Monday, May 25, 2009

လူငယ်ကဗျာဆရာ

9 comments


မတောက်တစ်ခေါက်
ကဗျာတွေ ကောက်မိပါတယ်
ပန်းအခြောက်တွေတော့ ဘယ်ဝေနိုင်မလဲ
ဒီနွေမှာ တစ်တောလုံးစိမ်းပါ့မလား ......

တယိမ်းတယိုင်
နတ်စိမ်းကိုင်သလို
အနုပညာကိုတော့ မလိမ်ချင်ဘူး
ငါ့ရင်ကို ဗလာဖြစ်တဲ့အထိ ခင်းကျင်းပစ်မယ် ....

ရှေးရာဇ၀င် အကြောင်းတစ်ချက်
ဦးကျည်ပွေ့မှာတောင် အတက်ထွက်ခဲ့တာပဲ
ငါ့ရင်ဘတ်မှာလည်း ကဗျာအတက်ထွက်ကောင်းပါရဲ့
ငါက ကဗျာတွေနဲ့ လက်ဆက်ချင်တဲ့ကောင် .....

လေရမ်းတွေ စည်တီးသလို
တဟီးဟီး ငါ့ဆီအော်လာရင်တောင်
ခြေလှမ်းတိုင်းမှာ ကဗျာတွေကို နမ်းခဲ့မယ်
နောက်ဘ၀ လမ်းအထိပေါ့ .....

သေအံ့မူးမူး
လှိုင်းကြမ်းတို့ စူးခဲ့ရင်တောင်
ဆီဦးထောပတ် မပါပဲ
ကဗျာတွေနဲ့ လက်ပစ်ကူးမဲ့ကောင် ....

ငါ့ဇာတာကိုက
ကဗျာနာ ကျခဲ့သလားပဲ
ငါ့ခန္ဓာကိုဖောက်ကြည့်ရင်
ကဗျာတွေ ပိုးပိုးပေါက်ပေါက် ကျလာဦးမယ် ....

အို .. အသင်လောက
မြင်သာအောင် တမင်တကာ ပုံမပြချင်တော့ဘူး
ငါ့ရင်အစုံ ဗြန်းဗြန်းမကွဲသွားသေးသ၍
ကဗျာတွေရဲ့ အရှေ့မှာရပ်
မနက်ဖြန်တိုင်းကို အသက်ဆက်မယ် ....

ဖြိုးငယ်

Saturday, May 16, 2009

ကျေးဇူးရှင်သို့ ဆုတောင်း

6 comments


သိဒ္ဓိအောင်ခဲ့သလား
လိုတရတဲ့ ဓါတ်လုံးတစ်လုံးဆိုရင်
အဖေရဲ့မေတ္တာနဲ့ယှဉ်ကြည့်ချင်တယ်
နေမ၀င် အင်ပါယာဆိုတာ
ကျွန်တော့် ကမ္ဘာမှာ
ဖေဖေ့ရဲ့ အကြင်နာပါပဲ ...

တမင်တကာ မဟုတ်ပေမဲ့
မြင်သာအောင် ထုတ်မပြတက်ကြဘူး
ရင်အုပ်မကွာ မဖြစ်ခဲ့ပေမဲ့
ဝမ်းတစ်ထွာ မ ဟာရအောင်
ထာဝရဖြည့်ဆည်းပေးခဲ့တဲ့သူ
အဖေဟာ တံခွန်ထူ အောင်နိုင်သူ စစ်သူကြီးလည်းဖြစ်တယ် ....

ဘယ်အရာကိုမှ မညူစူခဲ့ပါဘူး
ဆူပူခြင်းကင်းမဲ့ လမ်းကြောင်းမှန်တည့်အောင်
ပဲ့ပြင်ဆုံးမ ကျွန်တော့်ဘ၀ သုည ကို
တစ်စတစ်စ ထပ်ကိန်းတွေရအောင်
ထိန်းသိမ်းပို့ချ အရောင်တစ်လက်လက်ထစေခဲ့သူပါ
အဖေဟာ ကျွန်တော့်အတွက်
ဖတ်လို့မကုန်နိုင်တဲ့ သင်ရိုးညွန်းတမ်းတစ်အုပ်လည်းဖြစ်တယ် ....

