Showing posts with label ကျွန်တော်နှင့်ရောင်းရင်းတို့ ပေါင်းစပ်မှုကဗျာများ. Show all posts
Showing posts with label ကျွန်တော်နှင့်ရောင်းရင်းတို့ ပေါင်းစပ်မှုကဗျာများ. Show all posts

Sunday, April 12, 2009

အဲဒါကဗျာဆရာ

9 comments
ပန်းကလေးတစ်ပွင့်

တစ်ခြားဘယ်လိုပန်းမျိုးကမှ

တုနှိုင်းမမှီ ခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ ပန်း ......။



အဲဒီပန်းဟာ တစ်ခမ်းတစ်နားနဲ့

ကဗျာဆရာ အနားမှာ

ထာဝရ ခစားနေလေရဲ့ ....။



သစ်သီးလေးတစ်လုံး

တစ်ခြားဘယ်လိုသစ်သီးမျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ သစ်သီး ....။



အဲဒီသစ်သီးဟာ ထီးထီးမားမားကြီး

ကဗျာဆရာရဲ့အနီးမှာ

အားကြီးနေလေရဲ့ .....။



လွယ်အိတ်လေးတစ်လုံး

တစ်ခြားဘယ်လိုလွယ်အိတ်မျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ လွယ်အိတ် ......။



အဲဒီလွယ်အိတ်ဟာ ကဗျာဆရာရဲ့စိတ်

အဲဒီအိတ်ထဲမှာ ခံစားချက်တွေကလည်း

အိတ်သွန်ဖာမှောက် .....။



ရာဟုမလေးတစ်ယောက်

တစ်ခြားဘယ်လိုမိန်းကလေးမျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ရဲ့ ချစ်သူ ......။



အဲဒီ မိန်းကလေးဟာ

သူ့ဘေးမှာ မရှိခဲ့ရင်တောင်

နှလုံးသားပိုင်စား သခင်မတစ်ပါးပါပဲ .....။



အိမ်မက်လေးတစ်ခု

တစ်ခြားဘယ်လိုအိမ်မက်မျိုးကမှ

တုနှိုင်းမမှီအလွမ်းငွေ့ ရည်ဖွဲ့ခဲ့တယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ အိပ်မက် .....။



အဲဒီအိပ်မက်ဟာ

ကဗျာဆရာရဲ့ ၀င်သက်ထွက်သက် မဆိတ်သုဉ်းသ၍

ကြယ်ကိုးစင်းနဲ့အပြိုင်လင်းတဲ့ ကောင်းကင် ......။



သေးငယ်တဲ့လှိုင်းအမှုန်လေးကအစ

ကြီးမားတဲ့ဒြပ်ထုအဆုံး

တခမ်းတနားတုနှိုင်းမမှီဖွဲ့နွဲ့နိုင်တာ

အဲဒါ ကဗျာဆရာ ...။


ကျွန်တော့်ဆရာတွေကို ဂုဏ်ပြုသည်

သီဟညိမ်း

(
ဖြိုးငယ် ကူညီရေးစပ်သည် ။ )

(၁၄.၄.၂၀၀၉)

Friday, July 25, 2008

နေသာသလိုနေလိုက်..တော့..

8 comments

အသစ်တွေ့လို့ မေ့တတ်ရင်
စောစောကပြောပေါ့ဆို
မုန်းတယ်လို့ဆိုတိုင်း ရှုံးတယ်လို့မှတ်ယူရအောင်
ဒါကလောင်းကစားဝိုင်းမှမဟုတ်တာ..

ဟောင်းသွားတိုင်း ပစ်ရရင်
အချစ်ကို ဘယ်လိုမြင်မလဲ
မင်းမလိုချင်မှတော့
ငါ့ရင်ခွင့်က ဘာလုပ်ဖို့လဲ
ဒီည ကြယ်တွေကင်းပါစေ ...

