Monday, February 23, 2009

အရူးအိပ်မက် ( ၁၃ )

17 comments


တစ် ပြီးရင် နှစ် လာတယ် ဆိုတာပဲ သိတဲ့ မင်း
တစ် နဲ့တစ် ပေါင်းရင် တစ် ပဲ ရတယ်ဆိုတဲ့ သီအိုရီ
မင်းဘယ်ယုံကြည်ပါမလဲ မိန်းကလေးရေ ....

အနုအလှတွေ မတက်လို့
အခုဘ၀မှာ ဝေးရတာလား
တစ်ခုမရရင်တစ်ခု ဆိုတဲ့အတွေး
ငါ့သမိုင်းမှာ မရေးတက်တာလည်း ခက်တယ် ....

မိန်းကလေးရေ ...
ငါ့ရင်ခွင်နန်းတော်ကြီး မီးမြိုက်ပြီး ဆိုးနေတာကို
တယော လေးထိုးပြီး ကြည့်နေရဲတဲ့ သတ္တိ
ငါမှာမှ မရှိခဲ့ပဲ ...

အိပ်မက် ဆိုတာ
အိပ်ပျော်နေရင်း
မက်မောမိတဲ့အရာလေ ...

မင်းရဲ့ ရင်ခုန်သံများပြားမှုက
ငါရဲ့ ၁၃ ဂဏန်းကို ရူးသွပ်မှုနဲ့
ဆက်နွယ်လိမ့်မယ် မထင်ပါဘူး လောကကြီးရေ ...

ကောင်မလေးရေ ...
ငါရဲ့ ၁၃ ခုမြောက် အိပ်မက်က
နေအထွက်မှာ မင်းလက်တစ်ဖက်ကို ဆုပ်ကိုင်
ချစ်မှတ်တိုင် တစ်ခု စိုက်ထူဖို့ပါ ....

အခုတော့ .......
အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ချစ်ခြင်းတွေအတွက်
ဖြေစရာ ဆေး ဝေး
မင်းပေးတဲ့ ဒဏ်ရာလေးတွေကိုပဲ
တစ်ခါပြန်တွေး ဆွေးနေမိတယ် ...

ငါကလည်း လူတစ်မျိုး
ကမ္ဘာပြိုမှာကို ကြောက်တဲ့ကောင်မဟုတ်ဘူး
မင်းငိုမှာပဲ ကြောက်တဲ့သူပါ ...



ဖြိုးငယ်





Wednesday, February 18, 2009

နေညိုညို

12 comments

နေညိုညို
ဝိုင်ချိုချို တစ်ခွက်နဲ့
ကိုယ့်ရင်ခွင်ထက် မှေးစက်
အိပ်မက်တော့ မဟုတ်ဘူး
နောင် လာမဲ့ ရက်တွေမှာပေါ့ .....

နေညိုညို
တိမ်တွေခို ခရီးဆက်
အလွမ်းလွင်ပြင်ထက်
အိပ်မက်မှာ ခဏဆုံမယ်
ပစ္စုပ္ပန်ရဲ့ ပုံရိပ် ......



ဖြိုးငယ်

Friday, February 13, 2009

ကျေးဇူးရှင်တစ်ဦးရဲ့ မော်ကွန်း

10 comments


အောင်ဆန်းသခင်
ယောင်ယမ်းပင် မမေ့ကြနဲ့
ပြည်မြန်မာအေးချမ်းမှု
ဗိုလ်ချုပ်ရဲ့ ကျေးဇူးတွေက ဒုနဲ့ဒေး ။

၁၃ ရယ်တဲ့ ဖေဖော်ဝါရီ
ဘယ်ဌာနီ ရောက်စေဦး
မြန်မာပီရင် မမေ့ကြနဲ့
အာဇာနည် တစ်ဦးရဲ့
ကဗျာမမှီတဲ့ မော်ကွန်း ။


ဖြိုးငယ်

Sunday, February 8, 2009

ကျွန်တော်နှင့် ဖေဖော်ဝါရီ နတ်သမီး

12 comments


ငြိမ်သက်နေတဲ့ ငါ့ဘ၀ကို
သူမက လှပစေခဲ့တယ် ..
အဲဒီ ဖေဖော်ဝါရီ နတ်သမီးဟာ
ပျော်ရွှင်ခြင်းတွေ ဆောင်ကြည်းပေးတယ်

နှင်းတွေကို ကျစေတယ် ..
ကြယ်တွေကို ခစေတယ်
အလွမ်းတွေကို လည်း ရစေတယ် ...
လူတွေပြောပြောနေကြတဲ့ ဖန်ဆင်းရှင် ဆိုတာ
ကျွန်တော့်ဘ၀အတွက်တော့ သူမပါပဲ ....