ဧဒင်ဥယျာဉ်ကြီးရဲ့သာယာမှု
အဖေ ပြုစုပျိုးထောင်ခဲ့တဲ့ မိသားစုလေးကို မှီပါ့မလား
အညီအမျှ ထားတဲ့ အဖေရဲ့ချစ်ခြင်းတွေကြား
ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကြီးထွားခဲ့ရင်း
ဒီနေ့ပေါ့....
အဖေအသက် တစ်တိုးခဲ့ပြန်ပြီ .....
မနက်ဖြန်တိုင်း အဖေကျန်းမာပါစေ ....

ဖြိုးငယ်


မေလ ၁၅ ရက်နေ့တွင်ကျရောက်သော အဖေ့မွေးနေ့အတွက် ကျေးဇူးဆပ်ပါသည် ။ ဖေဖေ သက်တော်ရာကျော် ရှည်ပါစေ ......

Thursday, May 7, 2009

သံသရာဆုတောင်း

10 comments
မုန်းမှာလား သခင်
မေ့ဖို့ပြင်ရင်
ငါ့မျက်နှာကို တစ်ချက်မြင်ပါ
အရင်လို ဒို့နှစ်ယောက်
အတူလျှောက်ဖူးတဲ့လမ်းမှာ
ကျေးငှက်တို့တောင် ရောက်လောက်ပြီပေါ့ ....
ငါတစ်ယောက်တည်းနဲ့
သူတို့ရဲ့နှုတ်ဆက်စကားကို
မဖြေကြားရဲဘူး သခင်ရေ .....

ေ၀၀ါးနေတဲ့ အမြင်နဲ့
သံသယရင်ခွင်ကို ခပ်ကြမ်းကြမ်းနမ်းခဲ့ရင်
အကြင်နာပန်းတွေနွမ်းတယ်
မနက်ဖြန်ရဲ့လမ်းတစ်လျှောက်
ငါ့ကို တစ္ဆေတွေခြောက်လိုက်တာ
အရှေ့ရော အနောက်ရော နေမထွက်ဘူး ....
( ဒါတောင် )
မနေတက် မထိုင်တက် ရင်ခွင်က
အလွမ်းတွေကို နှင်ခဲ့ချင်သေးတယ်လေ .....

တစ်ပတ်နွမ်းတဲ့ မျက်ကန်းရင်ခုန်သံက
ကမ္ဘာတုန်အောင် မစွမ်းနိုင်ခဲ့ဘူး
တစ်ဖက်ကမ်းခတ် မှော်အတက်နဲ့
ငါ့ရင်ဘတ်တစ်ခြမ်းကို
ရူးရူးနှမ်းနှမ်းစွဲလမ်းစေခဲ့ပြီးမှ
လောင် ကျွမ်း ပြာ ကျ
မင်းကတော့ မျက်ရည်တောင် မခခဲ့ဘူး
သက်သေ ဘယ်လိုပြရမလဲ
တကယ်ချစ်ခဲ့တာပါ သခင်ရယ်
အပြစ်လို့မြင်လျှင်မြင်တော့
လိုချင်တဲ့ ဆုတစ်ခု
အကျွန်ုပ်ရင်ထဲ တိတ်တိတ်လေးမောင်းထုထားတယ် ....

သံသရာတစ်ခွင်
ပြန်လည်ကာဆုံချင်ပါသေးတယ်
သံသရာ တစ်ကွေ့
ပြန်လည်ကာဆုံတွေ့ရမယ် သေချာရင်
သံသရာလမ်းတစ်လျှောက်
မင်းခြေရာကောက်ပြီး လိုက်ခဲ့မယ်
မင်းနေရာရောက်မှ
ရေကြည်ရာရှာသောက်ပြီး
မင်းနဲ့အတူ နှစ်ယောက်
ကမ္ဘာပေါ်လမ်းတစ်ပတ်လျှောက်ချင်တယ် ....

