Thursday, April 16, 2009

ဖန်သားပြင် သင်္ကြန်

9 comments

သင်္ကြန်ကြို ပိတောက်တို့
တမန်ကြို မထောက်နိုင်
ဂနိုင်လို မခြောက်ပေမဲ့
မဆိုင်သလို လျှောက်ရတဲ့ လမ်းမှာ
သင်္ကြန်ရဲ့ နှုတ်ခမ်းကိုတောင်
နမ်းခွင့်မသာခဲ့ဘူး ....

လှမ်းဆင့်ကာ သတင်းမေး
ရွှေပြည်ကြီးရဲ့ အဝေးမှာ
အတွေးနဲ့ ပျော်
ဖန်သားပြင်ပေါ်မှာပဲ ကြည်နူး
သင်္ကြန်လို့ပဲ နှုတ်က ခေါ်ဖူးခဲ့တယ် ....

လေရူးတွေလည်း မရောက်သလို
ပိတောက်တို့လည်း မပေါက်ဘူး
တန်ခူးဆိုတာကို ဖန်သားပြင်က အလှ
တစ်ခဏတာ ကြည့်ခွင့်ရယုံနဲ့
(ငါတို့အတွက်)
သင်္ကြန်က ပြည့်စုံနေပြီထင်ရဲ့ .....

တွေဆုံချင်ပါသော်လည်း
အခွင့်ရယ်တဲ့ ဘယ်မသာ
တစ်ကြိမ် တစ်ခါတော့
ဖန်သားပြင် မပါ
စက္ခုအာရုံ သက်သက်နဲ့
သင်္ကြန်ရဲ့ အငွေ့အသက်ကို
ပွေ့ဖက် ချင်ပါဘိ ...

ဝေ့တက်လာတဲ့အသိ
ပစ္စုပ္ပန်မှာကြည့်တော့
ဖန်သားပြင် သင်္ကြန်ပွဲနဲ့ပဲ
(အခုတော့လေ ... )
နှစ်သစ်ကို နွဲ ....


ဖြိုးငယ်


Sunday, April 12, 2009

အဲဒါကဗျာဆရာ

9 comments
ပန်းကလေးတစ်ပွင့်

တစ်ခြားဘယ်လိုပန်းမျိုးကမှ

တုနှိုင်းမမှီ ခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ ပန်း ......။



အဲဒီပန်းဟာ တစ်ခမ်းတစ်နားနဲ့

ကဗျာဆရာ အနားမှာ

ထာဝရ ခစားနေလေရဲ့ ....။



သစ်သီးလေးတစ်လုံး

တစ်ခြားဘယ်လိုသစ်သီးမျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ သစ်သီး ....။



အဲဒီသစ်သီးဟာ ထီးထီးမားမားကြီး

ကဗျာဆရာရဲ့အနီးမှာ

အားကြီးနေလေရဲ့ .....။



လွယ်အိတ်လေးတစ်လုံး

တစ်ခြားဘယ်လိုလွယ်အိတ်မျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ လွယ်အိတ် ......။



အဲဒီလွယ်အိတ်ဟာ ကဗျာဆရာရဲ့စိတ်

အဲဒီအိတ်ထဲမှာ ခံစားချက်တွေကလည်း

အိတ်သွန်ဖာမှောက် .....။



ရာဟုမလေးတစ်ယောက်

တစ်ခြားဘယ်လိုမိန်းကလေးမျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ရဲ့ ချစ်သူ ......။



အဲဒီ မိန်းကလေးဟာ

သူ့ဘေးမှာ မရှိခဲ့ရင်တောင်

နှလုံးသားပိုင်စား သခင်မတစ်ပါးပါပဲ .....။



အိမ်မက်လေးတစ်ခု

တစ်ခြားဘယ်လိုအိမ်မက်မျိုးကမှ

တုနှိုင်းမမှီအလွမ်းငွေ့ ရည်ဖွဲ့ခဲ့တယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ အိပ်မက် .....။



အဲဒီအိပ်မက်ဟာ

ကဗျာဆရာရဲ့ ၀င်သက်ထွက်သက် မဆိတ်သုဉ်းသ၍

ကြယ်ကိုးစင်းနဲ့အပြိုင်လင်းတဲ့ ကောင်းကင် ......။



သေးငယ်တဲ့လှိုင်းအမှုန်လေးကအစ

ကြီးမားတဲ့ဒြပ်ထုအဆုံး

တခမ်းတနားတုနှိုင်းမမှီဖွဲ့နွဲ့နိုင်တာ

အဲဒါ ကဗျာဆရာ ...။


ကျွန်တော့်ဆရာတွေကို ဂုဏ်ပြုသည်

သီဟညိမ်း

(
ဖြိုးငယ် ကူညီရေးစပ်သည် ။ )

(၁၄.၄.၂၀၀၉)

