Tuesday, September 22, 2009

ကြေးပုရိပိုဒ်မှာ သွန်းတဲ့ ကဗျာ

7 comments


ပြီးပြတ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုမှာ
နင့်ဘက်ကလည်းမှန်တယ်
ငါ့ဘက်ကလည်းမှန်တယ်
ဒါဆို ဘယ်သူတွေကမှားခဲ့တာလဲ .....

အချစ်နဲ့ သနားညှာတာမှု စီးချင်းပြိုင်ပွဲမှာ
အချစ်ကို ကိုင်ထားတဲ့ ငါက
ဘာကြောင့်များမနိုင်တာလဲ
၁၅၀၀ က ၅၂၈ ကို ရှုံးနိမ့်သွားတဲ့ တစ်ခဏ
ငါ့စိတ်တွေ အပိုင်းပိုင်း လဲကျ ...
ငါ့ဝိဥာဉ် ကိုတောင် သတိမရတော့ဘူး ....

ငါ့စိတ်ကို သင်းကွပ် ထားပါလျှက်
အတင်းလွတ်သွားတဲ့ တစ်ခါတစ်လေ
ဘာတွေက အနိုင်ပိုင်းထားသလဲ
ငါ့ကိုယ်ငါတောင် မသနားချင်ဘူး
ဝင်သက်နဲ့ထွက်သက်ကြားမှာပဲ
သူကိုမေ့ထားလို့ ရတယ် ........

ဆုံးရှုံးခဲ့ပြီသေချာလျှက်နဲ့
အမုန်းဆုံးအရပ်ကို ငါမထွက်နိုင်ဘူး
ငါ့ဘက်က တဏှာမဖက်
နှလုံးသားရဲ့ ဘေးမှာကပ်ပြီး
ဒီတစ်သက် ချစ်ခွင့်ရှိပါသေးတယ် .....

နောက်ဆုံးတော့လည်း
နှလုံးသားတစ်ခုကို အရင်းတည်ပြီးမှာ
ဒဿကို ငါကိုယ်ချင်းစာခဲ့မိတယ်
အရှုံးသမားရဲ့ ဘဝ
သုံးစားမရတော့တဲ့ ငါ့ရင်ခုန်သံတွေက
မင်းပျော်ဖို့ ဂီတ တစ်ပုဒ်ဖြစ်မယ်ဆိုရင်
ဒီမျှနဲ့ သိမ်းတဲ့ဇာတ်
ဒီဘ၀တော့ ကျောခိုင်းထွက်ပေးခဲ့ပါမယ် ချစ်သူ ...

ကြေးပုရိပိုဒ်မှာ သွန်းမိတဲ့ ကဗျာပါ
တေးရတု တစ်ပိုဒ်လောက်မှ မသာယာမှတော့
ဝေးအခု အပူတွေ ပိုက်ပြီး
ဆွေးသမှု ရင်မှာ လောင်မြိုက်နေခဲ့ပြီ ....

အချစ်တွေကို လောင်တိုက်သွင်း
မှောင်မိုက်ရင်းနဲ့ ခရီးဆက်
မနီးစပ်မှတော့ သံယောဇဉ်ကြိုးကို အပြီးဖြတ်
နှလုံးသားထက်က ကျလာတဲ့ သွေးနဲ့
အဲဒီပုရိပိုဒ်ကို ဆက်ရေးခွင့်ပြုပါ ..


P . S >>> လွန်ခဲ့တဲ့ ၆ လလောက်တုန်းက သူငယ်ချင်းတစ်ယောက်ရဲ့အတွက် ခံစားရေးဖွဲ့ထားတဲ့ကဗျာလေးပါ ။ အခုမှ အဆုံးသတ်ဖြစ်လို့ တင်လိုက်ပါတယ် ။

ဖြိုးငယ်







Saturday, September 19, 2009

တစ်ခါပြန်လာ ၁၉ စက်တင်ဘာ

2 comments




နေ့ကို ညသယ်
ညကို နေ့ပြန်သယ်
ကမ္ဘာကြီးလည်ရင်း
မပြောင်းလဲသေးတဲ့ သူတစ်ယောက်ကလည်း
ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပြီ .....