ဖြိုးငယ်


Saturday, May 2, 2009

မိုင်တိုင် ( ၂၄ )

11 comments
၂၀၀၉ ခုနှစ် မေလ ၂ရက်
ငါ့အသက်ကို ကမ္ဘာပေါ်စိုက်ခဲ့တာ
မိုင်တိုင် ၂၄ ခုရှိခဲ့ပြီ...

ဖြတ်သန်းလာတဲ့ လမ်းတစ်လျောက်
အမြဲတမ်းတော့ ဘယ်ဖြောင့်ပါ့မလဲ
ဘ၀ဟာ အတွေ့အကောက်မှမပါရင်
ပျင်းဖို့သိပ်ကောင်းတယ်...

မာယာမြိုင်တော ဟောဒီလောကကြီးထဲ
အဖေ့ရဲ့ ခေါက်ရိုးကျိုး မှာတမ်းတွေနဲ့
ကျွန်တော် ရဲရဲကြီး တိုးခဲ့တာပါ အဖေ
နေက ကမ္ဘာကိုပတ်ရင်း
ကျွန်တော် အိမ်က ထွက်ခဲ့တာ
၆နှစ်တောင်တိုင်ခဲ့ပြီး...

ကျွန်တော်ရဲ့ မိုင်တိုင် ၂၄ က
အိမ်နဲ့အဝေးမှာ ဘာတွေဖြစ်ဦးမလဲ
မသိတော့ဘူး အမေ
ကျွန်တော့်ရဲ့ ဇာတာကိုက
အိမ်လွမ်းနာပါနေခဲ့တာလားထင်ရဲ့...

မိုင်တိုင် ၂၄
ကျွန်တော့် ဘေးမှာ ချစ်သူကို ရှိနေစေချင်တာပေါ့
အခြေအနေ အကြောင်းမပေးလို့
အတွေးနဲ့ပဲ မိတ်ဖွဲ့
နောက်တော့လည်း စိတ်နဲ့အစာတဲ့လောက်ရဲ့ ...

သြော် ...
ဘာလိုလို နဲ့ တစ်ဖြည်းဖြည်းဇရာအို
ကျွန်တော်ဆိုတဲ့ကောင်လေ
ဒီနေ့မှာ ၂၄ ဂဏန်းကို
ခပ်ပိုင်ပိုင်နမ်းခဲ့လေပြီ ....

ဖြိုးငယ်






ကောင်းကင်ရင်ခွင် ပွင့်ပြီတဲ့လား
ကိုယ်သာ “ အရောင် ” ဆို
သူမသိအောင် “ မှောင် ” ထားလိုက်မယ်
ဒါပေမဲ့
အလင်းမဲ့ညမှာ နှလုံးသားမှာ
မီးထွန်းစရာ မလိုပါဘူး
သခင့် ပုံရိပ်နဲ့ ထွန်းလင်းနေပါစေ ။
ကိုယ်ဟာ “ တိမ်ဖြူလွှာ ” လေး မဟုတ်လေတော့
လေယူရာ တိုက်ခတ်တိုင်းလည်း
သံယောဇဉ် ကြိုးမျှင်ပါးလေးက
လူးလွန့်လို့တောင် မသွားခဲ့ပါဘူးတဲ့ “ သခင် ” ရေ ...
ကိုယ့်ကိုကိုယ်သာ သီချင်းလေးတစ်ပိုဒ်ဆို
ကိုယ့်သခင်ဆိုညည်းဖို့
သံစဉ်နွေးနွေးလေးတွေ မွေးမြူလို့ထားခဲ့တယ် ။
မေးပါရစေ .. သခင်
နွေရာသီတိတိရဲ့ ပြင်းရှရှညတွေကို ကျော်လွားစေဖို့
သခင် ပေးသနားမှာတဲ့လား ...
တေးမိလေတိုင်း လျှောက်လှမ်းမိတဲ့
လမ်းကလေးကလည်း လွမ်းချင်ပါသတဲ့လေ ... ။
ဆည်းဆာအောက်က ချူံးပွဲချလွမ်းခဲ့သမျှကို
ကျ “ နေ၀န်း ” ကတောင်
အားပေးနေသယောင်ယောင်ပါပဲ .. ။
သူမသိတော့ ... “ သခင် ”ရေ
မျှော်တော်ယောင် ပတ်ပျိုးလေးမှာ
အစချီကတည်းက ရှိုက်သံလေးတွေနဲ့
သီကုံးခဲ့ရတယ် ။
သခင့်ထံမှာ ၀မ်းနည်းဖို့ မဆိုချင်ပါဘူး
မအိုသေးတဲ့ “ ထိုထို ” ညတွေတိုင်းမှာ
အချစ်တွေသာ “ ပျိုပျို ” လို့ ပင်သစ်နေပါတယ်
ကံကြမ္မာဖန်လာသမျှ မာန်ခ၀ါ မချဘူးဆိုတဲ့ သက်သေ
ကိုယ်ဘယ်လိုပြရမလဲ !
ဒီတော့ ပုန်းလျှိုးကွယ်လျှိုး “ အပြုံး ” လေးတွေကို စုဆောင်းလို့
ဒီနေ့လေးမှာ
ကိုယ်ပိုင်တဲ့ ကိုယ့်သခင်အတွက်
ရည်စူးမေတ္တာ ဆုတောင်းစာက
“ .............................. ” လို့ပါသခင် ။ ။


