Wednesday, July 15, 2009

နွေညနေခင်းထဲ ပျံ့လွင့်ခြင်း





ညနေခင်း
လေညင်းကသင်းသင်း
ဘယ်သူဖန်ဆင်းလိုက်မှန်းမသိတဲ့ နတ်သမီးတစ်ပါးကြောင့်
ဝေဝေဝါးဝါး
တစ်လောကလုံးအသက်ရှုမှားသွားကြတယ် ....

လူပျိုတစ်သိုက်
ကျန်းမာရေးလိုက်စားကြပုံများ
ခြင်းလုံးကစားသူ ကစား
ဘောလုံးကစားသူ ကစား
အရာအားလုံးဟာ အသက်ဝင်ခဲ့တယ် ....

မျက်မမြင်တစ်ယောက်တောင်မှ
လွင့်စင်လာတဲ့ လေညင်း
အဆုပ်တွင်း ခပ်ပြင်းပြင်းသွင်းရှိုက်
ပန်းရနံ့လေးတွေ ခိုးလိုက်သေးတယ် .....

ပင်ပန်းပြီထင်ရဲ့ ...
နေမင်းက သီချင်းမဆိုပဲ
ကျွန်းညိုဆီကို ကွန်းခိုတယ်
ကျေးငှက်တို့ကလည်း အချစ်ပိုလိုက်ပုံများ
မောင်နှံလိုက် ပျံသန်းသွားသေးတယ် ....

နွေရဲ့ညနေခင်း
ကြွေလဲ့မျက်ရည် မဆင်းကောင်းပါဘူး
အတွင်းဟောင်း လွမ်းငွေ့တစ်ချို့က
လှမ်းတွေ့နေရတဲ့ အရာအားလုံးကိုလည်း စိတ်မဝင်စားခဲ့ဘူး ...
သူတို့သခင်မအပါးမှာပဲ ခိုနားချင်ကြသတဲ့ ....

အပိုစကားတွေလို့
နွေပျော်ငှက်တို့က ဆိုချင်ဆိုမယ်
လိုနေတဲ့ ကွက်လပ်
ဘယ်အရာနဲ့ဖြည့်စွက်ရမယ်မှန်း သူတို့မှ မသိခဲ့တာ ....

သတိထပ်ခါ မရချင်လို့
ခပ်ပြင်းပြင်းတစ်ခါ ရှိုက်
မီးခိုးတွေလွင့်လိုက်ပါရဲ့
ငါ့ရဲ့မိုက်ပြစ်အောက်မှာ
ပြာကြွေတို့ရဲ့ မျက်ရည်ချပ်များ ....

ခါးသက်သက် ကော်ဖီတစ်ခွက်နဲ့ပဲ
မလျှော်ညီတဲ့ အရပ်မှာ အသားကျ
ခပ်ဖွဖွတိုက်နေတဲ့ နွေလေညင်းက
ငါ့ရင်တွင်းအပူကို
ငြိမ်းချမ်းအောင် မကူနိုင်သေးဘူးလေ ....

အလွမ်း .. အလွမ်း .. အလွမ်း ...
ဘာကြောင့်လွမ်းရသလဲ ...
ဘာကိုလွမ်းရသလဲ ...
စကားလုံး ကြမ်းကြမ်းတွေ
မေးခွန်း ဆန်းဆန်းတွေ မမေးပါနဲ့
အလွမ်းဆိုတာ ရာသီလိုက်ပွင့်တဲ့ ပန်းမဟုတ်ဘူး ....
ထာဝရ လန်းဆန်းနေတဲ့ သစ်ပင်ပါ ....

မွေးမြေကို လွမ်းတယ်
အိမ်ကို လွမ်းတယ်
မိဘကို လွမ်းတယ်
ချစ်သူကို လွမ်းတယ်
တော်ပါတော့ လေသရမ်းတွေရယ်
ငါ့ကို ထပ်မနမ်းကြပါနဲ့
ငါ့ရင်လည်း အလွမ်းတွေထမ်းရတာ မောပန်းနေပြီ ...

နွေညနေချမ်းရဲ့အလှကို
ငါ့ဘက်ကလည်း တက်နိုင်သမျှဖြည့်ဆည်းဖို့
အိပ်တန်းတက် ငှက်တွေကို ငေး
သီချင်းလေးတစ်ပုဒ်ကိုတွေးရင်း
လေပြေတိုက်တိုင်း ဆုတောင်းမယ် ....

ဖြိုးငယ်

5 comments:

အိုင်လွယ်ပန် on July 15, 2009 at 10:38 AM said...

နွေညနေခင်းထဲ
လာရောက်ပျံ့လွင့်ခဲ့ပါတယ်ဗျာ ...

mgngal on July 16, 2009 at 9:41 AM said...

အလွမ်းကဗျာတွေပဲ ဆက်တိုက် ဖတ်နေရတော့တာ။ ကဗျာဖတ်ပြီး ကျနော်ပါ ညနေခင်းထဲ ပျံ့ လွင့်သွားပါလေရော ။

Apprenticeship on July 18, 2009 at 11:56 AM said...

အော် လွမ်းစရာတွေ တစ်ခုပီးတစ်ခုတွေးတော့ လွမ်းပီးရင်းလွမ်းပေါ့ ဖြိုးငယ်ရယ်... တစ်ခုတော့ရှိတယ်နော်... နောက်ဆို အခုလိုအေးအေးဆေးဆေး စားလိုက်သောက်လိုက် စာလုပ်နေရတဲ့ ကျောင်းသားဘ၀ကို ပြန်လွမ်းနေအုံးမှာ... အဲဒီတော့ လက်ရှိအချိန်တွေကို ပျော်အောင်နေလိုက်တော့ အလွမ်းတွေအတွက် နေရာမရှိလို့ ရင်ဘတ်မှာရေးထားလိုက် :P

ဝေလေး on August 7, 2009 at 10:14 AM said...

လွမ်းငွေ့ဝေဝေ........ ဘလော့တွေဘက်လမ်းလျှောက်ထွက်တာ. လွမ်းတာတွေဝေဆာနေရောပဲ .. :)

" မျက်မမြင်တစ်ယောက်တောင်မှ
လွင့်စင်လာတဲ့ လေညင်း
အဆုပ်တွင်း ခပ်ပြင်းပြင်းသွင်းရှိုက်
ပန်းရနံ့လေးတွေ ခိုးလိုက်သေးတယ် ..... "

ဒီအပိုဒ်လေးကြိုက်သွားတယ်.... ဖွဲ့ထားပုံလေးကလှနေလို့....

ရွှေပြည်သူ (ShwePyiThu) on August 11, 2009 at 7:58 AM said...

လေပြေတိုက်တိုင်း ဆုတောင်းမယ်တဲ့လား။ ဖြိုးငယ်လက်ရာကတော့ အမြဲကောင်းနေတာပါပဲ...

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template