ပစ္စုပ္ပန် မှာ ပြုလုပ်ခြင်းက
အတိတ် ဖြစ်ခဲ့သလို
အနာဂတ်ရဲ့ ဖြစ်တည်မှုဆိုတာလည်း
ပစ္စုပ္ပန် ကို စောင့်မျှော်ခြင်းဖြစ်တယ် ...

ပူခြင်း အေးခြင်း
မွှေးခြင်း နံခြင်း
ဖြစ်ခြင်း ပျက်ခြင်းတွေနဲ့ သတ္တလောက
ဘယ်လိုကကြိုးတွေနဲ့ က က
ဘဝဆိုတာ ဘဝပါပဲ ...
အဲဒီ ဘဝ ထဲမှာ လဲ
ဖျက်မရတဲ့ အမှတ်တရတွေရှိတယ် ...

အစက်ကျသမျှ အရုပ်ထင်ရတဲ့ သံသရာ
အဖန်တရာမက ဒီလိုနေ့မျိုးတွေရခဲ့တာပဲ ...
မှန်ရာကို မသိသေးသမျှလည်း
ဒီလိုနေ့တွေ ငါတို့ ထပ်ရနေဦးမှာပဲ ...
တစ်ခါပြန်ကျတဲ့ ဒီနေ့
ဒီဘဝအတွက် ဒီတစ်ခါပဲတွေ့ရတာမို့
အမှတ်တရ တစ်ခု ဖြစ်ခဲ့ပြီ ...

မော်ကွန်းမတင်ပါ
ကဗ္ဗည်းမထိုးပါ
ရိုးရိုးလေး မှတ်ယူ
သူမရင်ထဲမှာပဲ မိုင်တိုင်ထူခဲ့ပြီ ...

အယူအဆ မတူကြတဲ့လောက
သူမအတွက်တော့ ဒီနေ့က အမှတ်တရတစ်ခု
အချက်ကျကျပြုပြီး ဘ၀ကို ဖြတ်
ရပ်နေရတဲ့နေရာမှာ ပျော်အောင်နေရင်း
နေကို နောက်တစ်ပတ်ပြည့်ဖို့ ပြန်မျှော်နေဦးမယ် ....

စက်တင်ဘာ ၁၉ ဆိုတာ
အချိန်တွေ ဘယ်လို တိုးတိုး
သူမအတွက် မရိုးနိုင်တဲ့ ဆန်းသစ်မှု တစ်ခုမို့
အခုကစ နောင်ကြုံမယ့် ကာလမှာ
လိုအပ်ဟူသမျှ ပြည့်ပါစေ .....


P > S == > မကြယ်စင်နတ်သမီး အတွက် အမှတ်တရ မွေးနေ့ လက်ဆောင် ကဗျာလေးပါ ....

ဖြိုးငယ်




Tuesday, September 15, 2009

သံယောဇဉ်

8 comments


သံယောဇဉ်ဆိုတာ
ပြန်ပြောရင် တစ်ကယ်ခက်မို့
ရင်ထက်မှာ သိမ်း ...

မြင်တက်ရင်တော့
နွယ်တစ်ခက်ပေမို့
တကယ်ဖြတ်ဖို့မလွယ်ပေဘူး
ရှင်လျှက်သာ စိမ်း ....

တစ်ပင်တည်း ပေမယ့်
ရင်ထဲမှာတွယ်ညှိ
မမြင်လည်းလေ
ရင်ခွဲကာ ကြည့် .... ။

ဖြိုးငယ်



Sunday, September 13, 2009

ဆိုင်ဆိုင် .. မဆိုင်ဆိုင်

12 comments


ငါ့စိတ်ကို ခဏဘေးချ
သြော် .. လောက .. လောက .. လောက လို့ သုံးခါအော်လည်း
ဘယ်အရာကို ကြိုမျှော်ကြည့်နိုင်မှာလဲ ...
ဘာကိုမှမသိနိုင်တဲ့ ရှေ့ရေး
ကြိုတွေးနေလဲ အပိုပါပဲ ....
အငိုတစ်ဝက် မျက်နှာနဲ့
ပူလောင်မှု ဝေဒနာကို သောကတွေနဲ့ရော
ဘယ်သူ့ကိုမှ မပြောချင်ဘူး ....
ချစ်သူရေ ...
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကိုငါ လွမ်းတယ် ....