ဒီကဗျာလေးကတော့ တစ်ယောက်သောသူရဲ့မွေးနေ့လက်ဆောင်ဖြစ်ပါတယ် .. ။ ကဗျာလေးကိုလည်း ကြိုက်လို့ တစ်ခါတည်းတင်လိုက်တာပါ .. ။ မွေးနေ့လက်ဆောင်အဖြစ်ပေးချင်လွန်းလို့ ကိုယ်တိုင်မစွမ်း
သော်ညား ဖြစ်မြောက်အောင် ကျွန်တော်နှစ်သက်တဲ့ကဗျာလေးတစ်ပုဒ် ဖြစ်မြောက်အောင် ဖန်တီး
ပေးပို့ပေးတဲ့သူကိုရော .. ရေးသားပေးတဲ့သူကိုပါ အထူးကျေးဇူးတင်ပါတယ်။ ခေါင်းစဉ်လေးကိုတော့
အဆင်ပြေသလိုသာ ပေးလိုက်ကြပါဗျာ ။




Thursday, April 23, 2009

သစ္စာလမ်းခွဲ

8 comments

တောင်စွယ်မှာနေမကွယ်သေးဘူး
ရင်ခွင်ထက်က ပင့်သက်တွေ
မမြင်သလို နင်းဖြတ်ချွေချ
အဘယ်ကအားတွေရခဲ့ပါသလဲ
သခင်မရေ ...
အကျွန့် နှလုံးသားကွပ်မျက်ခံရပြီ ....
အကြင်သူမရှိသောလမ်းဟာ
လင်းနေပေမဲ့ ကန်းနေသူတစ်ယောက်မို့
တုတ်ကောက်ကိုလည်း အားမကိုးချင်တော့ဘူး .....


မိုးခေါင်လို့တီးတီး

ဗုံတီးလို့ပဲ မိုးရွာရွာ
နှလုံးသားတော့ပါခဲ့ပါရဲ့
တစ်စုံတစ်ရာကိုမေ့လို့ရမယ်ဆိုရင်တောင်
တစ်ကြိမ်တစ်ခါ တိုက်ဆိုင်မှုတွေ ဝေ့လာရင်
အဲဒီနေ့တွေဆီ အလည်ပြန်သွားမိမှာပဲ
ငါတို့က အိုးပုတ်တွေနဲ့ ကစားခဲ့တာမှ မဟုတ်တာ ....


ခရာသံတစ်ချက်ကြားလိုက်ရတယ်

ပွဲကပြီးပြီလား
မီးတွေကတော့ မငြိမ်းသေးဘူး
တစိမ်းတွေလို နေလိုက်ဖို့
ခံစားချက်တွေကို ထိန်းလိုက်ရတော့မှာလား
လေပြေတစ်ချက် ယိမ်းလာရင်တောင်
အောက်စီဂျင်တစ်ဝက်နဲ့ ရင်ဘတ်ကဓါတ်ပြုနေတုန်းပဲ .....