မင်းပြုစားတိုင်း ရူးစေချင်ရင်
အစကတည်းက ငါ့ရင်ခွင်တစ်သိုက်မှာ
ပဒိုင်းပင်စိုက်ထားပါတယ်..
မေတ္တာနယ်ပျောက်ပြီး သစ္စာဖောက်သွားကတည်းက
ငါက ဥပေက္ခာနယ်မှာရောက်ပြီးသားပဲ ....

လျှောက်ပြီးသားလမ်းကို သွေဖယ်
ငါ့ဘ၀ကို ကျီစယ်မယ်လို့ ရည်ရွယ်ခဲ့ရင်
ငါ့ရင်ခွင်နယ်က နှလုံးသားကို
ငါခဏ သိမ်းထားခဲ့မှာပေါ့ ...
အခုတော့လည်း ....
မျက်ရည်စ တွေက ငါ့ဘ၀အတွက်အဖော်ပါကွယ်


မှတ်ချက် ။ ။ ဖြိုးငယ် နှင့် အဇ္ဈတ္တပြခန်း အွန်လိုင်းပေါ်တွင် လက်တန်းရေးဖွဲ့သည်။

Wednesday, February 6, 2008

ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်

1 comments


ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်


အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်
တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ် … …

အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် … …

ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
… လာ … … လှမ်းစို့ … …

ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ရင်ခတ်သံဟာ ခံစားချက်ရဲ့မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ … ယုံ … …

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့ …
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်း ဖြစ်ရဲ့ … …

အာရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တစ်မနက်စာအတွက်
နိုးတ၀က်အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်း ဖြစ်ရဲ့ … …

အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် …
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ …

ဟောဒီမှာကွယ် …
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် …
အသွေးအရောင်မဲ့တဲ့လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ … …

မပြုံးဘူးလို့နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ …
ငါတို့ ဓါတ်ပြုလိုက်ကြတယ် … …

မတွေ့ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တစ်ဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ
… “ မိုးကျရွှေကိုယ် ” … …

( တည်ညိမ်းကို + ChIroN + တင့်ထူးရွှေ + ဖြိုးငယ် + မျှားပြာ + ညိမ်းညို )


Thursday, January 3, 2008

ညီအကိုတွေရဲ့ ဒီဇင်ဘာ (၃၁)

0 comments
ဒီနေ့ ...တို့ညီအကိုတတွေ ပျော်ဖို့ကောင်းလိုက်တာ
လောကကြီးတစ်ခုလုံး လှပလို့..
လျှပ်ပန်းလျှပ်နွယ်တွေ
ရွီး..ဖောက် ဆိုတဲ့ အသံတွေ
တစ်လက်လက် အလင်းဝတ်မှုံတွေနဲ့အတူ
ငါတို့တွေ ကြိုဆိုနေမိရဲ့
ရင်ဆိုင်တွေ့ရမဲ့ အနာဂတ်ကိ
လက်ဖျောက်တီးကြိုဆိုနေကြတာ ကြည်နူးစရာအတိပါပဲ

ငါတို့ ရှူသွင်းလိုက်တဲ့ အငွေ့အသက်တိုင်း
ငါတို့ ပြောနေတဲ့ အကြောင်းအရာတိုင်း
ငါတို့ကြားနေတဲ့ ဘာသာဗေဒတိုင်း
အနာဂတ်တွေ အပြည့်နဲ့ဒီဇင်ဘာ ၃၁ ကို ထွန်းညှိလိုက်ပြီ
မျှော်လင့်ချက်တွေ လင်းလက်နေတဲ့ မနက်ဖြန်ကို
ာတွေနဲ့ ခြစ်ထုတ်ကြမလဲ
ရင်ခုန်သံတိုင်းကို စာလုံးထွင်းပစ်လိုက်
ပျာ်ရွှင်ဖွယ် နေ့သစ်တွေ ရောက်လာလိမ့်မယ်

နွမ်းညစ်တဲ့အတွေးနုပ်တွေကို
ငါတို့ နှုတ်ဆက်ထားခဲ့ပြီပဲ
ဒုက္ခတွေနဲ့ ထွေးလုံးသတ်ပုတ်နေတဲ့ ဘ၀ချိုချိုမှာ
ကောင်းကင်ရဲ့ အလင်းသစ်တွေနဲ့
ခွန်းဆိုလက်ဆွဲနှုတ်ဆက်ရင်း ကြိုဆိုနေမိပြီ ၂၀၀၈ ရေ....