ကောင်းကင်မှာ လမင်းကြီးက သာတယ်
သူ့ဘေးမှာ ကြယ်တွေက ညီလာခံထိုင်တယ်
သူတို့ဘာတွေ တိုင်ပင်နေလဲ ငါ မသိရဘူး
ဒီလိုနဲ့ ငါထိုင်ကြည့်ရင်း
ချစ်သူရေ ...
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကိုငါ လွမ်းတယ် .....


လေပြေတွေက ဝေ့ဝိုက် ကစား
ငါ့ကို ခဏ ခဏ ခလုတ်တိုက်သွားတယ်
တောင်တန်းတွေကို ဖြတ်သန်းလာသလား
ပင်လယ်ကိုပဲ လက်ကမ်းလာသလား
စမ်းတဝါးဝါးပါပဲ ...
အဲဒီလေတွေ ငါ့ကို တစ်ချက်နမ်းသွားတိုင်းပေါ့
ချစ်သူရေ ...
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကို ငါလွမ်းတယ် .....


ချစ်သူရေ ...
တိုက်ဆိုင်မှုတွေရှိလာရင်ရော
မတိုက်ဆိုင်မှုတွေ ဖြစ်နေရင်ရော
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကိုပဲလွမ်းမိတဲ့ ငါ
နင်ပဲ လွန်တာလား
ငါပဲ လွန်တာလား
မပြောတက်တော့ပါဘူး
အင်းလေ ...
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကို ငါလွမ်းတယ် ...

ဖြိုးငယ်


Wednesday, August 19, 2009

ကဗျာသောက် အစ်ကို သို့ ..........

7 comments


လူ့သက်တမ်း ကို သုံးချိုး ချိုးပြီး
သုံးတိုးလိုက်တဲ့ နေ့တစ်နေ့ ......

တိမ်ယံမှာ ရောင်နီသွန်း
နေခြည်တွေ ပထဝီပေါ်ညွန်းရင်ဖြင့်
ကဗျာတွေယွန်းတဲ့ လက်ပိုင်ရှင်က
မှတ်တိုင်တစ်ခု စိုက်တော့မယ်

ကမ္ဘာစွန်း တစ်ဖက်စီက
မေတ္တာခွန်း တစ်သက်မှီ
အသက်တည် အဝင်အထွက်ညီသမျှ
ဘေးဘယာ ဝေးကွာလို့
ထွေးစရာ လေးကလျှာနဲ့
နှေးမကြာ အကြောင်းဖက်
ရွှေလက်ရယ် ခိုင်ခိုင်ဆက်ဖို့
တောင်းဆုတွေ ခြွေလျှက်ပါ အစ်ကို...

ဆက်လျှောက်ရမယ့် လမ်းစိုင်မှာ
ပန်းတိုင် မရောက်မချင်း
ကဗျာတွေ ခင်းခင်းပြီးလျှောက်
အနုပညာလမ်းကြီး ဖောက်နိုင်ပါစေ ....

အစ်ကိုဖွင့်ထားတဲ့ ပြခန်းမှာ
ကဗျာပန်းတွေနဲ့ဝေလို့
လာလှမ်းသမျှလူတွေ မွှေး
ကမ္ဘာတစ်ခြမ်းမကဝေးရင်တောင်
ပြန်လှမ်းကို မေ့နေလောက်စေရဲ့ ....

