Friday, July 25, 2008
နေသာသလိုနေလိုက်..တော့..
အသစ်တွေ့လို့ မေ့တတ်ရင်
စောစောကပြောပေါ့ဆို
မုန်းတယ်လို့ဆိုတိုင်း ရှုံးတယ်လို့မှတ်ယူရအောင်
ဒါကလောင်းကစားဝိုင်းမှမဟုတ်တာ..
ဟောင်းသွားတိုင်း ပစ်ရရင်
အချစ်ကို ဘယ်လိုမြင်မလဲ
မင်းမလိုချင်မှတော့
ငါ့ရင်ခွင့်က ဘာလုပ်ဖို့လဲ
ဒီည ကြယ်တွေကင်းပါစေ ...
မင်းပြုစားတိုင်း ရူးစေချင်ရင်
အစကတည်းက ငါ့ရင်ခွင်တစ်သိုက်မှာ
ပဒိုင်းပင်စိုက်ထားပါတယ်..
မေတ္တာနယ်ပျောက်ပြီး သစ္စာဖောက်သွားကတည်းက
ငါက ဥပေက္ခာနယ်မှာရောက်ပြီးသားပဲ ....
လျှောက်ပြီးသားလမ်းကို သွေဖယ်
ငါ့ဘ၀ကို ကျီစယ်မယ်လို့ ရည်ရွယ်ခဲ့ရင်
ငါ့ရင်ခွင်နယ်က နှလုံးသားကို
ငါခဏ သိမ်းထားခဲ့မှာပေါ့ ...
အခုတော့လည်း ....
မျက်ရည်စ တွေက ငါ့ဘ၀အတွက်အဖော်ပါကွယ်
မှတ်ချက် ။ ။ ဖြိုးငယ် နှင့် အဇ္ဈတ္တပြခန်း အွန်လိုင်းပေါ်တွင် လက်တန်းရေးဖွဲ့သည်။
Tuesday, July 22, 2008
နားခွင့်
ကန်ရေပြင်မှာ ပွင့်တဲ့ပန်းကို
လရောင်က နမ်းလို့ လန်းသတဲ့
ငါ့အလွမ်းကိုရော
သူမ မတမ်းတ ဘူးလား
နွမ်းလျှတွန့် ကြေ
လမင်းနေတဲ့ ကောင်းကင်ကို ငေးမော
ဝေးသော ဒုက္ခ အင်္သချေ .....
နွေဆိုပေမဲ့ မိုးတို့က မင်းမူ
မော်စကို ဟူသော ဤအရပ်ကဲ့သို့
ဝေးလို့ဆိုပေမဲ့ မေ့မရ
သူမ က စိုးမိုး
တိုးတိုး ညင်သာ တိုက်ခတ်
လေညင်း သက်သက်ဆိုပေမဲ့
အပူဓါတ်တို့ ပါသေးတယ် ....
ဒီနွေနဲ့ဒီလေ
ဒီကဗျာနဲ့ ဒီအလွမ်း
ဒီနှုတ်ခမ်းနဲ့ ဒီပါးပြင်
ဒီကောင်းကင်နဲ့ ဒီလူ
ဒီအပူနဲ့ ဒီတရား
အားလုံးကို ခဏမေ့ထားပြီး
အကျွနု အား နားခွင့်ပေးပါ ထိပ်ထားရယ် ...
ဖြိုးငယ်
Friday, July 18, 2008
ဇူလိုင်တမ်းချင်း
ဇူလိုင်က တစ်ဆယ့်ကိုး
မိုးတို့က သည်းသည်းရွာ
တွေးမိတိုင်း ရင်ထဲနာတယ်
ဝင်သက်တို့ မြဲနေသ၍
မေ့ရက်နိုင်ခဲ …..
နိုင်ငံအလင်းအတွက် တောက်တဲ့မီးကိုမှ
အမှောင်ထုရောက်အောင် ငြိမ်းသက်ခဲ့
အသားထဲက လောက်ထွက်
ယုတ်မာသူ လူတစ်သိုက်ကြောင့်
အသက်တွေ စတေးခဲ့ရ
ဗိုလ်ချုပ်နဲ့ အာဇာနည်တွေရယ်
ကမ္ဘာတည်သမျှ ပေါ့
မြန်မာတို့ ရင်ထဲမှာ ရှိကြမှာပါ ….
