

မျှော်လင့်ချက်ကြောင့် ရှင်တဲ့အသက်
ကိုယ့်ဘာသာ ဒေါသထွက်မိတယ်
မောဟရဲ့ သတ္တိ
တရားဘက်ကိုကြည့်တော့လည်း
ငါကပဲ အသက်ကြီးနေလားတဲ့ .....

ကျေးဇူးပြုပြီး
အဲဒီ အိမ်လွမ်းသီချင်းများ ခဏပိတ်ပေးပါ
ငါ့လေရှုသံလေး ပုံမှန်မှ
ရင်ခွင်က သံပတ်ကို ဟန်ပါပါလေးတင်း
မနက်ဖြန်ရဲ့ ပြတင်းကို ဖွင့်ပါရစေ ......


ဖြိုးငယ်



Thursday, September 4, 2008

ပိုင်ဆိုင်ရတဲ့ ဘဝ

8 comments
ရင်ခွင်ဦးက လွမ်းပုံပြင်
လမ်းကြုံရင် တစ်မှာတည်းမှာ
စာချွန်လွှာ ပို့လို့ပို့
အလွမ်းညို့ညို့ ကိုလည်း
လမင်းဆီ လှမ်းပို့ ထားတယ် ....

လွမ်းလို့ လို့ ခေါင်းစဉ်တပ်
အဲဒီစာတွေ ဖွင့်ဖတ်ရင်းပေါ့
လင်းခဲ့ရတဲ့ မနက်ပေါင်းကို
နှင်းစက်တွေ သက်သေပြုမလား
ကျေးငှက်တွေ သက်သေပြုမလား ...
ရောင်နီတွေ သက်သေပြုမလား ......

အခုတော့လည်း တစ်နယ်စီဝေး
ပေးခဲ့တဲ့ အမှတ်တရ ဓါတ်ပုံ
လွမ်းမိတိုင်း တသသ စမ်းရင်း
ခပ်ဖွဖွ ခဏ ခဏ နမ်းလို့
နွမ်းလျလျ ဖြစ်နေပြီလေ....

လှမ်းမရတဲ့ တစ်နေရာစီ
မဖြေသာရည် မျှော်မှန်းယုံမှတစ်ပါး
အခြား မစွမ်းနိုင်တဲ့ ကျွန်တော်
အော် ....
ဘ၀ ကို တစ်ကိုယ်တည်း ဖြတ်သန်းဆဲပါလေ ......


ဖြိုးငယ်



Tuesday, September 2, 2008

ဆုံဆည်းမှု

7 comments
ခဏတာလေး အတွင်းမှာ ဆုံဆည်းရခြင်းဟာ
ငါ့ဘ၀တစ်ခုလုံးစာ အတွက်
ခါးသီးခြင်းတွေ ဖြစ်နေရပါပြီ ချစ်သူရယ် ......

သံယောဇဉ်ဆိုတဲ့ တွယ်တာမှုတွေက
ငါတို့နှစ်ယောက်ကို
နီးစပ်ခွင့်ပေးခဲ့တာလား ...
ခွဲခွာခြင်းပေးခဲ့တာလား ....

ငါလေ ....
အခု ဆုတောင်းနေမိတယ် ....
မင်းနဲ့များ နောင်ဘ၀မှာ
ဆုံဆည်းမှုလေး ထပ်ရခဲ့ရင်
မင်းချစ်တဲ့ ချစ်သူဖြစ်ပါစေလို့ပေါ့ ချစ်သူရယ် .....


ကိုလူဆိုးလေး


မှတ်ချက် ။ ။ ဒီကဗျာ ... အဲ .. ကဗျာဆန်ဆန်လေးကတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့
ခံစားမှု စစ်စစ်လေးပေါ့ဗျာ .... ကျွန်တော့် သူငယ်ချင်းရဲ့ ခံစာချက်လေးကို အားလုံး
နားလည်ခံစားပေးကြပါဦး .... ကဗျာ မဆန်ပေမဲ့ ရင်ထဲက လာတဲ့ ဟန်လေးကို
အားလုံး မျှဝေခံစားပေးကြပါဦးဗျာ .....

Sunday, August 31, 2008

ဖြိုးငယ်ဆိုတဲ့ ကျွန်တော့်စိတ်ထဲက .........