အစ်ကိုရေးတဲ့ အဇ္ဈတ္တရဲ့ တေး
နှလုံးသွေးတွေ ဆူပွက်
ကဗျာစပ်တဲ့ လက်တွေက
ရင်ဘတ်အထိ ထိုးဖောက်
တစ်မိုးသောက်လို့ တစ်နေဝင်လည်း
ဖတ်လိုက်တိုင်း အပြစ်ကင်းစင်တယ်လေ ....

အစ်ကိုရေ ...
မွေးတစ်နေ့ သေတစ်နေ့ ဆိုပေမဲ့
အဲဒီ နှစ်နေ့အကြားမှာ ကျွန်တော်တို့တွေ့ခဲ့ကြတယ် ...
ရူးရူးမူးမူး ..
ကဗျာတွေ အတူတူခူးလို့
ရင်ဘတ်တွေ တူးကြည့်ကြဖူးတယ် .....

ဒီလိုနဲ့
ကျွန်တော်တို့လည်း ညီအကို ဖွဲ့ခဲ့ဖူးတယ်
ကဗျာတွေသောက်ပြီးတော့ပေါ့ ...

အစ်ကိုရေ ...
မိုးသောက်လို့ ရောင်နီထိုး
သုံးချိုး ကို သုံးတိုးလိုက်ပေမဲ့
အစ်ကိုစီတဲ့ ကဗျာချပ်တွေကို
မပြတ်တမ်း ထပ်ဆက်ရင်း
လောကကြီးကို နှုတ်ဆက်လိုက်ပါဦးဗျာ ...




P . S ==> ကိုမျိုးဦးဥာဏ် ( အဇ္ဈတ္တပြခန်း ) အတွက် မွေးနေ့ကဗျာပါ ...


ဖြိုးငယ်

Monday, August 17, 2009

အရသာ

8 comments


စက္ခု နဲ့ ကိလေသာ ပေါင်းစပ်
အချစ်တစ်ခွက် ဖြစ်လာတယ် ….

ဝေးကွာခြင်း နဲ့ သတိရခြင်း ပေါင်းစပ်
အလွမ်းတစ်ခွက် ဖြစ်လာတယ် ….

ဒုက္ခ နဲ့ သုခ ပေါင်းစပ်
အိမ်ထောင်တစ်ခွက် ဖြစ်လာတယ် …

အရသာသိချင်လျှင်
ကိုယ်တိုင်စားကြည့်ပါ ….


P . S ... >>> လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကရေးခဲ့တဲ့ကဗျာလေးပါ ... ဘလော့မလုပ်ခင်ကပေါ့ ... ဘလော့မှာ
လည်း မတင်ရသေးလို့ အခုပြန်တင်လိုက်တာပါ ...




ဖြိုးငယ်


Saturday, August 15, 2009

ရင်ကွဲ

11 comments



ခွမ်း .......
..............
..............


တစ်စုံတစ်ခု ထိခိုက်မှုဖြစ်သွားနိုင်သလို
တစ်စုံတစ်ခု ကွဲရှသွားသည်လည်း ဖြစ်နိုင်သည် ...


ပတ်ဝန်းကျင်ကို စေ့စပ်သေချာသော
စူးစမ်းရှာဖွေမှုပြုပြီးသည်နောက်
ထိုအသံကို အဖြေပေးနိုင်သည့်
တစ်စုံတရာသော အကြောင်းအရာမှ မတွေ့ခဲ့ရ ....


သင်္ကာမကင်း ...
သူ့ရင်တွင်း ငုံအကြည့်
တိခနဲ မဟုတ်သော အက်ကွဲကြောင်းတစ်ခုနှင့်
ဘယ်ဘက်ရင်အုံမှ နှလုံးသား ....


မေ့လိုက်ပါတော့ ဆိုတာ
မြန်မာလို ရေတွက်ကြည့်တော့
စာကားလုံး လေးလုံးတည်းရယ်ပါ ...
ဒါပေမဲ့ ...
အဲဒီစကားလုံး လေးလုံးရဲ့အောက်
လူတစ်ယောက်မှာ
အ သက် ပျောက် လု မ တက် .... ။



ဖြိုးငယ်


 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template