နှစ်တွေ အလီလီဟောင်းခဲ့ပါ့
အချိန်တွေ အခါခါပြောင်းသည့်တိုင်
၁၉ ဇူလိုင် ရောက်ရင်ဖြင့်
ရင်နင့် အောင် ခံစားရမိ
ဗိုလ်ချုပ်တော့ မသိနိုင်ဘူး
စိတ်မခိုင် ယိမ်းယိုင်မျက်ရည်စ တို့က
အဲဒီမိုးတို့နဲ့ မထိန်းနိုင် ရောကာ ကျတယ်
ဗိုလ်ချုပ်ရေ ….
လွမ်းမောဖြေခဲ …..
ပန်းတောမှာ ရွှေရည်သန်း
နေခြည်ဖျန်းလို့ ဖူးပွင့်နေ
သာယာနေ မြန်မာပြည်မြင်တိုင်း
နှိုင်းယှဉ်မရ ကျေးဇူးအနန္တတွေနဲ့
သမိုင်းအစဉ် ဘယ်အခါမေ့မရတဲ့
ဗိုလ်ချုပ်ပါ အာဇာနည်တွေရယ်
လေးစားကုန်ခဲ …..
Thursday, July 10, 2008
မောင်ပြုံးမဲ့ နေ့ ….
သနပ်ခါး တစ်ဖွေးဖွေး
သူ့ပါးပြင် ခပ်နွေးနွေး
အတွေးဝယ် ရေးရေးထင်
ပြေးပြေးမြင် ချစ်စဖွယ်အပြုံး
ရင်တစ်ခုလုံး နွေးနွေးထွေး
မွှေးမွှေးလေး ပေးချင်တယ် ….
တွေးတွေးဆွေးရမှာကြောက်
ဝေးဝေးရင်းရောက်နေတဲ့ ကမ္ဘာ
ဟာတာတာ ရင်ဗလာနဲ့
အကြင်နာတွေ သွေဖီထွက်
ဒီမနက်တို့ အကျည်းတန်
အထီးကျန်သူ ရင်ခွင်ပျောက်
မင်းတစ်ယောက်က မသိနိုင်….
အလွမ်းပေါက်တဲ့ ရာသီ
အနမ်းမရောက်တဲ့ ဌာနီ
သူ့ပါးပြင်ဆီ အတွေးတို့ထား
သနပ်ခါး ရနံ့တစ်ချို့
ရင်ခွင်သို့ ပြေးဝင်
အလွမ်းနှင် သခင်မရယ်
ဘယ်မျှထိ နှိပ်စက်မှာလဲ …..
အိပ်ပျက်တာ မနည်းလည်း
တစ်ခါမှ စိတ်မပျက်ခဲ့
အတိတ်ရဲ့ ရက်တွေ သတိရရင်း
အနာဂတ်ကို တမ်းတ
အနမ်းရွရွ ချွေမဲ့ပါးပြင်ပေါ်
သနပ်ခါးလှလှ တင်လို့
ကြိုနေတော့ မောင်လာလမ်းမှာ
မျှော်မှန်းကာ ကြည်နူး
ကောင်းကင်မှာပျော်မြူးတဲ့
လရောင်ကို ရှောင်ပုန်းမယ်
မောင်ပြုံးမဲ့ နေ့ …….
ဖြိုးငယ်
Friday, June 27, 2008
နှစ်ပါးသွားလေး က ချင်ပြီ
အလွမ်းတွေချွေ မပျက်ကွက်ခဲ့ပါဘူး
ပန်းတွေကြွေ နေ့ရက်တွေဆက်ခဲ့
တွေ့တက်တဲ့ မနက်တွေကိုပဲတမ်းတ
အဲဒီညတွေမအိပ်ရလည်း ကိစ္စမရှိဘူး
လွမ်းရတာ ကျေနပ်ခဲ့သူပါ .....
