Monday, April 28, 2008

ကောင်လေး စဉ်းစား .... ကိုယ့်ထမင်းကို ကိုယ်စားတယ်....

8 comments

အပိုတွေမပြောနဲ့
ဒီဝမ်းတစ်ထွာပြည့်ဖို့
ကိုယ်လုပ်အားနဲ့ ကိုယ်ဖြည့်ရတာပါ
ဘယ်သူမှအလကားမကျွေးဘူး....


ဆရာဝန်တစ်ယောက်ထမင်းစားဖို့
သူပညာနဲ့ဆေးကုတယ်
လူနာတွေက ထမင်းကျွေးတာလား
သူ့ပညာနဲ့ရှာစားတာလား
ကောင်လေး....
မင်းစဉ်းစားနော်......


ကျောင်းဆရာတစ်ယောက် ထမင်းစားဖို့
ကျောင်းသားတွေကိုစာသင်တယ်
သူများတွေကျွေးတာလား
အလုပ်လုပ်လို့စားရတာလား
ကောင်လေး...
မင်းစဉ်းစားနော်.....


သိပ်မပြောချင်ဘူး..
သူများစီးပွား တုတ်မထိုးချင်နဲ့
မင်းထမင်းစားဖို့ မင်းကြိုးစား
ငါထမင်းစားဖို့ ငါကြိုးစားမယ်
မလိုတာကို ဘေးဖယ်ထားရမယ်.....


စကားနဲ့ အနိုင်မလုချင်နဲ့
ငါတို့က အ နေတာ မဟုတ်ဘူး
စိန်ပလိမ်တိန် ကစားရမှာ ပျင်းလို့
မင်း အတင်းလာမပြောနဲ့
ငါမြင်းငါစီး .. ငါထီးငါဆောင်းမယ်...
မင်း မကောင်း မပြောနဲ့....


လာရောင်းမနေနဲ့
ကမ္ဘာမှာ လေတွေ အလကား ရနေသေးတယ်...
လေရောင်းနေလို့ကတော့
ဘယ်နေရာပြောင်းပြောင်း
မင်း ၀မ်းဟောင်းလောင်းဖြစ်နေမှာပဲ.....


ထမင်းစားဖို့ အလုပ်လုပ်ရတယ်
အလုပ်လုပ်တာ ထမင်းစားဖို့ပါ
ကောင်လေး …မင်းစဉ်းစား…
လူတိုင်း ကိုယ့်ထမင်း ကိုယ်စားတယ်..
မင်းကရော …..?????



ဖြိုးငယ်

Sunday, April 27, 2008

တံခါးခေါက်ပါ....

8 comments

အလွမ်းတွေရင်နဲ့ မမျှလို့
ပန်းတွေအဖြစ် ဖန်ဆင်း
ရင်တွင်းက တောအုပ်မှာ
အလွမ်းတို့ ဖွေးဖွေးလှုပ်နေပြီ....


ဧပရယ် ရဲ့ ညတို့
ဖြေဆည်လို့မရနိုင်ပေါ့
ရင်ဝကို တည့်တည့်တိုး
အဲဒီအလွမ်းတို့ မသိုးသေးဘူး....


မရိုးတဲ့သီချင်းကိုပဲ ဖွင့်
ပျံ့လွင့်နေတဲ့လေထုထဲမှာလည်း
အလွမ်းတွေ ရောသွမ်းနေတုန်းပဲ......


တခမ်းတနား မဟုတ်ပေမဲ့
နေ့တိုင်း လွမ်းဖျား ဖျားခဲ့တယ်
အချစ်ဖျားက ၁၀၈
ဘယ်တော့မှ အမြစ်ပြတ်မှာလဲ...


ရင်ပတ်နှောင်ချည်
ဆန္ဒ တွေအလီလီနဲ့
ပြဒါးရှင် သာရှိခဲ့ရင်
တစ်ရက်တစ်ခေါက်တော့
သူမဆီရောက်နေမှာပဲ.....


ဖြေလည်းမပျောက်လို့
ရေသောက်တဲ့နွေမှာ
ငါခြေရာဖျောက်ခဲ့တယ်
( ချစ်သူရေ..... )
မင်းရောက်ရင် တံခါးခေါက်ပါ....



