Saturday, May 30, 2009

မှော်ထွင်းကျောက်စာ




( က )

ချစ်သူရေ ......
ငါဟာ မာကျုရီ မဖြစ်ခဲ့ရင်တောင်
ဗို့ အားရှိသလောက်တော့ လင်းခွင့်ပေးပါ
နေမင်းကို အန်မတုနိုင်ရင်တောင်
လမင်းနဲ့ငါ တစ်ယောက်တစ်ဝက်
အမှောင်ညတွေကို တိုက်ဖျက်ချင်တယ် ......

အရာရာ အကွက်ချ
စနစ်တကျ စီစဉ်ခဲ့ပြီးမှ
ပယ်နယ်တီ တစ်လုံးလွဲလို့
ငါ အသည်းမကွဲချင်ဘူးချစ်သူရယ် ....
အနောက်ယွန်းယွန်းက နေမထွက်ရိုးမှန်ရင်
နင်နဲ့ငါ လက်ထပ်ချင်တယ် .....

အလွမ်းနှင်တဲ့ နတ်ဆိုးက
ငါဆီကို လေပြေတွေ တိုးစေခဲ့တယ်
တိတ်တခိုးနဲ့ ကြိတ်ပိုးတယ်ဆိုတာ
ပုပ်သိုးနေတဲ့ ပန်းသီးတစ်လုံးပဲ
ငါပျိုးထားတဲ့ ဥယျာဉ်ထဲမှာ
နှင်းဆီတွေ ပွင့်စေချင်ပြီ ......

ငါက လူမမာတစ်ယောက်ပါချစ်သူ
နင်တစ်ဖက် ကဗျာတစ်ဖက်
နှာခေါင်းပိုက်နှစ်ခု တပ်ပြီး
အသက်ဆက်နေရတဲ့ကောင်ပါ
မနက်ဖြန်မနက် ကြယ်တွေရေဆင်းသောက်ရင်
ငါ့အတွက်အလွမ်းပြတင်းပေါက် ပိတ်ပေးခဲ့ပါကွယ် ....

ရှည်ရှည်ဝေးဝေးမတွေးပါနဲ့
မြားနတ်မောင်တောင် မြှားပြန်စူး
အချစ်ရူးဖြစ်ခဲ့ဖူးတာပဲ ...
ကျွန်တော်လည်း ပဒိုင်းသီးခူးခဲ့တဲ့ကောင်တစ်ယောက်ပါ ....

ငါကလည်း ဆုတောင်းကြမ်းတယ်
နင့်နှုတ်ခမ်းကို ထာဝရ နမ်းချင်လို့တဲ့
အရူးအနှမ်းလို့ သမုတ်ကြမလား
အထူးအဆန်း မဟုတ်တော့ဘူး
ငါက အလွမ်းတွေထမ်းထားတဲ့ကောင်လေ .....

မှတ်တမ်းလည်းမရှိပါဘူး
တစ်ဖက်ကမ်း ခတ်လောက်အောင် မလှပေမဲ့
ငါ့ရင်ဝှက်ပန်းက နင့်ကိုပဲ စွဲစွဲလန်းလန်းတဲ့
အသည်းတစ်ခြမ်းမကတော့ဘူး
နင့်က မာယာမဖျန်းပေမဲ့
ငါ့မှာတော့ ရူးသွမ်းနေပြီ ......


( ခ )

အဘယ်နတ်ဘုရားတွေဆောင်နှင်း
နင့်ကို ငါ့ရင်တွင်း ပို့ခဲ့တာလဲ
ချစ်ခြင်းဆိုတာ
အာဒံက ဧ၀ကိုပေးခဲ့တဲ့ ပန်းသီးတစ်လုံးမဟုတ်ဘူး
ငါက နင့်ကိုပေးထားတဲ့ နှလုံးသားပါ ....

မျှော်လင့်ခြင်းဆိုတာ
ရှင်သန်ခြင်းနဲ့ အမျိုးတော်တယ်
နင်ပျော်သလိုသာနေပါ
ငါ့နန်းတော်တည်ပြီးတဲ့အခါ
နင့်ကိုသာ ဘုရင်မ လုပ်ခွင့်ပြုမယ် ...
လမင်းလေးရေ ...
နင်ထားမသွားရဘူးနော် ....

