ကြယ်တွေက ခြေစုံကန်ပြီး
လမင်းကို နံရံစီ ပစ်ပေါက်တဲ့ညမှာ
အိပ်မက်က ငါ့ကိုပြောတယ်
ရင်ခုန်သံတစ်ချက်နဲ့ကမ္ဘာပတ်ဖို့
ခါးသက်သက် ကော်ဖီတစ်ခွက်အပြင်
ချစ်သူကမ်းတဲ့ လက်တစ်ဖက်
သင်းပျံ့တဲ့ ရနံ့တစ်စုံ
ငါ့ရှေ့မှာ ခြေစုံပစ်ဝင်လို့
ငါ့မနက်ခင်းတွေကို နိုးကြွစေမယ်တဲ့ ....
တန်ခိုးပြနေသလား
မိုးကျနေသလား
မရိုးမရွစိတ်အစဉ်
နှလုံးသာရေဒါမှာ ချစ်သူကိုမြင်တယ်
သခင်ပျောက်တဲ့ ညမို့
အိမ်ပေါက်ဝ က ခွေးကလေးကို သနားတယ် ....
ဆွတ်ပျံ့မှုတွေရုပ်လုံးကြွလာတဲ့နောက်
ရင်တစ်ခုလုံးမှာ ဂယောင်ဂယှက်
အနှောင့်အယှက် ပေးတဲ့ လေနတ်ဆိုး
ကြွေပျက်ညှိုးနေတဲ့ ရာသီအို
ဒီအချိန် ဆိုနေကြသီချင်း
ပြိုကျရင်း ပြိုကျရင်း ရင်ထဲမှာ အောင့်သက်သက်
ကလေးတစ်ယောက်အတွက်ကမှ
ရွှေလင်ပန်းနဲ့ထမင်းဆီဆမ်း
ဖိုးလမင်းဆီက တောင်းရမ်းခွင့်ရှိပါသေးတယ် ....
အရာရာဟာ မှုန်ဝါးဝါးဆိုပေမဲ့
အချိန်တွေသာ ကုန်ကုန်သွားတယ်
ဘယ်ပုံ ဘယ်မျိုး ကံကြမ္မာက ယိုးမယ်မသိလည်း
ရင်ထဲမှာ အချစ်တွေက တိုးတိုးလာတယ်
အကောင်း အဆိုးကို ဘဝနဲ့ လောင်းကြေးထပ်တဲ့ပွဲမှာ
အချစ်ဆိုတာ အရေးပါဆုံးပဲ ...
မတွေးပဲလည်း မနေနိုင်
မဆွေးပဲလည်း မနေနိုင်
ဝေးပဲဝေးနိုင်လွန်းတဲ့ ဘဝမှာလဲ
တွေးမှိုင် ငေးငိုက်နေတာကို
ဘေးထိုင်ပြီး အပြစ်မပြောကြပါနဲ့
သင်တို့ရော ချစ်တက်ကြတယ်မဟုတ်လား
အမြစ်ဖြတ်ရ ခက်တဲ့အမျိုးထဲမှာ
အလွမ်းကိုရော ဘေးဖယ်ထားသင့်ပါ့မလား .....
ဒဏ္ဍာရီပုံပြင်တွေထဲကလို
မှော်ဝင်တဲ့ အချစ်တွေနဲ့စံချိန်တင်ပြီးမှ
လွမ်းခွဲစာတန်းထိုး
ရင်ကွဲအောင် အဖြစ်တွေမဆိုးချင်ဘူး
ငါ့တို့နှစ်ယောက်အချစ်ကို
ဘယ်သူမှ မော်ကွန်းတင် ကဗျည်းမထိုးရင်နေပါ
နင်နဲ့ငါ ရိုးရိုးလေးပဲ တစ်သက်လုံးနေချင်တာ ...
တိမ်ညိုရာသီတွေ လွန်ရင်
ကြမ္မာဆိုးတွေ နှင်ဖို့
ရင်ခွင်နှစ်ခုကိုပေါင်းစပ်
တစ်စက်စက်ကျနေတဲ့ အလွမ်းတွေကို
လက်နှစ်ခုနဲ့ လှမ်းရပ်ဖို့
နှစ်ချို့ အနမ်းချပ်တို့ကို
ငါ့အတွက်ပဲ သိမ်းထားပါ ချစ်သူ ....
ဒီလိုနဲ့ပဲ
ဂျိုကာတွေကိုင်ကိုင်ပြီး မဒေါင်းသေးတဲ့ဘဝမှာ
ကံကြမ္မာကပေးတဲ့ ပစ်ဖဲ တစ်ချက်ကို
မျှော်လင့်ချက်နဲ့ စောင့်
ရောက်ရောက်လာတဲ့ အလွမ်းတွေနဲ့ပဲ
ငါလေ ....
နင့်ကိုတမ်းတနေရတုန်းပါပဲ ....
ဖြိုးငယ်