ဖြိုးငယ်

Wednesday, April 23, 2008

ကွက်လပ်တစ်ခုနဲ့ ည

10 comments

ဒီည....
ခုနှစ်စင်ကြယ်မှာ ကြယ်တစ်လုံးပျောက်
ဓူဝံကြယ် တောင်ဘက်ရောက်နေတယ်....
မှောင်လိုက်တဲ့ည လို့ ထင်မိ
မင်းမရှိလို့ဖြစ်နိုင်တယ်.....


ဒီည....
မနေ့ကထက် ပိုမှောင်တယ်
မရှိသူကိုမှ ယောင်ယောင်ပြီးတမ်းတ
ရင်ဘတ်တစ်ခြမ်းကိုမှ
အပူတို့ဗွမ်းဗွမ်းထအောင်
သူမက အစွမ်းပြတယ်
ဧပြီလရဲ့လေတို့ လက်မြှောက်ကုန်ပါလား....


ဒီည
အဲဒီလေညင်းအေးမြမြက
ကျွန်တော့်ရင်ခွင် ကွဲရှရှကို
အတင်းတိုးဖောက် မွှေနှောက်
ကျွန်တော့်ရဲ့ ပျောက်နေတဲ့ ရင်ဘတ်
သူတို့ဝှက်ထားလိုက်တယ်
ထိပ်ထားရေ....
ငါ့ကိုမသနားတော့ဘူးလား....


မနက်ဖြန်တွေကို
အသက်မှန်မှန်ရှုရင်းစောင့်
သူမရောက်မဲ့ နေ့ကြရင်
အဲဒီကွက်လပ် ပျောက်လောက်ရဲ့
ခုတော့လည်း တစ်ယောက်တည်းမို့
လာနောက်ကြတဲ့လေသရမ်းတွေကို
အလွမ်းတွေနဲ့ ရန်တိုက်ပေးခဲ့တယ်....


ငါကတော့...................
အဲဒီကွက်လပ်လေးဘေးမှာ
တိတ်တိတ်လေး ထိုင်နေရဲ့
ဒီည မြန်မြန်ကုန်ပါစေ.....



ဖြိုးငယ်

Friday, April 18, 2008

မြနန္ဒာအတွက် မွေးနေ့ဆုတောင်း

4 comments

မနေ့ကတစ်ရက်နဲ့
ဒီနေ့တစ်ရက် ဖြစ်တည်မှုကြားမှာ
ကြီးထွားမှု အားက
တစ်နှစ်ဆိုတဲ့အရေအတွက်ကိုပိုင်းခြားခဲ့ပြီ......
အမေ့ဝမ်းက ထွက်
ဧပြီရဲ့ရက်တွေကိုဖြတ်ခဲ့တာ
၂၃ နှစ်ပြည့်ပြီလေ.....


သင်္ကြန်ကိုကျော်ကာ
နှစ်သစ်မင်္ဂလာမှာ
မြနန္ဒာ ဆိုတဲ့ ပန်း
နောင်နှစ်ပေါင်းများစွာလန်းဖို့
အနောက်ဖက်က လမ်းလေးထဲမှာ
ပျားရည်စမ်းတဲ့ ဘ၀နဲ့ပျော်
နှစ်ပေါင်းရာကျော် တိုင်ဦးမှာပါ.....


ဒီတစ်ခါ သင်္ကြန်ကျော်
အသက်ကိုပြန်ခေါ်ကြည့်ရင် နှစ်ဆယ့်သုံး
တစ်သက်လုံးအေးချမ်း
မိုးဆမ်းတဲ့ ပန်းလို ထာဝရ လန်းလို့
ထပ်လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ
ပျော်ရွှင်မှုတွေဖျန်း
အောင်မြင်မှုတွေ ထမ်းလို့
ရည်မှန်းသမျှ ပြည့်ပါစေ.......


P.S => သူငယ်ချင်း မြနန္ဒာရဲ့ ၂၃ နှစ်မြောက်မွေးနေ့အတွက် မွေးနေ့လက်ဆောင်နော်...