Thursday, March 19, 2009

ရင်ငြိမ်းပန်းလေး သိပါစေ

14 comments

နင့်မျက်လုံးတစ်ချက်အဝေ့မှာ
ကမ္ဘာပေါ်က မီးတောင်အားလုံး ပေါက်ကွဲလုမတက်
တဒုန်းဒုန်း မည်တဲ့ ငါရဲ့ ဘယ်ဘက်ရင်ခွင်ဗုံက
နတ်တို့ရဲ့ စစ်ချီတေး
ကောင်မလေးရေ ...
အိုဇုန်းလွှာကြီးပေါက်ထွက်သွားအောင် နင့်ကိုငါ ချစ်တယ် ... ။

နင်ဟာ ငါ့အတွက်တော့ လကဖွားတဲ့ နတ်သမီး
ပူလောင်ခြင်း မီးတို့ ချုပ်ငြိမ်းရာ
လောကနတ်ရဲ့ သမီးတော်တစ်ပါးလည်း ဖြစ်တယ်...
လမင်းလေးရေ ...
ရေအောက်ကြမ်းပြင် အဝီစိရောက်သွားလောက်အောင် နင့်ကိုငါချစ်တယ် ....။

နင့်အချစ်တွေက ငါ့ကမ္ဘာအတွက်
ညဘက်ပါလင်းတဲ့ နေမင်း
နွေးထွေးခြင်း အပြည့်နဲ့ကောင်းကင်
နတ်ဆိုးတို့ မဝင်နိုင်တဲ့ မြို့တော်
ဧဒင်ထက်ပျော်စရာကောင်းတဲ့ ဥယျာဉ်
ဖန်ဆင်းရှင်မလေးရေ ....
ကမ္ဘာကြီးတုန်သွားအောင် နင့်ကိုငါချစ်တယ် .....။

နင့်ရယ်သံတစ်ချက်မှာ
ဓါတုဗေဒ သဘောတရားမဖက်ပဲ
ငါ့နှလုံးသား အရည်တွေပျော်ကုန်တယ်
နင်ဟာ သိုးမည်းတစ်ကောင်ကို အရောင်ပြောင်းနိုင်တဲ့
မှော်အောင်ထားသူပေါ့ ...
ချစ်သူရေ ....
သက်ရှိတွေအားလုံးထက် နင့်ကိုငါချစ်တယ် .....။

သဲလွန်းတယ် မပြောကြပါနဲ့
နိုဗယ်လ် ဆုထဲမှာတောင် အချစ်နဲ့ ပတ်သတ်တာ မပါလို့
နို့မဟုတ်ရင် ....
နင်နဲ့ ဆက်စပ်သမျှ အဲဒီဆုကို ငါပဲရလိမ့်မယ်
မာယာမဲ့ ဒေဝီရေ ...
လကမ္ဘာထက် နင့်ကိုငါချစ်တယ် .....။

ငါ့လက်ကို ကိုက်လည်း ကိုက်စေတော့
ဖမ်းမိထားတဲ့ ရွှေငါးလေးကို
ဘယ်တော့မှ ပြန်မလွတ်တော့ဘူး
ငါ့လက်ခုပ်လေးထဲမှာ နင့်နန်းတော်ကိုတည်ဆောက်ပါ
အသဲသခင်မရေ ...
စင်္ကြာဝဠာအထိ လွင့်ထွက်သွားလောက်အောင် နင့်ကိုငါချစ်တယ် ....။

အိုးနင်းခွက်နင်း ကံကြမ္မာနဲ့
ခြောက်ကပ်တဲ့ ငါ့ဘ၀က
နင့်ကြောင့် ပန်းတို့ပျော်တဲ့တော ဖြစ်ခဲ့ပြီ
ငါ့ရင်ခွင်ထက်မှာလည်း နင်တစ်ပွင့်တည်း ရိုက်ကပ်
ထာဝရအတွက်ပေါ့
ရင်ငြိမ်းပန်းလေးရေ ...
ကမ္ဘာမြေတစ်လျှောက်
ပန်းတွေပေါက်သွားလောက်အောင် နင့်ကိုငါချစ်တယ် ....။
ဖြိုးငယ်

Tuesday, March 10, 2009

အလွမ်းကြီးခြင်း

15 comments

ဒီပုတ်ထဲက ပါပဲ
ဒါပေမဲ့ အဲဒီပုတ်ထဲမှာ
ပဲကောင်းတွေလည်း အများကြီးရှိပါတယ် ကောင်မလေးရယ် ...

အသည်းကတောင်းလို့
ဒီစွန်ညိုကြီး ဇွဲကောင်းကောင်းနဲ့ ဝဲနေမိတာပါ မိထွေးရယ်
ငါ့မှာ အတောင်တွေလည်း ညောင်းလှပြီ ....

တကယ်တော့ ..
ငါက အချစ်ကြူးတဲ့ ဘီလူးတစ်ကောင်ပါ
ဒါပေမဲ့ ဒဿ တော့ မဟုတ်ဘူး
တာနောယက္ခ လိုကောင်

လာပြောတက်ကြတဲ့ မကောင်းသတင်းတွေအတွက်
အကြောင်းအရင်း ကိုပဲ ရှာနေရင်
ငါတို့နှစ်ယောက်ပေါင်းသင်းရေး
လိုက်ရင်းနဲ့ ဝေးနေဦးမှာပဲ ...