5 comments
ဘာရယ်မဟုတ်ပါဘူး ... မီးငယ်ပေါ့ ... Tag ထားပါတယ် လို့ စီဘောက်ထဲမှာ လာအော်သွားလို့
သွားကြည့်တာ ... အားပါးပါး ... ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်း ရမဲ့ အဖြစ်ကြီးပါလား ... ဒါပေမဲ့
တက်လိုက်ဘူးလေ .. သူက Tag ထားတာကို ... ရေးပေးရတော့မှာပေါ .. အမယ် .. သူက
အောက်ဆုံးမှာ မေတ္တာ စာလေးတောင်ပါလိုက်သေးတယ်ဗျာ .... ကဲ မီးငယ်ရေ .....
နင့်ကြောင့် မရှက်မကြောက် ကိုယ့်ပေါင်ပဲ ကိုယ်လှန်ထောင်းလိုက်ပါပြီဗျာ ...
မီးငယ် ရေးထားတဲ့ ပုံစံလေးအတိုင်းပေါ့


ကိုယ့်ရဲ့နာမည်…................................................... ဖြိုးငယ်
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်…................... အစုံပါပဲ
ကိုယ်ဒီမှာနေတယ်…............................................... လောလောဆယ် မော်စကိုမှာပေါ့
ကိုယ့်ဆီဖုန်းဆက်ချင်ရင်…........................................ 89629135462
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက……..
အရောင်ဆိုရင်….................................................... အပြာရောင်
အ၀တ်အစားဆိုရင်…............................................... ရှယ်အင်္ကျီလက်ရှည် နဲ့ ပုဆိုး
အစားအစာဆိုရင်…................................................ လူစားလို့ရတာ အကုန်ကြိုက်တယ်
ပစ္စည်းဆိုရင်…...................................................... သီးသန့်မရှိဘူး
သီချင်းဆိုရင်…...................................................... Feel သီချင်းဆို အကုန်ကြိုက်တယ
စာရေးစာဆရာ…................................................... မောင်လှမျိုး ၊ တက္ကသိုလ် ဘုန်းနိုင် နဲ့ အကုန်ပါပဲ
စာအုပ်…............................................................. သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ခိုင်
Life style….......................................................... free style
ကိုယ့်ရဲ့ဝါသနာ…................................................... ကဗျာရေးခြင်း
အလိုချင်ဆုံးလက်ဆောင်…....................................... ဘာရယ်မရှိပါဘူး .. ကိုယ့်ကို စေတနာရှိလို့ ပေးတဲ့လက်ဆောင် မှန်သမျှပေါ့
ကိုယ့်ရဲ့ အချစ်ဆုံးသူက…......................................... အမေ
ကိုယ့်ရဲ့ အလေးစားဆုံးသူက…................................... အဖေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…............................... ပြောပြလို့ရော သိမှာလား ... လွမ်းသုခနဲ့ သိန်းဇော်
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက….................. အမေ နဲ့ သူငယ်ချင်းများ
ကိုယ့်ရဲ့ အမုန်းဆုံးသူက …........................................ မရှိပါ
ရင်အခုန်ဆုံးအချိန်…................................................ ကျစာရင်းကြေငြာတဲ့အချိန်
အကြောက်ဆုံးအချိန်…............................................. ပိုက်ဆံမရှိတဲ့အချိန် :D
အပျော်ဆုံးအချိန်….................................................. လိုချင်တာရတဲ့အချိန်ပေါ့
အမှတ်တရနေ့…..................................................... အများကြီးပဲ
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…............. နိဗ္ဗာန် ( ဆုတောင်းရုံနဲ့ မပြည့်မှန်းသိတယ် )
အချစ်ဆိုတာ…....................................................... လျှို့ဝှက်ချက်တစ်ခုပါ (စိုင်းထီးဆိုင်ပြောသွားတာပဲ )
အမုန်းဆိုတာ…....................................................... အပြစ်တွေရဲ့ အနားသတ်
အလွမ်းဆိုတာ…..................................................... သတိရခြင်းကိုကျော်လွန်သွားတဲ့ နယ်မြေတစ်ခု
သံယောဇဉ်ဆိုတာ…................................................ အေးသလိုနဲ့ ပူလောင်တဲ့ ဝေဒနာ
ဘ၀ဆိုတာ…......................................................... တိုက်ပွဲ
သူငယ်ချင်းဆိုတာ…................................................ ဝေဒနာတို့ကို ကုစားဖော် ကုစားဖက်
ချစ်သူဆိုတာ…...................................................... နှလုံးသားရဲ့ ဘုရင်မ
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်….................................... ပြောတက်ဘူးဗျာ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က….................................. ဘာမှမလုပ်ရင် ဘာမှ မဖြစ်ဘူး
အပြောချင်ဆုံးစကားတစ်ခွန်း….................................. ဒါပဲဗျာ .. ( :P )