ဖြိုးငယ်

Wednesday, April 16, 2008

ကြိုလိုက်ကြဆို့..သယ်ရင်းတို့

2 comments

ဟော....
ဟိုမှာကြည့်စမ်းသယ်ရင်းတို့
တစ်သုံးခြောက်ကိုးက
တိုးတိုးလေးလက်ပြထွက်ခွာ....
တစ်သုံးခွန်သုံညက
လက်ကမ်းကာ ကြိုဆိုနေပြီ..
အို..... မြန်မာပြည် အေးချမ်းပါစေ.....


ဘေးဘယာ ဝေးကွာ
နှစ်သစ်ဆိုတဲ့ အခါ သမယ
ရွှင်ပြနှလုံးနဲ့ တစ်ကမ္ဘာလုံးလှပါစေ
မေတ္တာရေ သွန်းဖျန်း
အေးချမ်းတဲ့ နိမိတ်က
ဟော...
အရှေ့ယွန်းဆီက လာတဲ့ရောင်ခြည်
ဒီနေ့ ပိုနီလာသလိုပဲ......


အတိတ်ကိုထားခဲ့တော့
စိတ်ကလေးကိုလည်းတက်နိုင်သမျှပြုပြင်
အကောင်းတွေ တန်ဆာဆင်ကြတော့
ချစ်ခင်ကာ လက်တွဲကြမယ်
တို့ညီရင်း မောင်နှမတွေလို
ဒီနှစ်သစ်ကိုကြိုဆိုကြပါစို့
ကျန်တာတွေမေ့
ဟော ဟိုကတွေတဲ့
တစ်သုံးခွန် သုံညကို
ညီညာဖြဖြ နှုတ်ဆက်ကြပါစို့
ချစ်သော သယ်ရင်းအပေါင်းတို့....





ဖြိုးငယ်

Monday, April 14, 2008

သင်္ကြန်ဆိုတာ လွမ်းတေးတစ်ပုဒ်

4 comments

သြော်..ရောက်လာပြန်ပေပေါ့ ..သင်္ကြန်.....

သင်္ကြန်..သင်္ကြန်နဲ့သာပြောနေတာ...တကယ်တော့ ကျွန်တော့်ဘ၀မှာ သင်္ကြန်ဆိုတာ အခုအချိန်ထိ တစ်ခါမှ ရေရေရာရာပျော်ဖူးတယ်ဆိုတာ မရှိခဲ့ပါဘူး....ကလေးဘ၀ သင်္ကြန်ရောက်လာရင် ရေပက်မယ်... ရေပက်ခံထွက်မယ်...ဒီလောက်ပဲ သိတာပါ..

မှတ်မှတ်ရရ ...တစ်ခါတော့ ပျော်တယ်လို့ သတ်မှတ်ဖူးတဲ့ သင်္ကြန်လေးတစ်ခု ရှိဖူးတယ်...အခု သင်္ကြန်ရောက်လာတော့ အဲဒါလေးတွေ ပြန်အမှတ်ရမိတယ်... မီးငယ် ကလည်း Tag ထားတော့ အခု အဲဒါလေးကိုတွေးမိသွားတယ်.....