လမ်းခွဲတစ်ခုမှာ စွဲလန်းမှုတွေဖြတ်

တစ်ဖက်တစ်ချက်မှာ မျက်ရည်စတွေနဲ့
သက်သေပြစရာ မှတ်စုအတိုအထွာတွေ
လိုရာကိုသာပစ်ကျဲ ရင်ထဲမှာပဲ ဗုံးခွဲ
နှလုံးကွဲလည်း ကွဲစေတော့
ပြုံးမြဲသာပြုံးနေလိုက်
မုန်းဖို့လည်း မထိုက်
မိုက်ဖို့လည်း မစဉ်းစားနဲ့
မြင့်မိုရ်ရိုက်ခံရရင်
နောက်ဘဝပါ လွဲကိန်းဆိုက်နေမယ် ...


ပွဲသိမ်းရိုက်ချက်တွေကို

တွဲလက်တစ်စုံနဲ့ တိုက်ဖို့
ရူးရူးမိုက်မိုက်
တို့နှစ်ယောက်ကြိမ်စာတိုက်ခဲ့ဖူးတယ်
(အခုတော့လည်း ....)
အောင်လံထူစစ်သူကြီးခေါင်းစိုက်
အတွဲလိုက်ပစ်ခတ်မှုတွေကြောင့်
စနေထောင့်က ပန်းတွေလည်း နွမ်းကုန်ပြီ .....


လမ်းကြုံရင်တောင် ပြန်မပြောနဲ့တော့

လွမ်းကုန်ရင် ဒီရေတွေထပ်ထပ်တိုးမယ်
ဣစ္ဆာသယ မိုးလည်း မကယ်နိုင်
မနက် အိပ်ယာက နိုးနိုးချင်း
သူမသာ စိတ်မှာ စိုးတယ်
ရိုးမသွားတဲ့ တေးတစ်ပုဒ်ပါ ...


တိုးသွားတဲ့ အသံထုတို့နောက်

မျက်ရည်ဥတို့ပါ ရောက်လာတယ်
သစ္စာတွေ စီခြယ်ခဲ့ပါရက်နဲ့
ဇာတ်ဆရာ ကျီစယ်ခဲ့ပါသလား...
တစ်သက်တာ ခပ်ခွာခွာနေရမဲ့ ဒို့နှစ်ယောက်
တစ်ယောက်တစ်လမ်းစီ လျှောက်နိုင်ဖို့
အချစ်တို့ကို ဖျောက်ရမယ် .....


နောက်ဘ၀တစ်ကယ်ကြုံသေးရင်

ဆုံရေးကို စဉ်းစားဖို့
ဆုတောင်းကာ အဓိဌာန်ပြု
အခုဘ၀မှာတော့
မေတ္တာမပျက် သစ္စာကိုတွယ်ဖက်ရင်း
ချစ်ခြင်းကိုရပ်ကြမယ် ....
မြင်မိုရ်မက ကျေးဇူးအနန္တတွေကို
ဒို့နှစ်ယောက် မပစ်ခွင်းချင်ဘူး
ချစ်သူရေ ...
ငါတို့အင်ယာပါကြီးကိုဖြိုဖို့
မီးရဲရဲဖိုပါ ....
ဝေးသွားရင် မငိုကြေးပေါ့
နောက်ဆုံးအနမ်းတစ်ချက်အလိုမှာ
မင်းနဲ့ငါ တေးသွားတစ်ပုဒ်ဆိုရအောင် ....

ဖြိုးငယ်


Thursday, April 16, 2009

ဖန်သားပြင် သင်္ကြန်

9 comments

သင်္ကြန်ကြို ပိတောက်တို့
တမန်ကြို မထောက်နိုင်
ဂနိုင်လို မခြောက်ပေမဲ့
မဆိုင်သလို လျှောက်ရတဲ့ လမ်းမှာ
သင်္ကြန်ရဲ့ နှုတ်ခမ်းကိုတောင်
နမ်းခွင့်မသာခဲ့ဘူး ....

လှမ်းဆင့်ကာ သတင်းမေး
ရွှေပြည်ကြီးရဲ့ အဝေးမှာ
အတွေးနဲ့ ပျော်
ဖန်သားပြင်ပေါ်မှာပဲ ကြည်နူး
သင်္ကြန်လို့ပဲ နှုတ်က ခေါ်ဖူးခဲ့တယ် ....