ပင်ဖျားမှာပဲ နေနေ
မြေပြင်မှာပဲ ကြွေကြွေ
ခရေတွေ မွှေးနေသမျှ
နင်နဲ့ငါ ဝေးမသွားကြကြေးနော် ...

လောကနတ်ရယ်
ပြောမပြတက်တဲ့ ဝေဒနာတွေအတွက်
ဖြေသာမဲ့ဆေး
အသင်မပေးနိုင်ဘူးလား ...

အထီးကျန်တဲ့ မီးလျှံကြား
အကျည်းတန်စွာ ခံစားနေရပါတယ် အရှင်ဘုရား
ကျွန်တော့်အား သူမကိုပဲ ပေးသနားပါ ....
သူမနဲ့ ပတ်သတ်သမျှ
ဒီဘဝမှာ အာသ၀ မျက်ရည်တွေ မကျချင်ဘူး ...


( ဂ )

လမင်းလေးရေ ...
ငါရေးထိုးထားတဲ့ ကျောက်စာမှာ
နင့်နာမည်တွေချည်းပါတယ်
ဘယ်အရာကိုမှ မျှော်လင့်ခွင့်မရှိတဲ့ငါ
တာရာမင်းဝေ ပြောသလို
သတိရခြင်းကိုတော့ ပိုင်ဆိုင်ချင်ပါရဲ့ ...

အရှေ့ဘက်မှာ မိုးကြမ်းတွေရွာရွာ
အနောက်ဘက်မှာ လေပြင်းတွေတိုက်တိုက်
နင့်ပါးလေးကို နမ်းခွင့်ရခိုက်မှာ
လေပြေတွေကို တား
နာရီတွေကို ရပ်ထားချင်တယ်
နင်ဖျားမှာစိုးလို့ပါ ....

တစ်ဖြေးဖြေးတိုးလာလိုက်တာ
ဒီရေတွေကတောင် ဆရာခေါ်
ငါ့တို့ရဲ့ မေတ္တာပေါ်မှာ
ဗလာမပါကြေးနော် .....

အရာရာကိုတွေးပြီးပျော်
ငါတို့မျှော်တဲ့ အချစ်အိမ်
အခိုင်အမာ အုတ်မြစ်ချ
ဘယ်သူတွေက ဖြိုချနိုင်မှာလဲ ....

နင့်နဖူးပေါ်ကျနေတဲ့ ဆံနွယ်စတွေ
ညင်သာစွာ ပင့်သက်ရှိုက်
လိုက်ကာလေးတွေ ပိတ်
ကြယ်ကလေးတွေကို မျက်စိမှိတ်ပြီး
ပုံပြင်တွေနဲ့ချော့သိပ်မယ်
ငါ့ရင်ခွင်နွေးပေါ်မှာ
ညင်သာစွာ အိပ်ပျော်ပါစေ ....

ဂန္တဝင်တွင်အောင်လည်း မရေးတက်ဘူး
စံချိန်တင်အောင်လည်း မတွေးတက်ဘူး
နင်ပေးတဲ့ လက်တစ်ဖက်နဲ့
( ငါက )
လောကထဲ ခြေစုံပစ်ချင်တဲ့ကောင် ...

မနေ့ကလည်းနင့်ကိုချစ်ခဲ့တယ်
ဒီနေ့လည်း နင့်ကိုချစ်နေတုန်းပဲ
မနက်ဖြန်လည်း နင့်ကိုချစ်နေမှာပါပဲ
ဒီကမ္ဘာကြီး ပျက်သုန်းသွားရင်တောင်
နင်မမုန်းရင် ငါကျေနပ်တယ် ...

သွေမပျက်တဲ့ မေတ္တာနဲ့
တစ်နေထွက် တစ်နေ၀င်
နင့်မျက်နှာကို မမြင်ရရင်တောင်
သခင်ရေ ....
ငါ့သစ္စာကို အစွန်းမခံနိုင်ခဲ့ဘူး .....

မှော်ဝင်ဖို့ မလိုပါဘူး
ငါ့လိုအပ်ချက်တွေလည်း အပြစ်မမြင်တက်ပါနဲ့
နင့်လိုအပ်ချက်တွေလည်း အပြစ်မတင်ရက်ဘူး
အရာရာကို ချစ်သောမျက်စိနဲ့ကြည့်
ငါတို့ရဲ့ကြိုးတွေကို ဖြည်းဖြည်းချင်းညှိရင်း
ချစ်ခြင်းအတိဖုံး နင့်အပြုံးနဲ့
အချစ်ဆုံးရေ .....
တစ်ကမ္ဘာလုံး ပန်းတွေပွင့်စေ ....