၂၀၀၁ သင်္ကြန်

လွန်ခဲ့တဲ့ ၇ နှစ်ကပေါ့....အချိန်ကတော့ နည်းနည်းကြာနေပါပြီ... ၁၀ တန်းဖြေပြီးကာစ ဆိုတော့ အားနေတာပေါ့..သင်္ကြန်ကိုလည်း အပြတ်ကဲမယ်လို့ စိတ်ကူးထားတာပေါ့..ဒီလိုနဲ့ သင်္ကြန်နားနီးလာတော့
လမ်းထဲက လူငယ်တွေ ပေါင်းမိပြီးစတုဒီယာကျွေးဖို့ အကြံလေးရသွားတယ်....ဒါပေမဲ့ အားလုံးက
ကျွန်တော့် အရွယ် လူငယ်တွေ.. ၁၆ နှစ် ၁၇ နှစ်..အကြီးဆုံးတွေမှ၂၀ ကျော်လောက်ပါတာလေ... အဲ..ဒါပေမဲ့လူငယ်တွေ စွမ်းအားရှိတယ် ဆိုတာပြ ချင်တာပေါ့..ဒီလိုနဲ့ပေါင်းပြီးတိုင်ပင်ကြတယ်...
ငွေအင်အားကလည်းအလုံအလောက်မရှိတာနဲ့ အလှူခံထွက်ဖို့ ဆုံးဖြတ် ... သင်္ကြန်ရက် မရောက်ခင်
၁ ပတ်အလိုစတင် အကောင်အထည် ဖော်ကြတာပေါ့. … ...လူ့သဘော သဘာဝ ဘာပဲလုပ်လုပ်
အကောင်းမြင်တဲ့သူရှိသလို မကောင်းမြင်တဲ့လူတွေလည်းရှိတယ်ပေါ့…ကျွန်တော်တို့ ရွယ်တူချင်းက အစ
ကျွန်တော်တို့လုပ်တာကိုဝိုင်းဝန်းမလုပ်တဲ့အပြင် အထင်သေးတဲ့ပုံစံတွေနဲကြည့်ကြတယ်…အဲဒီတော့
ကျွန်တော်တို့က ပိုပြီးဖြစ်အောင်ကိုလုပ်ပြလိုက်တာ…သင်္ကြန် ၃ ရက်လုံးကို တစ်နေ့တစ်မျိုး မုန့်တွေလုပ်ပြီး
ကျွေးနိုင်ခဲ့တယ်..အဲဒီသင်္ကြန်က ကျွန်တော့် အတွက်ပျော်ရွှင်စေခဲ့တယ်…ပီတိ ဖြစ်စေခဲ့တယ်..
ကြည်နှုးစေခဲ့တယ်……


၂၀၀၂ ၊ ၂၀၀၃ ၊ ၂၀၀၄ သင်္ကြန်

ဒီလိုနဲ့ အဲဒီသင်္ကြန်လည်းပြီးရော နောက် ၃ နှစ်ဆက်တိုက် ပြင်ဦးလွင်မှာပဲ တိတ်တိတ်ပုန်း
သင်္ကြန်ကျခဲ့ရတယ်..ဘာမှန်းတောင်မသိလိုက်ပါဘူး…နည်းနည်းတော့ပျော်လိုက်ရသေးတယ်….
ပြင်ဦးလွင်ရဲ့ သင်္ကြန်ကို မြင်ခွင့်ရခဲ့ပါတယ်……

၂၀၀၅ သင်္ကြန်

အဲဒီနှစ်ကတော့ တောင်ပေါ်လူသူသိပ်မရှိတဲ့ နေရာမှာ ဖန်တီးထားတဲ့ သင်္ကြန်နဲ့ ကုန်ဆုံးခဲ့ရပြန်ရော….မနက်ပိုင်းတစ်ပိုင်းသာ သင်တန်းသားတွေအတွက် လုပ်ပေးတဲ့သင်္ကြန်ကို
ပျော်ခဲ့ရပြန်တယ်..ဒါပေမဲ့ သင်္ကြန်ရဲ့ အနှစ်သာရရှိသေးတယ်လေ….

၂၀၀၆ သင်္ကြန်

ဟဲ ဟဲ အဲဒီနှစ်မှာတော့ မျှော်လင့် ခဲ့တဲ့ အတိုင်းမွေးရပ်မြေမှာ သင်္ကြန်ပြန်ကျရတယ်….
ပျော်တာ မပျော်တာထက် အရမ်းကိုကြည်နှုးခဲ့မိတယ်..မွေးရပ်မြေရဲ့ သင်္ကြန်ကို စွန့်ခွာခဲ့ရတာ ၄ နှစ်တိုင်နေပြီလေ…မွေးရပ်မြေမှာလည်း ငယ်ငယ်ကလောက်တော့ ပျော်ဖို့မကောင်း…
သူငယ်ချင်းတွေကလည်း ဟိုနားတစ်ယောက် ဒီနားတစ်ယောက်..ကျောင်းသွားတက်သူက တက်..
အလုပ်သွားလုပ်သူက လုပ်…နိုင်ငံခြားသွားသူက သွားနှင့်…မတွေ့မိကြတော့….မှန်တော့မှန်သည်…
ကျွန်တော်တောင် ၄ နှစ်တိုင်တိုင် မွေးရပ်မြေသင်္ကြန်ကို စွန့်ခွာပြီးမှအခုမှ သူငယ်ချင်းတွေ အားလုံးကို ပြန်ဆုံနေစေချင်သည် ကတော့ မဖြစ်နိုင်ချေ….အသက်က မကြီးသေးပေမဲ့ ဆယ်ကျော်သက် လောက်တုန်းကစိတ်တွေလိုလည်း မဟုတ်တော့….သင်္ကြန်ကို သူများတွေ ပျော်တာ ဆော့တာ ကိုကြည့်ပြီး ကျွန်တော် က ကြည်နှုးသူပါ….ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်သည်….သင်္ကြန်ကို မြင်နေရယုံနှင့် ကျွန်တော်ပျော်ပါသည်…

