Tuesday, July 29, 2008
အမုန်း
ခံရတာ များလာတော့လဲ
တိုက်ခိုက်မှုတွေကို မုန်းတတ်လာတယ် ....
စားရတာ များလာတော့လဲ
ကြက်ဥကို မုန်းတတ်လာတယ် ...
နားလည်ပေးရတာ များလာတော့လဲ
သည်းခံတက်တဲ့ စိတ်ကိုမုန်းလာတယ် ...
ကဗျာရေးဖို့ စဉ်းစားရတာများလာတော့
ခံစားချက်နည်းတဲ့ နှလုံးသားကို မုန်းတတ်လာတယ် ...
ခဏ ခဏ လွမ်းရတာများလာတော့လဲ
သတိရနေမိတဲ့ စိတ်ကို မုန်းတတ်လာတယ် ....
ဘာဆိုဘာမှ မသိတော့လည်း
တုံးလွန်းတဲ့ ငါ့ကိုယ်ငါ မုန်းတတ်လာတယ် ....
P.S >>> ကဗျာအသစ်တင်ချင်ပေမဲ့ ရေးလို့ မထွက်ဘူးဗျာ ... စိတ်ညစ်တာနဲ့ ဒီကဗျာလေး ရေးဖြစ်သွားတာ။
ရေးပြီးသား ဆိုတော့လည်း မကောင်းပေမဲ့ မပစ်ရက်လို့ တင်လိုက်တယ်ဗျာ .....
Friday, July 25, 2008
Blogger Gathering (Moscow)
နောက်တစ်နေ့ ( ၁၇ ဇူလိုင် ၂၀၀၈ ရက်နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာ ပြည်သူပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အပေါင်းက ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်း ခဲ့ကြပါတယ်။ နေ့လည်ခင်းမှာတော့ အမှတ်တရ ခရီးအဖြစ် (Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။
ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီအစ်ကို ၊ မောင်နှမများအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ တွေ့ဆုံပွဲလို နိုင်ငံအသီး သီးမှာရှိကြတဲ့ Blogger ညီအစ်ကို ၊ မောင်နှမ များလည်း ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေလို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုက ဆန္ဒပြုလိုက်ပါ တယ်ခင်ဗျာ။ Blogger များ အားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….
မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ကိုလည်း ဆွေးနွေးပွဲမှာ ပါဝင်သူအဖြစ် အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
နေသာသလိုနေလိုက်..တော့..
အသစ်တွေ့လို့ မေ့တတ်ရင်
စောစောကပြောပေါ့ဆို
မုန်းတယ်လို့ဆိုတိုင်း ရှုံးတယ်လို့မှတ်ယူရအောင်
ဒါကလောင်းကစားဝိုင်းမှမဟုတ်တာ..
ဟောင်းသွားတိုင်း ပစ်ရရင်
အချစ်ကို ဘယ်လိုမြင်မလဲ
မင်းမလိုချင်မှတော့
ငါ့ရင်ခွင့်က ဘာလုပ်ဖို့လဲ
ဒီည ကြယ်တွေကင်းပါစေ ...
မင်းပြုစားတိုင်း ရူးစေချင်ရင်
အစကတည်းက ငါ့ရင်ခွင်တစ်သိုက်မှာ
ပဒိုင်းပင်စိုက်ထားပါတယ်..
မေတ္တာနယ်ပျောက်ပြီး သစ္စာဖောက်သွားကတည်းက
ငါက ဥပေက္ခာနယ်မှာရောက်ပြီးသားပဲ ....
လျှောက်ပြီးသားလမ်းကို သွေဖယ်
ငါ့ဘ၀ကို ကျီစယ်မယ်လို့ ရည်ရွယ်ခဲ့ရင်
ငါ့ရင်ခွင်နယ်က နှလုံးသားကို
ငါခဏ သိမ်းထားခဲ့မှာပေါ့ ...
အခုတော့လည်း ....
မျက်ရည်စ တွေက ငါ့ဘ၀အတွက်အဖော်ပါကွယ်
မှတ်ချက် ။ ။ ဖြိုးငယ် နှင့် အဇ္ဈတ္တပြခန်း အွန်လိုင်းပေါ်တွင် လက်တန်းရေးဖွဲ့သည်။
Tuesday, July 22, 2008
နားခွင့်
ကန်ရေပြင်မှာ ပွင့်တဲ့ပန်းကို
လရောင်က နမ်းလို့ လန်းသတဲ့
ငါ့အလွမ်းကိုရော
သူမ မတမ်းတ ဘူးလား
နွမ်းလျှတွန့် ကြေ
လမင်းနေတဲ့ ကောင်းကင်ကို ငေးမော
ဝေးသော ဒုက္ခ အင်္သချေ .....
နွေဆိုပေမဲ့ မိုးတို့က မင်းမူ
မော်စကို ဟူသော ဤအရပ်ကဲ့သို့
ဝေးလို့ဆိုပေမဲ့ မေ့မရ
သူမ က စိုးမိုး
တိုးတိုး ညင်သာ တိုက်ခတ်
လေညင်း သက်သက်ဆိုပေမဲ့
အပူဓါတ်တို့ ပါသေးတယ် ....
