Thursday, April 23, 2009

သစ္စာလမ်းခွဲ



တောင်စွယ်မှာနေမကွယ်သေးဘူး
ရင်ခွင်ထက်က ပင့်သက်တွေ
မမြင်သလို နင်းဖြတ်ချွေချ
အဘယ်ကအားတွေရခဲ့ပါသလဲ
သခင်မရေ ...
အကျွန့် နှလုံးသားကွပ်မျက်ခံရပြီ ....
အကြင်သူမရှိသောလမ်းဟာ
လင်းနေပေမဲ့ ကန်းနေသူတစ်ယောက်မို့
တုတ်ကောက်ကိုလည်း အားမကိုးချင်တော့ဘူး .....


မိုးခေါင်လို့တီးတီး

ဗုံတီးလို့ပဲ မိုးရွာရွာ
နှလုံးသားတော့ပါခဲ့ပါရဲ့
တစ်စုံတစ်ရာကိုမေ့လို့ရမယ်ဆိုရင်တောင်
တစ်ကြိမ်တစ်ခါ တိုက်ဆိုင်မှုတွေ ဝေ့လာရင်
အဲဒီနေ့တွေဆီ အလည်ပြန်သွားမိမှာပဲ
ငါတို့က အိုးပုတ်တွေနဲ့ ကစားခဲ့တာမှ မဟုတ်တာ ....


ခရာသံတစ်ချက်ကြားလိုက်ရတယ်

ပွဲကပြီးပြီလား
မီးတွေကတော့ မငြိမ်းသေးဘူး
တစိမ်းတွေလို နေလိုက်ဖို့
ခံစားချက်တွေကို ထိန်းလိုက်ရတော့မှာလား
လေပြေတစ်ချက် ယိမ်းလာရင်တောင်
အောက်စီဂျင်တစ်ဝက်နဲ့ ရင်ဘတ်ကဓါတ်ပြုနေတုန်းပဲ .....


လမ်းခွဲတစ်ခုမှာ စွဲလန်းမှုတွေဖြတ်

တစ်ဖက်တစ်ချက်မှာ မျက်ရည်စတွေနဲ့
သက်သေပြစရာ မှတ်စုအတိုအထွာတွေ
လိုရာကိုသာပစ်ကျဲ ရင်ထဲမှာပဲ ဗုံးခွဲ
နှလုံးကွဲလည်း ကွဲစေတော့
ပြုံးမြဲသာပြုံးနေလိုက်
မုန်းဖို့လည်း မထိုက်
မိုက်ဖို့လည်း မစဉ်းစားနဲ့
မြင့်မိုရ်ရိုက်ခံရရင်
နောက်ဘဝပါ လွဲကိန်းဆိုက်နေမယ် ...


ပွဲသိမ်းရိုက်ချက်တွေကို

တွဲလက်တစ်စုံနဲ့ တိုက်ဖို့
ရူးရူးမိုက်မိုက်
တို့နှစ်ယောက်ကြိမ်စာတိုက်ခဲ့ဖူးတယ်
(အခုတော့လည်း ....)
အောင်လံထူစစ်သူကြီးခေါင်းစိုက်
အတွဲလိုက်ပစ်ခတ်မှုတွေကြောင့်
စနေထောင့်က ပန်းတွေလည်း နွမ်းကုန်ပြီ .....


လမ်းကြုံရင်တောင် ပြန်မပြောနဲ့တော့

လွမ်းကုန်ရင် ဒီရေတွေထပ်ထပ်တိုးမယ်
ဣစ္ဆာသယ မိုးလည်း မကယ်နိုင်
မနက် အိပ်ယာက နိုးနိုးချင်း
သူမသာ စိတ်မှာ စိုးတယ်
ရိုးမသွားတဲ့ တေးတစ်ပုဒ်ပါ ...


တိုးသွားတဲ့ အသံထုတို့နောက်

မျက်ရည်ဥတို့ပါ ရောက်လာတယ်
သစ္စာတွေ စီခြယ်ခဲ့ပါရက်နဲ့
ဇာတ်ဆရာ ကျီစယ်ခဲ့ပါသလား...
တစ်သက်တာ ခပ်ခွာခွာနေရမဲ့ ဒို့နှစ်ယောက်
တစ်ယောက်တစ်လမ်းစီ လျှောက်နိုင်ဖို့
အချစ်တို့ကို ဖျောက်ရမယ် .....