ညီမျှခြင်း တွေရဖို့လည်း
သူမနဲ့ ကျွန်တော် သီအိုရီတွေချတယ်
အကြင်နာနဲ့ မေတ္တာကို ဆတူရောပြီး
ချစ်ခြင်း သီအိုရီကို အပြစ်ကင်းစွာနဲ့ ယူကြတယ်. .....

တစ်ချို့တွေပျော်ပြီး
တစ်ချို့တွေ လွမ်းကြတဲ့
ဖေဖော်ဝါရီရဲ့ မှတ်တမ်းတစ်ချို့မှာလည်း
သူမနဲ့ ပတ်သတ်သမျှ
ကျွန်တော်ဟာ သကာ ထက်က ပျားရည်ဖြစ်ခဲ့ရတယ် ...

ကျွန်တော့်ရဲ့ ဖေဖော်ဝါရီ နတ်သမီးလေးရေ ...
ခဏတာဝေးရတာကို တစ်ဘ၀စာလို့ မတွေးပါနဲ့
ညအခါ လသာရင် သူကိုပဲ မေးကြည့်ပါ ..
ကျွန်တော့်ရင်ဘတ်ထဲမှာ အချစ်တွေ ထွေးပွေ့ထားတုန်းပဲ ...

ဖေဖော်ဝါရီ နတ်သမီးရေ ....
မှော်မပါတဲ့ကကြိုးပေမဲ့
မင်းအနုပညာက မဟာဆန်တယ်
ပြန်တော်ပြန်ချိန် မရောက်သေးသရွေ့
ငါကလည်း ကဗျာတွေရေးမယ်
မင်းကလည်း အချစ်တွေကို တွေးပါ
တစ်ဖြည်းဖြည်း နီးလာမဲ့
ဖေဖော်ဝါရီရဲ့ ရောင်နီတန်းမှာ
မင်းနဖူးလေးကို ငါ နမ်းမယ်
ကျေးငှက်တို့ တေးဆိုပါစေ ....

ဖြိုးငယ်


Friday, January 30, 2009

မီးပျော်ပိုး

12 comments

မတွေ့ရင် ဘာမှမဖြစ်ပေမဲ့
တွေ့ရင် မနေနိုင်ခဲ့ပြန်ဘူး
ဒီအရူးကိုမှ အမဲသားကျွေးခဲ့တာကို ....

အခါခါသေဖူးတာတောင်
ပျဉ်ဖိုးနားမလည်သေးတဲ့ကောင်ကို
ဘာလို့များ ကမ္ဘာလူမိုက်စာရင်း မသွင်းသေးတာလဲ ...

ငါက မီးမှာပျော်တဲ့ ပိုးဖလံ တစ်ကောင်ပါ
ထုံဆေးမှ မပြယ်သေးပဲ
ဒီရင်ကို အစိမ်းလိုက်ခွဲလဲ အသဲက မာနေတုန်း ....

ကလေးကုလားဆန်တဲ့ စကားတွေကိုပဲ
အလေးထားနေမိတယ်
အတွေးတွေမှားလို့ အဆွေးတွေပွားနေရသူပါ ....

ကုလားဖန်တွေ ဘယ်လိုထိုးထိုး
ရိုးမသွားတဲ့ ကံကြမ္မာ ဖဲအသေတွေကိုင်
တစ်ပွဲတစ်လေများ နိုင်မလားလို့ ပေါ့ ...

နောက်ဆုံး
ဒီငတုံးကို
လိမ်ညာတက်မှ ချစ်ကြပါ ....


ဖြိုးငယ်



Sunday, January 25, 2009

အပြာရောင်နေ့ရက်များနဲ့ အစိမ်းရောင်မိန်းကလေး

7 comments
ဒီနေ့ ၂၆ ၊ ဇန်န၀ါရီလ ၊ ၂၀၀၉ ၇က်နေ့မှာ ကျရောက်တဲ့ မလွမ်းသုရင် လို့ ခေါ်တဲ့ မGreenGirl ရဲ့ မွေးနေ့
အတွက် အမှတ်တရ မွေးနေ့ လက်ဆောင်ပါ ...
အခြေအနေပေးတဲ့အချိန်အထိ အမလည်း ၀ါသနာပါတဲ့
စာတွေ မပြတ်ရေးနိုင်ပါစေဗျာ ...
နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေဗျာ ...
အမအတွက် အမှတ်တရ မွေးနေ့လက်ဆောင်ကဗျာလေးတစ်ပုဒ်ပါ .....


အပြာရောင်နေ့ရက်များ နဲ့ အစိမ်းရောင်မိန်းကလေး

ဒီနှစ်
၂၆ က ဆိုက်ဆိုက်မြိုက်မြိုက်
၂၆ ကို တိုက်တယ် ...
ကမ္ဘာတစ်ဝိုက် ပန်းတွေ အဆုပ်ပွင့်သွားတယ် ...

