Thursday, February 14, 2008

ကျွန်တော် နဲ့ ဗယ်လင်တိုင်း


ဖေဖော်ဝါရီရဲ့နှုတ်ခမ်းက
ငါ့ကိုခပ်ကြမ်းကြမ်းနမ်းတယ်
အလွမ်းတစ်ရာ...ပန်းတစ်ရာပွင့်တဲ့အထိပေါ့......
ဗယ်လင်တိုင်းရဲ့နတ်ဆိုးကတော့
ငါ့ကိုခပ်ကြမ်းကြမ်းထိုးတယ်
အလွမ်းတွေညှိုးသွားအောင်တဲ့..
သူ့တန်ခိုးတွေ သိုးသွားတယ်..
ငါက အလွမ်းမိုးတွေပဲ ဖြိုင်ဖြိုင်သွန်းနိုင်တဲ့ကောင်ပါ.....

ယောင်ချာချာတစ်ယောက်တည်းနဲ့
ကမ္ဘာတစ်ခြမ်းကချစ်သူကိုလွမ်းရတဲ့ဘဝ
ဗယ်လင်တိုင်းရဲ့အလှဆိုတာ ဘာမှန်းမသိခဲ့ဘူး....
လာနမ်းကြတဲ့ မြောက်ပြန်လေအေးအေးက
ချစ်သူပေးလိုက်တဲ့ လက်ဆောင်တစ်ခုလား.....
တစ်ချက် တစ်ချက် ယောင်မိတာက
အမှတ်တမဲ့ လောင်တဲ့မီးပါ.......

ဖောင်ဖွဲ့ပြီး မပြောချင်ပါဘူး
နှောင်ဖွဲ့ထားတဲ့ကြိုးတွေကို
ဘယ်သူတွေ ဘယ်တန်ခိုးနဲ့ဖြတ်နိုင်မှာလဲ....
အချိန်တိုင်းချစ်နေသူတွေအတွက်
ဗယ်လင်တိုင်းဆိုတာ ပညတ် တစ်ခုပါ.....

ဝင်သက် ထွက်သက် အချိုးညီခဲ့တာ
၂၃ နှစ်တည်ခဲ့ပါပြီ...
ဗယ်လင်တိုင်းရဲ့ တံတိုင်းကို
တစ်ခါမှ အနိုင်မပိုင်းဖူးဘူး....
တကယ်တော့
ဗယ်လင်တိုင်းဆိုတာ ငါ့အတွက်
တစ်ခါမှမနမ်းဖူးသေးတဲ့
အပျိုဖျန်းလေးရဲ့ နှုတ်ခမ်းပါဗျာ.....

ဖြိုးငယ်

3 comments:

ဆိုးသွမ်း on February 15, 2008 at 11:48 AM said...

ကောင်းတယ် ညီလေးရေ....
ကဗျာလေး မိုက်တယ်

Unknown on February 15, 2008 at 2:43 PM said...

ငါတို့လည်း အဲဒီ့နှုတ်ခမ်းကို အခုထိသေသေချာချာ မနမ်းရသေးပါဘူးကွာ...။

ein on February 27, 2008 at 7:26 PM said...

ကဗျာလေးကောင်းတယ်သယ်ရင်းရေ...
ဟုတ်တယ်ဝေ့...ငါလဲ အဲသလိုပဲ ဟ ဟိဟိ
ဗယ်လင်တိုင်းရဲ့အလှဆိုတာ ဘာမှန်းမသိခဲ့ဘူးလေ....

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template