မင်းသိရဲ့လား ... ဒေဝီ
မကြေငြာသေးတဲ့ သတင်းတစ်ခုရှိတယ်
ရေကြီးခြင်း ၊ လေကြီးခြင်း
စိုးရိမ်ရေအမှတ်ကျော်ခြင်းတွေက
အက်ကြောင်းတွေ ထပ်နေပြီ ....

ယခု ကျုပ်ရင်ခွင်တွင်
သတိရခြင်း စိုးရိမ်အမှတ်ကိုကျော်လွန်ပြီး
အလွမ်းတို့ အားကောင်းလျှက်ရှိပါသည်။
၎င်းအလွမ်းများသည်
နောက် ၃၆၅ ရက်အတွင်း
ကြောက်မက်ဖွယ် အားကောင်းလာနိုင်ကြောင်း
အထူးသတင်းတစ်ရပ် အနေဖြင့် ကြေငြာအပ်ပါသည် ထိပ်ထားခင်ဗျား ... ။

ဖြိုးငယ်


Monday, February 23, 2009

အရူးအိပ်မက် ( ၁၃ )

17 comments


တစ် ပြီးရင် နှစ် လာတယ် ဆိုတာပဲ သိတဲ့ မင်း
တစ် နဲ့တစ် ပေါင်းရင် တစ် ပဲ ရတယ်ဆိုတဲ့ သီအိုရီ
မင်းဘယ်ယုံကြည်ပါမလဲ မိန်းကလေးရေ ....

အနုအလှတွေ မတက်လို့
အခုဘ၀မှာ ဝေးရတာလား
တစ်ခုမရရင်တစ်ခု ဆိုတဲ့အတွေး
ငါ့သမိုင်းမှာ မရေးတက်တာလည်း ခက်တယ် ....

မိန်းကလေးရေ ...
ငါ့ရင်ခွင်နန်းတော်ကြီး မီးမြိုက်ပြီး ဆိုးနေတာကို
တယော လေးထိုးပြီး ကြည့်နေရဲတဲ့ သတ္တိ
ငါမှာမှ မရှိခဲ့ပဲ ...

အိပ်မက် ဆိုတာ
အိပ်ပျော်နေရင်း
မက်မောမိတဲ့အရာလေ ...

မင်းရဲ့ ရင်ခုန်သံများပြားမှုက
ငါရဲ့ ၁၃ ဂဏန်းကို ရူးသွပ်မှုနဲ့
ဆက်နွယ်လိမ့်မယ် မထင်ပါဘူး လောကကြီးရေ ...

ကောင်မလေးရေ ...
ငါရဲ့ ၁၃ ခုမြောက် အိပ်မက်က
နေအထွက်မှာ မင်းလက်တစ်ဖက်ကို ဆုပ်ကိုင်
ချစ်မှတ်တိုင် တစ်ခု စိုက်ထူဖို့ပါ ....

အခုတော့ .......
အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ချစ်ခြင်းတွေအတွက်
ဖြေစရာ ဆေး ဝေး
မင်းပေးတဲ့ ဒဏ်ရာလေးတွေကိုပဲ
တစ်ခါပြန်တွေး ဆွေးနေမိတယ် ...

ငါကလည်း လူတစ်မျိုး
ကမ္ဘာပြိုမှာကို ကြောက်တဲ့ကောင်မဟုတ်ဘူး
မင်းငိုမှာပဲ ကြောက်တဲ့သူပါ ...



ဖြိုးငယ်





Wednesday, February 18, 2009

နေညိုညို

12 comments

နေညိုညို
ဝိုင်ချိုချို တစ်ခွက်နဲ့
ကိုယ့်ရင်ခွင်ထက် မှေးစက်
အိပ်မက်တော့ မဟုတ်ဘူး
နောင် လာမဲ့ ရက်တွေမှာပေါ့ .....

နေညိုညို
တိမ်တွေခို ခရီးဆက်
အလွမ်းလွင်ပြင်ထက်
အိပ်မက်မှာ ခဏဆုံမယ်
ပစ္စုပ္ပန်ရဲ့ ပုံရိပ် ......



ဖြိုးငယ်

Friday, February 13, 2009

ကျေးဇူးရှင်တစ်ဦးရဲ့ မော်ကွန်း

10 comments


အောင်ဆန်းသခင်
ယောင်ယမ်းပင် မမေ့ကြနဲ့
ပြည်မြန်မာအေးချမ်းမှု
ဗိုလ်ချုပ်ရဲ့ ကျေးဇူးတွေက ဒုနဲ့ဒေး ။

၁၃ ရယ်တဲ့ ဖေဖော်ဝါရီ
ဘယ်ဌာနီ ရောက်စေဦး
မြန်မာပီရင် မမေ့ကြနဲ့
အာဇာနည် တစ်ဦးရဲ့
ကဗျာမမှီတဲ့ မော်ကွန်း ။


ဖြိုးငယ်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template