ဘယ်သူမှ မသိလိုက်ကြဘူး
လူတစ်သိုက်အတွက် အချက်မကျပေမဲ့
သူမအတွက် အမှတ်တရ ဖြစ်စေတယ် ....

ဒီနေ့
ဘာမှသာ မဟုတ်တယ်
ကမ္ဘာကသူမကို သယ်လာတာ
နေကိုတောင် ၂၆ ပတ် ပြည့်ခဲ့ပြီပဲ ....

သူမက အဓိပ္ပါယ်၂ မျိုးရှိတဲ့အရောင်နဲ့သက်ဆိုင်တဲ့
နာမည်တစ်မျိုးကိုလည်း ပိုင်ဆိုင်ထားတယ် ...
နောက်ပြီး ငြိမ်းချမ်းရေး အရောင်တစ်ခုနဲ့ ဆက်နွယ်တဲ့
အမှတ်တရတွေလည်း ရှိတယ် ....

မွေးရပ်မြေကို စွန့်ထွက်
ဘ၀အညွန့်တက်ဖို့
လောကဓံ လှိုင်းချက်တွေကြား
မရပ်မနား ကူးခတ်
အင်တာနက်ပေါ်မှာလည်း စာတွေရေးဖတ်
သူငယ်ချင်းတွေနဲ့ ပျော်နေတက်ပြီ.....

မနက်နဲ့ ည ဆိုတာ အလိုလိုပြောင်းတယ်
ကမ္ဘာကြီးကလည်း နည်းနည်းစောင်းတယ်
အချိန်ဆိုတဲ့ ယန္တရားကြီးကလည်း မှန်မှန်မောင်းတယ်
ဒီနေ့ သူမဆီမှာလည်း ဂဏန်းတစ်ခုက ဟောင်းသွားခဲ့ပြီ ....

မနက်ဖြန်တိုင်းအတွက် အားသစ်လောင်း
ဘ၀ကို မှန်မှန်ထိန်းကျောင်းရင်း
မိဘရဲ့မေတ္တာတွေနဲ့ ပေါင်း
ခြေလှမ်းတိုင်း သာယာမှုတွေ ခညောင်းပါစေ ....

နေခြည်ဖျန်းတဲ့ အနာဂတ်
ရွှေရည်သန်းတဲ့ လက်တွေနဲ့
ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်ရင်း
အပြာရောင်နေ့စွဲတွေကြားမှာ
အစိမ်းရောင် မင်းသမီးတစ်ပါး
( နောင်နှစ်ပေါင်းအဆက်ဆက် အထိ )
လောကကြီးအတွက် အားဖြစ်ပါစေ ....


ဖြိုးငယ်

Wednesday, January 14, 2009

အစွမ်းမရှိတဲ့ ယတြာ

16 comments

ဒီည
ပင်လယ်မှာ စူဠလိပ်ခဏပေါ်တယ် ....

ကောင်းကင်ပေါ်မျှော်ကြည့်တော့
နက္ခတ်တို့ အလုအယက် အစည်းအဝေးတက်နေတုန်းပေါ့ ....

လမင်းရေ ...
နှင်းမခတဲ့လမ်းမှာ တစ်ညတော့လွမ်းပါရစေ ....

မှော်ဝင်တဲ့ ကြယ်တစ်လုံး
ငါ့ခေါင်းအုံးထက် ခဏတာမှေးစက်တဲ့အခါ
အိပ်မက်မှာပဲ မင်းနဲ့ဆုံမယ် .....

ရင်ခုန်ဖွယ် အနမ်းတစ်ချို့ရရင်
ဘီလူးတို့ မြို့ရိုးမှာပဲသေရသေရ
အဲဒီစူဠလိပ်ကို ရေထဲပြန်မချတော့ဘူး ....

ဆေးကြိမ်လုံးနဲ့ ရိုက်နှက်
ငါ့ကမ်းဆီ ကပ်ဖို့
င့ါလက်တို့က မစွမ်းရက်ခဲ့ ...

အတင်းမမျှော်တော့ပါဘူး
မင်းတော်သလိုသာ နေပါ ...

ရေပျော်မလေးရေ ...
မင်းခေါ်တဲ့အခါမှ ငါလာခဲ့မယ် ....

လမင်းကိုနှိုးဆော်ရင်း
ငါ့ရင်မှာ ထာဝရပေါ်ဖို့
ပင်လယ်တစ်ဝိုက်မှာ
ငါ့ရှိုက်သံများ လွင့်ပျံပါစေ .....



ဖြိုးငယ်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template