လေရူးတွေလည်း မရောက်သလို
ပိတောက်တို့လည်း မပေါက်ဘူး
တန်ခူးဆိုတာကို ဖန်သားပြင်က အလှ
တစ်ခဏတာ ကြည့်ခွင့်ရယုံနဲ့
(ငါတို့အတွက်)
သင်္ကြန်က ပြည့်စုံနေပြီထင်ရဲ့ .....

တွေဆုံချင်ပါသော်လည်း
အခွင့်ရယ်တဲ့ ဘယ်မသာ
တစ်ကြိမ် တစ်ခါတော့
ဖန်သားပြင် မပါ
စက္ခုအာရုံ သက်သက်နဲ့
သင်္ကြန်ရဲ့ အငွေ့အသက်ကို
ပွေ့ဖက် ချင်ပါဘိ ...

ဝေ့တက်လာတဲ့အသိ
ပစ္စုပ္ပန်မှာကြည့်တော့
ဖန်သားပြင် သင်္ကြန်ပွဲနဲ့ပဲ
(အခုတော့လေ ... )
နှစ်သစ်ကို နွဲ ....


ဖြိုးငယ်


Sunday, April 12, 2009

အဲဒါကဗျာဆရာ

9 comments
ပန်းကလေးတစ်ပွင့်

တစ်ခြားဘယ်လိုပန်းမျိုးကမှ

တုနှိုင်းမမှီ ခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ ပန်း ......။



အဲဒီပန်းဟာ တစ်ခမ်းတစ်နားနဲ့

ကဗျာဆရာ အနားမှာ

ထာဝရ ခစားနေလေရဲ့ ....။



သစ်သီးလေးတစ်လုံး

တစ်ခြားဘယ်လိုသစ်သီးမျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ သစ်သီး ....။



အဲဒီသစ်သီးဟာ ထီးထီးမားမားကြီး

ကဗျာဆရာရဲ့အနီးမှာ

အားကြီးနေလေရဲ့ .....။



လွယ်အိတ်လေးတစ်လုံး

တစ်ခြားဘယ်လိုလွယ်အိတ်မျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ လွယ်အိတ် ......။



အဲဒီလွယ်အိတ်ဟာ ကဗျာဆရာရဲ့စိတ်

အဲဒီအိတ်ထဲမှာ ခံစားချက်တွေကလည်း

အိတ်သွန်ဖာမှောက် .....။



ရာဟုမလေးတစ်ယောက်

တစ်ခြားဘယ်လိုမိန်းကလေးမျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ရဲ့ ချစ်သူ ......။



အဲဒီ မိန်းကလေးဟာ

သူ့ဘေးမှာ မရှိခဲ့ရင်တောင်

နှလုံးသားပိုင်စား သခင်မတစ်ပါးပါပဲ .....။



အိမ်မက်လေးတစ်ခု

တစ်ခြားဘယ်လိုအိမ်မက်မျိုးကမှ

တုနှိုင်းမမှီအလွမ်းငွေ့ ရည်ဖွဲ့ခဲ့တယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ အိပ်မက် .....။



အဲဒီအိပ်မက်ဟာ

ကဗျာဆရာရဲ့ ၀င်သက်ထွက်သက် မဆိတ်သုဉ်းသ၍

ကြယ်ကိုးစင်းနဲ့အပြိုင်လင်းတဲ့ ကောင်းကင် ......။



သေးငယ်တဲ့လှိုင်းအမှုန်လေးကအစ

ကြီးမားတဲ့ဒြပ်ထုအဆုံး

တခမ်းတနားတုနှိုင်းမမှီဖွဲ့နွဲ့နိုင်တာ

အဲဒါ ကဗျာဆရာ ...။


ကျွန်တော့်ဆရာတွေကို ဂုဏ်ပြုသည်

သီဟညိမ်း

(
ဖြိုးငယ် ကူညီရေးစပ်သည် ။ )

(၁၄.၄.၂၀၀၉)

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template