ဒီနွေနဲ့ဒီလေ
ဒီကဗျာနဲ့ ဒီအလွမ်း
ဒီနှုတ်ခမ်းနဲ့ ဒီပါးပြင်
ဒီကောင်းကင်နဲ့ ဒီလူ
ဒီအပူနဲ့ ဒီတရား
အားလုံးကို ခဏမေ့ထားပြီး
အကျွနု အား နားခွင့်ပေးပါ ထိပ်ထားရယ် ...
ဖြိုးငယ်
Friday, July 18, 2008
ဇူလိုင်တမ်းချင်း
ဇူလိုင်က တစ်ဆယ့်ကိုး
မိုးတို့က သည်းသည်းရွာ
တွေးမိတိုင်း ရင်ထဲနာတယ်
ဝင်သက်တို့ မြဲနေသ၍
မေ့ရက်နိုင်ခဲ …..
နိုင်ငံအလင်းအတွက် တောက်တဲ့မီးကိုမှ
အမှောင်ထုရောက်အောင် ငြိမ်းသက်ခဲ့
အသားထဲက လောက်ထွက်
ယုတ်မာသူ လူတစ်သိုက်ကြောင့်
အသက်တွေ စတေးခဲ့ရ
ဗိုလ်ချုပ်နဲ့ အာဇာနည်တွေရယ်
ကမ္ဘာတည်သမျှ ပေါ့
မြန်မာတို့ ရင်ထဲမှာ ရှိကြမှာပါ ….
နှစ်တွေ အလီလီဟောင်းခဲ့ပါ့
အချိန်တွေ အခါခါပြောင်းသည့်တိုင်
၁၉ ဇူလိုင် ရောက်ရင်ဖြင့်
ရင်နင့် အောင် ခံစားရမိ
ဗိုလ်ချုပ်တော့ မသိနိုင်ဘူး
စိတ်မခိုင် ယိမ်းယိုင်မျက်ရည်စ တို့က
အဲဒီမိုးတို့နဲ့ မထိန်းနိုင် ရောကာ ကျတယ်
ဗိုလ်ချုပ်ရေ ….
လွမ်းမောဖြေခဲ …..
ပန်းတောမှာ ရွှေရည်သန်း
နေခြည်ဖျန်းလို့ ဖူးပွင့်နေ
သာယာနေ မြန်မာပြည်မြင်တိုင်း
နှိုင်းယှဉ်မရ ကျေးဇူးအနန္တတွေနဲ့
သမိုင်းအစဉ် ဘယ်အခါမေ့မရတဲ့
ဗိုလ်ချုပ်ပါ အာဇာနည်တွေရယ်
လေးစားကုန်ခဲ …..
Thursday, July 10, 2008
မောင်ပြုံးမဲ့ နေ့ ….
သနပ်ခါး တစ်ဖွေးဖွေး
သူ့ပါးပြင် ခပ်နွေးနွေး
အတွေးဝယ် ရေးရေးထင်
ပြေးပြေးမြင် ချစ်စဖွယ်အပြုံး
ရင်တစ်ခုလုံး နွေးနွေးထွေး
မွှေးမွှေးလေး ပေးချင်တယ် ….
တွေးတွေးဆွေးရမှာကြောက်
ဝေးဝေးရင်းရောက်နေတဲ့ ကမ္ဘာ
ဟာတာတာ ရင်ဗလာနဲ့
အကြင်နာတွေ သွေဖီထွက်
ဒီမနက်တို့ အကျည်းတန်
အထီးကျန်သူ ရင်ခွင်ပျောက်
မင်းတစ်ယောက်က မသိနိုင်….
အလွမ်းပေါက်တဲ့ ရာသီ
အနမ်းမရောက်တဲ့ ဌာနီ
သူ့ပါးပြင်ဆီ အတွေးတို့ထား
သနပ်ခါး ရနံ့တစ်ချို့
ရင်ခွင်သို့ ပြေးဝင်
အလွမ်းနှင် သခင်မရယ်
ဘယ်မျှထိ နှိပ်စက်မှာလဲ …..
အိပ်ပျက်တာ မနည်းလည်း
တစ်ခါမှ စိတ်မပျက်ခဲ့
အတိတ်ရဲ့ ရက်တွေ သတိရရင်း
အနာဂတ်ကို တမ်းတ
အနမ်းရွရွ ချွေမဲ့ပါးပြင်ပေါ်
သနပ်ခါးလှလှ တင်လို့
ကြိုနေတော့ မောင်လာလမ်းမှာ
မျှော်မှန်းကာ ကြည်နူး
ကောင်းကင်မှာပျော်မြူးတဲ့
လရောင်ကို ရှောင်ပုန်းမယ်
မောင်ပြုံးမဲ့ နေ့ …….
ဖြိုးငယ်