နောက်ဘ၀တစ်ကယ်ကြုံသေးရင်

ဆုံရေးကို စဉ်းစားဖို့
ဆုတောင်းကာ အဓိဌာန်ပြု
အခုဘ၀မှာတော့
မေတ္တာမပျက် သစ္စာကိုတွယ်ဖက်ရင်း
ချစ်ခြင်းကိုရပ်ကြမယ် ....
မြင်မိုရ်မက ကျေးဇူးအနန္တတွေကို
ဒို့နှစ်ယောက် မပစ်ခွင်းချင်ဘူး
ချစ်သူရေ ...
ငါတို့အင်ယာပါကြီးကိုဖြိုဖို့
မီးရဲရဲဖိုပါ ....
ဝေးသွားရင် မငိုကြေးပေါ့
နောက်ဆုံးအနမ်းတစ်ချက်အလိုမှာ
မင်းနဲ့ငါ တေးသွားတစ်ပုဒ်ဆိုရအောင် ....

ဖြိုးငယ်


8 comments:

ကဗျာဦး on April 23, 2009 at 6:31 PM said...

"သစ္စာလမ်းခွဲ"

ကဗျာ လေး လန်းလှချည်လား
ကောင်းလိုက်တာ

ဝေလေး on April 23, 2009 at 8:36 PM said...

ဝါးးးးးး ဒီတစ်ပုဒ် အရမ်းကြိုက်တယ်။
နာ့အစ်ကိုပျောက်နေပါတယ်မှတ်တာ။။
ပေါ်လာတော့လည်း ကဗျာက လန်းလိုက်တာလွန်လို့.. ရှယ်ပဲ...... ကူးထားမယ်နော်။ ပြန်ပြန်ဖတ်လို့ရအောင် ဖြစ်တယ်ဟုတ်..

Unknown on April 23, 2009 at 9:19 PM said...

ကိုဖြိုးရေ ကဗျာလာဖတ်ပါတယ်
ချက်ကောင်းထိထားပုံရတယ် :)
ကောင်းသောနေ့ပါ :)

emayarKhin on April 24, 2009 at 2:25 AM said...

ဝေးသွားရင်တောင်....မငိုကြေးတဲ့လား...
ကဗျာလေးအရမ်းကောင်းတယ်.....

သက်ထွန်းညိမ်း on April 24, 2009 at 8:33 AM said...

တစ်စုံတစ်ရာကိုမေ့လို့ရမယ်ဆိုရင်တောင်
တစ်ကြိမ်တစ်ခါ တိုက်ဆိုင်မှုတွေ ဝေ့လာရင်
အဲဒီနေ့တွေဆီ အလည်ပြန်သွားမိမှာပဲ
ကဗျာတွေကတော့ လူအတိုင်းပဲဘိုဖြိုး
ကွဲနေတုန်းပဲ ...း)

mgngal on April 24, 2009 at 11:44 AM said...

အင်း ဟုတ်တယ် အိုးပုတ်တွေနဲ့  ကစားခဲ့တာမှ မဟုတ်ပဲ ။
ကဗျာကောင်းတစ်ပုဒ် အတွက် ကျေးဇူး ကိုဖြိုး ။

ရွှေပြည်သူ (ShwePyiThu) on April 25, 2009 at 10:20 AM said...

ကောင်းလိုက်တဲ့ ကဗျာလေး ဖြိုးငယ်ရေ...

“မြင်မိုရ်မက ကျေးဇူးအနန္တတွေကို
ဒို့နှစ်ယောက် မပစ်ခွင်းချင်ဘူး”

လိမ္မာသူနှစ်ဦးရဲ့ အချစ်နဲ့ အနစ်နာခံမှုတွေကို မြင်လိုက်ရတယ်။ ကဗျာကောင်းလေး ဖတ်ရလို့ ကျေးဇူးမောင်လေးရေ

ဆောင်းယွန်းလ on April 26, 2009 at 6:38 PM said...

ဝေးသွားရင် မငိုကြေးပေါ့
နောက်ဆုံးအနမ်းတစ်ချက်အလိုမှာ
မင်းနဲ့ငါ တေးသွားတစ်ပုဒ်ဆိုရအောင်

ကဗျာလေးကကောင်းလိုက်တာညီလေးရာ...ရှယ်ပဲ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template