Friday, August 29, 2008

အလွမ်းဆက်တဲ့ ဗျတ္တ

5 comments
ပန်းအကြွေ မဆက်ပါဘူး
အလွမ်းတွေ ဆက်တဲ့ဗျတ္တမို့
သခင်ငယ် လာရာ လမ်းဆီက
လက်ကမ်းကာ အကြိုဆက်ပါ့
အလွမ်းသက်သက်နဲ့ပါ ...... ။

ဘ၀ရယ် ဗလာနတ္ထိမို့
အချစ်သာ ရှိတဲ့လူပါ
သစ္စာနယ် မေတ္တာကြောမှာ
ပစ်ခွာမပယ် ချစ်ရမ္မက်ဇောတွေနဲ့
မနက်စောစော အချိန်မှန်
ဝရိန်ယံမှာ နေမပေါက်ခင်
သခင့်ဆီ အရောက်ပို့တဲ့လူပါ ..... ။

နွမ်းကြေတွန့်ခေါက်
အလွမ်းတွေ တစ်ချက်လောက်ကြည့်ပါသခင်
မြင်သာရင် ရင်လွမ်းပန်းကို
အစဉ်သာ ဖွဖွ နမ်းပါတော့
အကြင်နာ ကမ္ဘာတစ်ဖက်ကမ်းက
ထာဝစဉ် မပျက်တမ်းပေါ့
သခင်ရေ .........
ကျွန်တော်က အလွမ်းဆက်တဲ့ဗျတ္တပါ .... ။


ဖြိုးငယ်




Wednesday, August 27, 2008

အရူးတစ်ကောင်ရဲ့ ရင်ဖွင့်ချက်

4 comments
ဘာမှမလုပ်ချင်တဲ့နေ့
ငါ့တစ်ကိုယ်လုံး ခုတင်ပေါ်ကိုတင်လို့
ခေါင်းရင်းက မှန်ပြတင်းကနေ
အလွမ်းတွေကို ဖြန့်ကျက်ထားလိုက်တယ်
ဒါ အရူးတစ်ယောက်ရဲ့ အလုပ်လား……

ဘေးကသူ့ဓါတ်ပုံ
ငေးကြည့်နေတုန်း မျှော်လင့်ခြင်းတွေ
အဆုပ်လိုက် အခဲလိုက်
ရင်ဘတ်ထဲ လာကပ်တယ်
ဒါ အရူးတစ်ယောက်ရဲ့ အလုပ်လား…….

မနေ့က ပြဇတ်တစ်ပုဒ်
ဒီနေ့ထိ လွမ်းလို့ကောင်းတုန်း
ချုန်းပွဲချငိုတော့မယ် မိုးကလည်း
အလွမ်းရင်ကို အကဲဆင့်ပိုစေခဲ့တယ်
ဒါ အရူးတစ်ယောက်ရဲ့ အလုပ်လား……..

ရှေ့စိတ်ကို နောက်စိတ်နဲ့
ထိန်းခဲ့ပါတယ် ဒါပေမယ့်…..
နောက်စိတ်ကိုယ်ကလည်း ရှေ့စိတ်ဖြစ်ချင်နေကြတယ်
တကယ်တော့ လူတွေလည်း
သူ့ဟာသူ ရူးနေကြတာပါပဲလေ
ငါလည်းအရူးပဲပေါ့……..


မှတ်ချက် ။ ။ သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်လက်ရာပါ ... ကျွန်တော့်ခံစားချက်နဲ့
လည်း အတော်လေးတိုက်ဆိုင်လို့ တင်လိုက်တာပါ ... အရူးတွေရဲ့ ခံစားချက်ကို နားလည်
နိုင်ကြပါစေဗျာ ......


Monday, August 25, 2008

လမ်းခွဲမှတ်တိုင် ......

5 comments
မခေါ်ပဲ ရောက်လာကြသလို
မနှင်ပဲ အချိန်မပြန်ခင် မင်းတို့ ပြန်ကြတယ်
နှုတ်မဆက်ဘူး ဆိုပေမဲ့
ရုတ်တရက်မို့ စုတ်သပ်မိတယ် သူငယ်ချင်း .....

ရှယ်ရယ်မြန်ကျယ်ဘာနဲ့ ဒါမာဂျယ်ဘာစကားရားက
ငါတို့ခွဲခွာရာ မှတ်တိုင်များ.....
ယောင်္ကျားသားတွေမို့ အငိုမျက်ရည်မရှိပေမဲ့
ရင်ထဲမှာ အစိုဓါတ်တွေရှိနေကြတယ် .....