အဖြေခက်တဲ့ဝေဒနာတစ်ပိုင်းတစ်စ
မနေတက် နွေမှာလှိုင်းထလည်း
တစ်နေထွက် တစ်နေ၀င်လို့
သူ့မျက်နှာ တစ်ခါ မြင်ချင်ခဲ့
တွယ်ရာမဲ့ ရင်ခွင်ရဲ့ သောက ….
အလွမ်းတို့နဲ့ မနေတက်
ပန်းတို့ကကြွေပျက်
အနမ်းတို့ သွေတက်လို့
အဲဒီ အားလုံးဖောက်ထွက်သွားအောင်
လမင်းရယ် …
ဒီည ဒီရေတက်ပေးပါ ....
ယောက်ယက်ခက်အတွေးတို့ကိုဖြုတ်သိမ်း
ကိုယ့်စိတ်ကို ထိန်းထားတဲ့ကြားက
အလွမ်းက ထကြွတယ်
က ရတဲ့ဇာတ်လွမ်းခန်းချည်းဆက်နေပါ့
ဇာတ်ဆရာရယ် ……..
တစ်ရက်ပဲ ဖြစ်ဖြစ်
တစ်ချက်ပဲ ဖြစ်ဖြစ်
နှစ်ပါးသွားခွင့်ပေးသင့်ပါတယ် ….
ဖြိုးငယ်
Sunday, June 8, 2008
ကဝေနဲ့စီးချင်းထိုးတဲ့ည
ငါ့ရင်ခွင်ကို မီးမှုတ်တဲ့နဂါး
အသည်းကြားက ဓါးကိုထုတ်
ငါ့ဝိဥာဉ်ကိုနှုတ်သွားတယ်…
နတ်စောင်းသံ သဲသဲကြားမှ
ပဲ့ပဲ့သွားတဲ့ ဒဏ်ရာရဲ့တစ်ရေးနိုး
ငါပြေးထိုးတဲ့ မနက်ဖြန်
ငါ့ရင်ကိုတစ်ချက်ကန်သွားတယ်….
အနောက်မြို့ရိုးမှာ မိုးရွာတော့
ရင်ဘတ်ထဲက ပိုးတွေ က ကြတယ်
တန်ခိုးမရှိတဲ့ရာသီက
နာရီကို လှည့်မကြည့်ဘူး….
ဒီည
နတ်ကျောင်းက ခေါင်းလောင်းသံကြားမှ
ရင်ခွင်ကို ငုံ့ကြည့်မိတယ်
ဘယ်ဘက်တစ်ခြမ်းကို
ကဝေမလေး နမ်းသွားတယ်….
တိုက်ပွဲကတော်တော်ကြမ်းတယ်
ကဗျာတွေထမ်းတဲ့ နှလုံးသားက
ညကိုစီးချင်းထိုးတယ်
အလွမ်းကတော့ တိုးတိုးလေးငိုနေရဲ့….
ဒီလိုနဲ့…
အတ္တတွေသဂြိုလ်လိုက်တဲ့ည
ကဝေမနဲ့စီးချင်းထိုးတယ်
နှင်းခါးဖြိုင်ဖြိုင်ကျပါစေ…..
ဖြိုးငယ်
Friday, May 30, 2008
HAPPY BIRTHDAY ချစ်သူ



Free Comments & Graphics
ပျော်ရွှင်သော မွေးနေ့ပါ ချစ်သူ .... တကယ်ဆို အတူယှဉ်တွဲပြီး
သာယာလှပတဲ့ မွေးနေ့ပွဲလေးကို ကျင်းပပေးချင်ပေမဲ့
အခြေအနေမပေးသေးလို့ အခုလောက်နဲ့ပဲ နားလည်ကျေနပ်ပါသဲရယ် ....
ကဗျာဝါသနာရှင် တစ်ယောက်ရဲ့ ချစ်သူ ဆိုတော့ ကဗျာတွေပဲ လက်ဆောင်
ပေးနိုင်ပါတယ် သဲရယ် ... ဘာပဲဖြစ်ဖြစ် သဲကျေနပ်ပါကွာ ......