ဖြိုးငယ်

ကဗျာရှည်ရှည်လေးတွေ ဖတ်မိတိုင်း ကျွန်တော်လည်းကဗျာရှည်ရှည်လေး ရေးချင်နေတာကြာပါပြီ်။ ဆရာ တာရာမင်းဝေ ရဲ့ မီးတောက်ရမ်သမ် ကို အရမ်းသဘောကျပြီး အဲလိုကဗျာရှည်လေးရေးတက်ချင်ခဲ့တာ အဲ့ဒီကဗျာကိုဖတ်မိတည်းကပါ ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့်၊ ကျွန်တော့်ရဲ့ အားနည်းချက်ကြောင့် မရေးဖြစ်ခဲ့ပါဘူး ။ အခု ဒီကဗျာလေးကို ကျွန်တော့် နှလုံးသွေးနဲ့ရင်းပြီး ကြိုးစားပုံဖော်ထားပါတယ် ။ ဘာကြောင့် ကျွန်တော် ဒီလောက်အလေးထားရလဲဆိုရင် ဒီကဗျာလေးဟာ ကျွန်တော်တန်ဖိုးထားရတဲ့ တစ်စုံတစ်ယောက်အတွက် မွေးနေ့လက်ဆောင်ဖြစ်နေလို့ပါပဲ ... ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ချို့ယွင်းချက်တွေ ၊ မပြည့်ဝမှုတွေကြောင့် လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါကိုလည်း နားလည်ပေးပါ ။ မွေးနေ့ရှင်လည်း ကျေနပ်လိမ့်မယ် ထင်ပါတယ် ။ ရင်မှာဖြစ်လာတဲ့ခံစားချက်လေးတွေကို အခုလို အချိန်ပေး ဖတ်ပေးကြတဲ့ သူငယ်ချင်းတွေကို အထူးပဲကျေးဇူးတင်ပါတယ်ဗျာ ။

အားလုံးကိုကျေးဇူးတင်လျှက်
ဖြိုးငယ်

16 comments:

လွမ်းသုရင် on May 30, 2009 at 7:51 PM said...

တစ်ကမ္ဘာလုံးလည်း အချစ်မေတ္တာပန်းတွေ ပွင့်ပါစေ
မွေးနေ့ရှင်လည်း ကဗျာလေးဖတ်ပြီး ပျော်ရွှင်ကျေနပ်ပါစေ
ကဗျာဆရာအတွက်လည်း အလွမ်း ပြူတင်းပေါက်တွေ ပိတ်ပါစေ...

( နှလုံးသွေးနဲ့ရင်းထားတဲ့ ကဗျာရှည်တစ်ပုဒ်ကို ခါတိုင်းနဲ့မတူတဲ့ စိတ်နဲ့ခံစားဖတ်သွားတယ်။ တွေ့ရင်ပြောစရာရှိသေးတယ်... )

မီးငယ် on May 30, 2009 at 10:57 PM said...

မွေးနေ့ရှင်ကတော့ ကံကောင်းတာပဲ...
ညီမလေး မွေးနေ့လည်း ဘာပေးမလဲ..အကိုကြီး...

Unknown on May 31, 2009 at 3:04 AM said...

ကိုဖြိုးရေ ကဗျာလေးက နုညံ့လွန်းလှတယ်
မွေးနေ့ရှင်လေး လည်းပျော်နေမှာပါ :)
ကဗျာ ကောင်းတွေ ဆက်လက်မွေးဖွားနိုင်ပါစေဗျာ
ကောင်းသောနေ့ပါ :)

သက်ထွန်းညိမ်း on May 31, 2009 at 7:32 AM said...

အားပါးပါး
ကျွန်တော် အာမေဒိတ်သံပဲ ရွတ်နိုင်တယ်ဗျာ

သက်ထွန်းညိမ်း

Anonymous said...

ကဗျာလေး ကောင်းတယ် အကိုရာ အားကျတယ် ကျနော် လည်း ကဗျာရှည်ရေးတာကို အားကျလာပြီ
အဆင်ပြေပျော်ရွှင်ပါစေ

ဝေလေး on June 2, 2009 at 8:38 AM said...