တစ်စုက လေယာဉ်ပေါ်တက်
ဌာနေဘက်ကို ဦးတည်
တစ်စုက ကားပေါ်တက်
အဆောင်ဘက်ကိုလှမ်းချီ
တူညီမှုက နှစ်စုစလုံးရင်ထဲမှာ ဟာတာတာ ..

ဖြိုးငယ်


မှတ်ချက် ။ ။ ဒီခံစားမှုလေးက ဖြစ်နေတာကြာပါပြီ ... ပထမတော့ မရေးဘူးလို့နေတာ ... နောက်တော့ ဒီလ
အတွင်းကို တော်တော်လိုက်ပို့နေရတာနဲ့ ရင်ဘတ်က ထကြွတော့တာပဲ .... သည်းခံဖတ်ပေး
ကြပါဗျာ ...မကောင်းပေမဲ့ ခံစားချက်တွေမို့ပါ ... အကြောင်းအမျိုးမျိုးကြောင့် ပြန်သွားကြတဲ့
ယောက်ဖကြီး လွမ်းသုခမျှားပြာ လွမ်းစေကိုတည်ညိမ်းကို ၊ ကျွန်တော့်နယ်သား နဲ့ ဘလောကာမဟုတ်သော
သူငယ်ချင်းများအတွက်ပါ ........

Thursday, August 21, 2008

တစ်ကိုယ်တော်လွမ်းပွဲ............

7 comments

ဒီမှာ
အယ်လ်ကိုဟော တစ်ကြိုက်လောက်ချမလား
အလွမ်းတွေ နည်းနည်းကျသွားအောင်လေ

ဟာ....
ထုံးစံမရှိဘူး
ငါ့ကိုယ်ငါသိတယ်
ဘာမှမရှိရင်တောင်
သူ့ကိုငါ မထိချင်ဘူး .....

မင်းကြည့်လိုက်စမ်း
ဘ၀ကို ထက်ခြမ်းခွဲလိုက်
အလွမ်းကို တစ်ခြမ်းပိုက်ထားတာတောင်
ရူးမိုက်ခြင်းနောက် ထပ်လိုက်မလို့လား .....

ဆက်တိုက်ဝင်လာတဲ့ ခံစားချက်တွေ
ပြန်သွားလိုက် ရောက်လာလိုက်နဲ့
မှန်ပြား တစ်ချပ်ကိုထောင်
ပုံရိပ်ယောင်တွေ ပြန်ဖမ်း
ဟော ... ဟော
တိမ်တွေတောင် သန်းနေပြီ .....

လေပြေတွေ ရမ်းပြီမို့
အခြေအနေ ကြမ်းနေပြီ
နေချိုတွေ ဖျန်းရင်ဖြင့်
ရွှေကိုယ်တော် လွမ်းနေပေါ့
ဒီလိုနဲ့ ပဲ
မနက်ဖြန်ကို လှမ်း ......


ဖြိုးငယ်


ကဗျာလေးကို ခေါင်းစဉ်တပ်ပေးတဲ့ အရမ်းတော်တဲ့ သူငယ်ချင်းလေးကို ကျေးဇူးပါ ဗျာ ....
( ဒုက္ခပေးလို့ ကောင်းလို့ ...:P )

Friday, August 15, 2008

သပ်ရိုက်ခံ ဘ၀များ

3 comments
ဟေ့ ....
နီကိုဒင်း တစ်ရှိုက်လောက်ဗျာ
သပ်ရိုက်ခံထားရတဲ့ အတွေးပျောက်မလားလို့
လျှောက်သွားတဲ့နေရာတွေမှာလဲ ပုံရိပ်တွေထပ်
အရာရာဟာ ကွဲအက်နေပါပြီကွာ ....

စွဲမှတ်ယုံကြည်ချက်က
ရုတ်တရက် ခွဲထွက်သွားတော့လည်း
ပွဲပျက်တဲ့အနေအထားမှာ
မင်း အဆင်ရောပြေပါ့မလား ....

ရင်ကဖွားတဲ့ပန်း တစ်ပွင့်မှာ
ခိုလှုံခွင့်ရခိုက်မို့
အရာအားလုံးကိုမေ့လိုက်စမ်းပါ
မင်းမျှော်တဲ့နေ့ကို ပိုက်ရပြီပဲ
စိတ်ကြိုက်ပျော်လိုက်စမ်းပါ ......