၂၀၀၇ ။ ၂၀၀၈ သင်္ကြန်

သင်္ကြန်ဆိုတာ ဘာလဲ…လို့ ပြန်မေးရမဲ့ နှစ်တွေပါ…..အွန်လိုင်းသင်္ကြန်ကိုသာ ပျော်ပျော်ကြီး..ဆင်နွဲနေရတယ်…နောက်ပြီး ဘလော့ သင်္ကြန်ပေါ့..အဲဒါသင်္ကြန်ပါပဲလေ…
သင်္ကြန်အငွေ့အသက် ဆိုတာ ဘာမှမရှိ..ရေမထိတဲ့ သင်္ကြန်ပေါ့….သင်္ကြန်ကိုလွမ်းရတာ က
အလုပ်တစ်ခုပေါ့….သင်္ကြန်မှာ ရေမထိဘူး…မုန့်လုံးရေပေါ်မရှိဘူး…မုန့်လက်ဆောင်းမရှိဘူး.
မုန့်ဟင်းခါးတော့ရှိသည်…..ပိတောက်မရှိဘူး….ရေပက်တဲ့သူတွေမရှိသလို ..ရေပက်ခံထွက်
သူတွေမရှိ..ကျောင်းတော့ရှိသည်….သင်္ကြန်က တစ်ရက်ပဲ အသက်ဝင်သည်…ပျော်ပွဲရွှင်ပွဲပေါ့..
အားကစားပွဲတွေလုပ်သည်…ဂိမ်းပြိုင်တွေ….Counter – Strike ၊ Red – Alert ၊ ခြင်းလုံး နဲ့
အဆိုပြိုင်ပွဲတွေရှိသည်…ဘာမှမရှိတော့ ရှိတာလေးကို ၀င်နွဲလိုက်သည်…Counter – Strike နဲ့
သီချင်းဝင်ဆိုသည်…..ဆုတော့တစ်ခုမှ မရ..ယှဉ်ပြိုင်ခြင်းသာ အဓိကပေါ့..( မနိုင်လို့ :P )..
ဒီလိုနဲ့ ရေမထိတဲ့ သင်္ကြန်ကြီးကို နောက် တစ်နှစ်ထက်ဖြတ်ကျော်ရပေဦးမည်..

သင်္ကြန်ဆိုတာ ကျွန်တော့် အတွက်တော့ လွမ်းတေးတစ်ပုဒ်ပါဗျာ…….လွမ်းတေးမဆုံးသော သင်္ကြန်တွေကျွန်တော်ကျော်ဖြတ်ရင်းနဲ့ အသက်ပြန်ဝင်လာမဲ့ သင်္ကြန်ကို မျှော်နေရပေဦးမယ်............... သင်္ကြန်ဆိုတာ လွမ်းတေး တစ်ပုဒ်ပါ....



ဖြိုးငယ်

Friday, April 11, 2008

အရူးလေးရဲ့ ချစ်သူ

3 comments

တကယ်တွေးရင်

ငါက အရူးလေးပါဆိုတာတောင်

မထူးသယောင် ပြုံး

ကျွန်တော်ကို မမုန်းပဲ

အရူးလေးချစ်သူအဖြစ်ကျေနပ်

သူမ နေတက်ခဲ့တယ်....


ဒီရေ မတက်

လ မထွက်တဲ့ ညမှာလည်း

သူမရဲ့ ရနံ့တွေမွှေးပျံ့

ထာဝရရဲ့ တစ်ဖက်တစ်ချက်မှာ

သူမက ရပ်မလို့ပေါ့.....


အထူးအဆန်း

အရူးအနှမ်းလေးကိုမှ

သူမက အသဲစွဲ

အသည်းအမဲ ကိုချစ်ရှာသတဲ့....