အင်းး.....
တစ်ကယ်ကြီးကောင်းပါတယ်။ မွေးနေ့ရှင်လည်း နှစ်သက်မယ်ထင်ပါရဲ့..... :)
ကဗျာရှည်ကို နှစ်လိုစွာ ခံစားသွားပါတယ်..

မသက်ဇင် on June 3, 2009 at 4:05 PM said...

ဖြိုးငယ်ရေ
အလွန်ကောင်းတဲ့ ကဗျာရှည်ကို
ကျေနပ်စွာဖတ်သွားပါတယ်
ကဗျာဆရာလေးကံကောင်းပါစေ
ခင်မင်လျက်

ကဗျာမလေး on June 3, 2009 at 8:28 PM said...

ကဗျာရှည်ရှည်လေးကို ဖတ်လိုက်ရတာ ရင်ထဲနစ်ဝင်သွားတယ်... ရင်ထဲမှာကျောက်ထွင်းသလိုပါပဲ... မွေးနေ့ရှင်လေးလဲ ကျေနပ်မှာပါနော်။
ဆက်လက်အားပေးနေပါမယ်..။

မွန် on June 4, 2009 at 3:35 AM said...

ဝိုး ဘရာဘို
ကဗျာရှည်တစ်ပုဒ်လုံး အဓိပ္ပါယ် ပြည့်လိုက်တာ
အချစ်ကဗျာရှည်ထဲမှာ ဒီကဗျာအကြိုက်ဆုံးတပုဒ်ပါမယ် နှလုံးသွေးနဲ့ရင်းပြီး ရေးခဲ့တယ်ဆိုတာ မပြောပဲနဲ့သိသာလွန်းပါတယ်ဖြိုးငယ်
ကဗျာထဲက စာသားတွေကိုက ကဗျာရှင်ရဲ့ နှလုံးသွေးလို ပူနွေးတောက်ပနေလို့ အားပေးနေပါတယ်

မသက်ဇင် on June 6, 2009 at 6:36 PM said...

ဖြိုးငယ်ရေ
အဟောင်းပဲထပ်ဖတ်သွားတယ်
ခင်မင်လျက်

mgngal on June 7, 2009 at 11:27 AM said...

အလွန်အကျွံတွေ မလုပ်ရဘူးလေ ။ ထိုင်ငိုကုန်ပြီ ကျန်တဲ့ ဘလော်ဂါတွေ ။ ကဗျာတပုဒ်လုံးမှာ ချစ်ခြင်းတွေ တကယ်ကို ပြည့်နှက်နေတယ် ။

အနောက်ယွန်းယွန်းက နေမထွက်ရိုးမှန်ရင်
နင်နဲ့ငါ လက်ထပ်ချင်တယ် .....

နေက အနောက်က ဘယ်တော့မှ မထွက်ဘူးလေ ။ ဒါလေးတောင် မသိဘူးလား။ :P
ဖြစ်ချင်တာတွေ အထမြောက်လို့  လက်ခမောင်း ခတ်နိုင်ပါစေဗျာ ။ :D

. on June 7, 2009 at 11:16 PM said...

ကဗျာလေးက အရမ်းအရမ်းကောင်းတာဘဲ ကဗျာဆရာရေ...

ဧရာဝတီသား on June 15, 2009 at 10:16 AM said...
This comment has been removed by the author.
ဧရာဝတီသား on June 15, 2009 at 10:16 AM said...

ကဗျာ လေးကိုအရမ်းကြိုက်တယ်ဗျာ။
တာရာမင်းဝေ ရဲ့ မီးတောက်ရပ်သမ် ကို ဘယ်မှာရနိုင်မလဲဗျာ။ Link လေးသိရင်
တစ်ချက်လောက် လှမ်းတောက်လိုက် ပါဦး။

ကျေးဇူးတင်စွာဖြင့်

Unknown on June 26, 2009 at 9:16 PM said...

မွေးနေ့ရှင်လေး အရမ်းကြိုက်မယ့်
လက်ဆောင်ကောင်း တစ်ခုပါ

Unknown on June 26, 2009 at 9:19 PM said...

မွေးနေ့ရှင်လေး အရမ်းကြိုက်မယ့်
လက်ဆောင်ကောင်း တစ်ခုပါ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template