အငြိုးအာဃာတတွေ အတ္တအမုန်းတွေကု
စစ်မှန်သောအပြုံးချိုတွေ ဖြန့်ခင်းလို့
နွေးထွေးနေမဲ့ ချစ်စရာ နေ့သစ်များနဲ့ဆေးကြောလိုက်ကြမယ်
တို့တစ်တွေ အနာဂတ်ကို ပျော်ရွှင်စွာမျှော်လင့်ကြပါစို့...

တင့်ထူးရွှေ + ဖြိုးငယ် + ညိမ်းညို+ လွမ်းစေ
မျှားပြာ + ရွှေရောင်ကောင်းကင်( ဧည့် တာဝန်ခံ )



ဒီကဗျာလေးကို New year ညက ကျွန်တော်တို့ဆုံပြီးရေးထားကြပေမဲ့ အခုမှတင်ဖြစ်တာပါ....သူငယ်ချင်းတွေက တင်ပြီးနေကြပြီလေ...ကျွန်တော့်သူငယ်ချင်းတွေဆီကိုလည်း သွားပြီးအားပေးလိုက်ပါဦးဗျာ

Sunday, December 30, 2007

ကမ္ဘာဆိုတာ တစ်ခုတည်း

0 comments
တကယ်တော့ ကမ္ဘာဆိုတာတစ်ခုတည်းပါ
ကျွန်တော့်ရင်ထဲမှာ အချစ်ဆိုတာသိစတည်းက
သူမတစ်ယောက်တည်းရှိခဲ့တာ အသေအချာပါပဲ
နေ့စွဲတွေမရေးထိုးပေမဲ့ ကျွန်တော်ရဲ့ရာဇ၀င်ထဲမှာ
သူမရဲ့ပုံရိပ်တွေအမြဲမော်ကွန်းတင်ထားဆဲပေါ့.....

ရင်ခုန်သံတွေနဲ့ညွှန်းဆို
ငါအမြဲတမ်းဆိုနေတဲ့ သီချင်းတစ်ပုဒ်ကလည်း
မင်းအတွက်ပဲဖြစ်ခဲ့တာပါ အာရုံတွေအဆက်ဆက်
ချဉ်ခြင်းတပ်ရလောက်အောင်လည်း
ငါအလွမ်းတွေ ခုန်ပေါက်မင်းထံပဲရောက်ခဲ့တာပါ.....

ငါ့ဝင်သက်ရှင်သန်နေသ၍
ငါ့ရှေ့က ငါ့ကမ္ဘာလေးမင်းဟာ
ငါ့ရင်ထဲထွန်းလင်းနေမဲ့
ချစ်ခြင်းရဲ့အလင်းရောင်ပါကွာ....

မာယာရောင်တစ်ချက်မသန်းတဲ့
နှလုံးသားရဲ့လမ်းထဲမှာ
ပွင့်ကြတဲ့ပန်းတိုင်းဟာလည်း
မညိုးမနွမ်းပန်ဆင်ဖို့
အသင်သာလျှင်ခူးပါလှည့်တော့
အကျွန်ရင်မော့ ဖူးချင်ပါ့
င့ါဘ၀ရဲ့ သခင်မရယ်..

ဖြိုးငယ် + လွမ်းသုခ

Saturday, December 29, 2007

ဆန္ဒတစ်ခုနှင့်ကြွေတဲ့အလွမ်း

0 comments
မျက်စိကိုစုံမှိတ်
စိတ်ရဲ့ကြေးမုံမှာ သူမပုံရိပ်ထင်တော့
ငါ့ရင်ခွင်က ပုန်ကန်တယ်
သူ့လွမ်းဒဏ်ကို သူမ မသိဘူးလားတဲ့....