ဒီလိုနဲ့

ဘယ်သူမှမသိခိုက်

ကျွန်တော်သောက်မိလိုက်တဲ့ မိုးခါးရေတစ်စက်

ဝိုင်တစ်ခွက်နဲ့ရောစပ်

သူမနဲ့ကွန်တော်

တစ်ယောက်တစ်ခွက် ထပ်သောက်လိုက်တယ်..


ရောင်နီလာပြီလေ...

အနောက်အရပ်က နေထွက်တော့မယ်

အဲဒီကမ္ဘာမှာ ကျေနပ်စွာရူးကြပါစို့တဲ့...

သူမက အရူးလေးရဲ့ချစ်သူပါ.....


ဖြိုးငယ်

Thursday, April 10, 2008

ပိတောက်မသိတဲ့ သင်္ကြန်မိုး….

8 comments

အဲဒီမိုးတွေ သစ္စာရှိလိုက်ပုံများ

ပိတောက်မသိတဲ့ ဌာနီမှာတောင်

ရာသီမှန် သွန်းခဲ့ကြတယ်....


ဘယ်သူမှမသိကြဘူး..

ဒီမိုးက ပိတောက်အတွက်ဆိုတာ...

ခပ်စပ်စပ် ငိုသွားတဲ့မိုးက

တိုးတိုးလေး ဆိုသွားသေးတယ်

ပိတောက်မသိပေမဲ့ ငါတို့ရှိနေတယ်တဲ့......


ဟိုဘက်တစ်ခြမ်းမှာဆိုရင်

ပိတောက်တွေလန်းနေအောင်ပွင့်လိုက်ဖြစ်ခြင်း

ဒီဘက်တစ်ခြမ်းမှာတော့

လမ်းတွေရေစွဲတာကလွဲလို့

သူတို့ငိုလိုက်ရတာ အကျိုးနည်းတယ်

ဘယ်တက်နိုင်မလဲ....

ဒီမြို့ကိုပိတောက်တို့မှ အလည်မရောက်ခဲ့တာ.....



ဖြိုးငယ်

Sunday, April 6, 2008

ငါရောက်သွားတဲ့ အသဲကွဲသူများမြို့တော်

3 comments

အရိပ်ဟပ်တဲ့အချစ်
အစစ်မှတ်လို့ခုန်ဖမ်း
ယုံတမ်းပုံပြင်တွေပဲရ
အဲဒီညတွေခြောက်ခြား
ငါရောက်သွားတဲ့နေရာက အသဲကွဲသူများမြို့တော်....


အဲဒီနေရာမှာသံယောဇဉ်ကိုကြိုးတုပ်
အသဲကွဲယစ်ထုပ်ကြီးတွေပဲရှိတယ်
နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ဖို့လည်း
သူတို့ရဲ့အသည်းတွေက အကျိုးနဲ့အစုတ်
ကျိုးပြတ်နေတဲ့အရုပ်တွေလို ခွေယိုင်
အခြေမခိုင် ယိုင်လဲ
မျက်ရည်တွေ ဖြိုင်ဖြိုင်ကျကြ
မိုးမင်းကတောင် သနားရတယ်.....


သာယာလှပ အပြာရောင်ညတွေမသိဘူး
ပန်းနုရောင်ကိုသူတို့မုန်းတယ်
အပြုံးဆိုတာ မတွေ့ရဘူး
မုန်းလိုက်တဲ့သူတွေကိုတမ်းတ
အသဲကွဲသီချင်းတွေပဲ သူတို့ရတယ်....


စိတ္တဇည နဲ့
အိပ်မက်လှလှ မရှိတဲ့ဘ၀မို့
အဆိပ်တက် နေ့ရက်တွေဖြတ်သန်း
မှတ်တမ်းရာဇ၀င် တစ်ဝက်နဲ့
အသဲကွဲမြို့က ထွက်ဖို့
သက်ဆိုင်သူရဲ့ အနမ်းတစ်ချက်လိုပါတယ်……


အဲဒီမြို့က ပြန်အထွက်
ကျန်ရစ်သူတွေကိုနှုတ်ဆက်
သူတို့လွတ်မဲ့ရက်ကို
ဟိုကမ်းတဘက်က ကြည့်နေမယ်……




ဖြိုးငယ်


 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template