အမှောင်အမိုက် ဆိုတာ
လှောင်တိုက်တစ်ခုမို့
ရှောင်လိုက်ဖို့ မကြိုးစားနဲ့
ရိုးမသွားတဲ့ အက်ကြောင်းတွေမှာ
ကမ္ဘာကိုနည်းနည်းထပ်စောင်း
ဟေ့ကောင်....
စာမျက်နှာကို နောက်တစ်ရွက်ပြောင်းလိုက်ကြရအောင် .......

ဖြိုးငယ်



Saturday, August 9, 2008

နှစ်ချို့

1 comments
ဟေ့လူ
အပြင်မထွက်နဲ့
ရင်ဘတ်ကို ပက်လက်လှန်ကြည့်
ကောင်းကင်ကြီးတောင်သိနေတယ်
အလွမ်းတွေက ညှိစို့စို့ ...



Tuesday, July 29, 2008

အမုန်း

14 comments

ခံရတာ များလာတော့လဲ
တိုက်ခိုက်မှုတွေကို မုန်းတတ်လာတယ် ....

စားရတာ များလာတော့လဲ
ကြက်ဥကို မုန်းတတ်လာတယ် ...

နားလည်ပေးရတာ များလာတော့လဲ
သည်းခံတက်တဲ့ စိတ်ကိုမုန်းလာတယ် ...

ကဗျာရေးဖို့ စဉ်းစားရတာများလာတော့
ခံစားချက်နည်းတဲ့ နှလုံးသားကို မုန်းတတ်လာတယ် ...

ခဏ ခဏ လွမ်းရတာများလာတော့လဲ
သတိရနေမိတဲ့ စိတ်ကို မုန်းတတ်လာတယ် ....

ဘာဆိုဘာမှ မသိတော့လည်း
တုံးလွန်းတဲ့ ငါ့ကိုယ်ငါ မုန်းတတ်လာတယ် ....


P.S >>> ကဗျာအသစ်တင်ချင်ပေမဲ့ ရေးလို့ မထွက်ဘူးဗျာ ... စိတ်ညစ်တာနဲ့ ဒီကဗျာလေး ရေးဖြစ်သွားတာ။
ရေးပြီးသား ဆိုတော့လည်း မကောင်းပေမဲ့ မပစ်ရက်လို့ တင်လိုက်တယ်ဗျာ .....



Friday, July 25, 2008

Blogger Gathering (Moscow)

3 comments


ဇူလိုင်လ (၁၆) ရက်နေ့ မော်စကိုမြို့ MSU (Moscow State University) ကျောင်း ကျောင်းသားဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြပြီး ၂၀၀၈ ၊ ဧပြီလ ၄ ရက် ( သင်္ကြန်အကျနေ့ ) က အကြမ်းဖျဉ်း ရည်ရွယ်ထားခဲ့တဲ့ ကျွန်တော် တို့ရဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ်။ Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နောက်တစ်နေ့ ( ၁၇ ဇူလိုင် ၂၀၀၈ ရက်နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာ ပြည်သူပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အပေါင်းက ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်း ခဲ့ကြပါတယ်။ နေ့လည်ခင်းမှာတော့ အမှတ်တရ ခရီးအဖြစ် (Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီအစ်ကို ၊ မောင်နှမများအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ တွေ့ဆုံပွဲလို နိုင်ငံအသီး သီးမှာရှိကြတဲ့ Blogger ညီအစ်ကို ၊ မောင်နှမ များလည်း ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေလို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုက ဆန္ဒပြုလိုက်ပါ တယ်ခင်ဗျာ။ Blogger များ အားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….
…. ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်နေစဉ် ….

……. ဆွေးနွေးပွဲနှင့် အမှတ်တရ ခရီး …….


မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ကိုလည်း ဆွေးနွေးပွဲမှာ ပါဝင်သူအဖြစ် အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ smile


ကိုရင်ညိန်းတင့်ထူးရွှေနတ်သျှင်နောင်Black Dreamမောင်ကောင်းအောင်လွမ်းလုင်မျှားပြာ ရွှေရောင်ကောင်းကင်လင်းထွန်း လွမ်းသုခရတ်မွန်နေချိုအေး ၀ဿန်ဦး ၊ မောင်နိုင်မီးပြတိုက် ဇွတ်ဆိုးလေး 4Everထိပေ့သျှင်ကိုစွမ်းကိုအောင်ညိမ်းညို ဖြိုးငယ် အောင်ဦး နန်းထိုက်ဝင်းမင်းဝေ တင်နွယ်မောင် သုခရိပ်မင်းကျန်စစ်အလွမ်းရောင်စောမဏ္ဍိုင် အညာသားလေး မောင်ငယ် မောင်သုညလွမ်းစေ (မြန်မာပြည်)
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template