နေရာပေးမိတယ်
ခပ်ရေးရေးသာပေါ်စေတော့ရယ်ပေါ့
တကယ်တမ်းတော့
ရင်ခွင်ကိုလွှမ်းခြုံ ကမ်းကုန်အောင်
သံမှိုမစွဲဘဲ မြဲနေလေရဲ့......

အနိုင်ယူပါတော့
အသည်းရှင်သခင်မရယ်
ဒီရင်က အလွမ်းအဆွေးတွေကို
သခင်မလက်နဲ့သာရေးပါတော့
ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလဲ
အကျွန်က အလွမ်းလူသားပါ.....

စုန်ချည်ဆန်ချည် ကူးခတ်
ငါမှေးစက်ရာ ပင်လယ်ဆိုယင်
ကမ်းမကပ် လမ်းတစ်ဝက်မှတင်
မင်းဆီကအချစ်နဲ့
ရေတစ်ပေါက်တော့ ငါတောင်းပါရစေ.....

ဖြိုးငယ် + လွမ်းသုခ

အိမ်မက်ကမ္ဘာရဲ့ ပန်းတစ်ပွင့်

1 comments
အလွမ်းတွေပြန့်ကျဲ
ခပ်နွမ်းနွမ်းနဲ့ ငါလှမ်းလျှောက်ရတဲ့လမ်းတွေ
အမောပြေအောင်ဖေးကူ
မင်းအနမ်းတွေကငါ့ ကိုထူနေတုန်းဘဲ.....

ဆူနေတဲ့ ငါ့အပူတွေကို
ဘေးကနေ ယူဆောင်လို့
ငါဘ၀လှောင်အိမ်တွင်းမှာ
မင်အချစ်တွေနဲ့ လှပနေဆဲပါ....

ဝေးကွာလွန်းတဲ့ ကမ္ဘာ
မိုင်တိုင်တွေကြိုးဆက် ငါလှမ်းဖို့ခက်နေပေမယ့်
ခြေအစုံကိုခွင့်ပေး တိမ်တွေလိုနှင်ခွင့်ရှိမယ်ဆိုရင်
ငါ့နှလုံးသားရဲ့ဦးတည်ရာ
ရင်ခွင်နှစ်လွှာကြားမှာ ခြားနားဖို့တံခါးမရှိဘူးချစ်သူ.....

ဘေးစကားတွေကို အဝေးမှာထားပေးပါ
သွေးကြားက သစ္စာတရားတွေအတွက်
အချစ်တွေရင်မှာပိုက် မင်းထွက်လိုက်တဲ့ကမ္ဘာ
ငါ့ရင်သာဖြစ်ပါစေတော့
ကံကြမ္မာရဲ့ရတက်မီးကို ဆက်ညီးကြမှာလား
ငါတို့ရဲ့ခွန်အားတွေက ဘာအတွက်လဲချစ်သူ....

နွေးထွေးခဲ့တဲ့ လက်တွေ
လင်းလက်ခဲ့တဲ့ညတွေ ကြားမှာ
ကြယ်တွေစွတ်ခူး
ငါ့ညတိုင်း ငါပြန်ရူးခွင့်ရှိပေမယ့်
အချစ်ကို ချိပ်ပိတ်
မင်းအတွက်နဲ့အိပ်မက်မမက်ကြေး
တိတ်တိတ်လေးအိပ်နေမယ်.....

ချွေးသိပ်ခဲ့ဖူးတဲ့ ရင်ခွင်မြို့တော်
ငါတို့ပျော်ခဲ့ဖူးတဲ့ အချစ်အိမ်
ကံကြမ္မာရဲ့တိမ်တွေမလာအောင်
တစ်လောကလုံးကိုအမှောင်ချ
မင်းနဲ့ကိုယ့်ရဲ့ညတွေကို
လမင်းလေးအားပြောပြထားမယ်....

ဖြိုးငယ် + လွမ်းသုခ
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template