Sunday, March 23, 2008

မတ် လေရူးနဲ့ ထူးခြားတဲ့ကမ္ဘာ

7 comments

အပြည်ပြည်ဆိုင်ရာ မဟုတ်
လူနှစ်ဦးသာပိုင်တဲ့ အဲဒီရက်စွဲတစ်ခုကို
ဘာတွေနဲ့မှ သက်သေမပြုခဲ့ဘူး
ရင်ဘတ်နှစ်ခုနဲ့ပဲ
ဖက်တွယ်ယုယခဲ့တယ်...


အဲဒီရာသီပေါ့

ပန်းတွေကိုတေးသီလို့

ရွှေနေပြည်မှာပွင့်တဲ့ပန်းကို

အညတရ လေးနမ်းခွင့်ရခဲ့တယ်


ဒီလိုနဲ့ မထင်မှတ်မှတ်

ရင်ထက်က တံတားမှာ

သူမက လာနားတယ်..



ကြင်နာစွာပွေ့ဖက်

အဝေးတစ်ဖက်ကိုမပြစ်ရက်လို့

ရစ်ပတ်နေတဲ့ကြိုးကိုဆွဲ

ရင်ဘတ်ထဲ ၀င်ခိုင်းမိတယ်…..



ဘယ်သူမှမသိလိုက်ပါဘူး

နှစ်ဦးသာရှိတဲ့ကမ္ဘာကိုတည်ဆောက်

သူမ ရောက်လာတဲ့ရင်ခွင်ကို

နူးညံ့ခြင်းတွေနဲ့ တည့်ခင်းလိုက်တယ်…..



နောက်ဆုံးတော့လည်း

ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံလေးတစ်ခု

အသဲနှစ်ခုကို အုတ်မြစ်ချ

နုနုရွရွလေးတည်ဆောက်ခဲ့ကြတယ်……



အဲဒီတုန်းကပေါ့

မတ်လရဲ့လေရူးတွေက

ငါ့ကိုပျော်မြူးစွာကောင်းချီးပေးခဲ့တယ်……



ဖြိုးငယ်

ပရိပက္ခကြားက တောင်းဆိုချက်

4 comments

အဲဒီညပေါ့
အငှားချခံရတဲ့ ရင်ဘတ်ကမေးတယ်
မင်းငါ့ကိုနေရာပေးသင့်တယ်တဲ့.....


ကျေနပ်စွာနဲ့
(ကျွန်တော်)ရင်ဘတ်ကိုလှပ်ပေးလိုက်တော့
အလွမ်းတွေပဲ ထွက်ကျလာပြန်ရော.....


ဒီလိုနဲ့
ပုံပြင်ဟာ သူ့ကိုယ်သူကဗျည်းတပ်တယ်
သူဟာ အနာဂတ်ရဲ့ သူရဲကောင်းတဲ့.......


အဲဒီအရပ်မှာနေထွက်တော့
ငါအိပ်တန်းတက်တယ်
အလွမ်းတွေပေကျံမထွက်အောင်
လောကကြီးရေ....
ငါ့ကိုကွက်လပ်ဖြည့်ခွင့်ပေးပါ....


ဖြိုးငယ်

Wednesday, March 19, 2008

သူမဟာ ကျွန်တော်ရဲ့ …..

5 comments

ဇဗ္ဗူဒီပါ လင်္ကျာတောင်ကျွန်းမှာ
တောက်ပထွန်းလင်းတဲ့ ကြယ်တစ်ပွင့်
သူမဟာ ကျွန်တော်ရဲ့ နတ်သမီးဖြစ်တယ်....


တောင်နံရံကို ရိုက်ခတ်
ပင်လယ်ကို ဖြတ်လာတဲ့လေညင်းက
သူမ စေလိုက်တဲ့ သီချင်းလား......


ကြယ်တွေမကစားလို့အမှောင်ကျ
တေလေတစ်ကောင်ရဲ့ ညမှာလည်း
သူမက လမင်းဖြစ်တယ်......


ဝေးကွာခြင်း ပြတင်းကိုဖြတ်
သူမကိုနေ့တိုင်းဆက်တဲ့ပန်းမှာ
လွမ်းကဗျာတွေပဲ ပွင့်တယ်….


တစ်နေ့တစ်လှမ်း မလှမ်းနိုင်တဲ့ဘ၀မို့
ပုဂံ ရယ်….
မင်းရပ်နေတာ အားနာမိပါရဲ့…..


နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ်ပေါ့
သူမကိုကျွန်တော်ချစ်တယ်..
သူမကို ကျွန်တော်လွမ်းတယ်

ဒီဘ၀မှာ
သူမသာကျွန်တော့်ရဲ့နာနတ်သီး
ရင်မှာ တစ်လုံးပဲသီးတဲ့
နတ်သမီးလေးပါ......


ဖြိုးငယ်

Saturday, March 15, 2008

နွေဦးလေညင်း လွမ်းသီချင်း

4 comments

ဆောင်းအကုန် နွေအကူးပေမို့
လေရူးကသုန်သုန်
ကြွေရွက်တွေ မဝေဖူးနိုင်ပါ့
တစ်ဖပ်ဖပ် မြေကျရပေါ့
သင်္ခါရ သဘောပြကာရယ်
ပင့်သက်တွေ ခြွေခြွေချတယ်
မြေခကာ သက်ဆင်းကြပေါ့
ရင်ထက်မှာ အပူဓါတ်
ဖြန့်ကျက်ကာ နေရာယူတယ်
ဒီလူမှာ ရူးရပေါ့
လွမ်းတော့ နွေဦး......


ကျက်စားခဲ့တဲ့ သဘာဝကိုတမ်းတ
အခုဖက်ထားရတဲ့နေရာက
နွေအခါ ရွက်မကြွေဘူး
ပွင့်ရွက်တွေလှိုင်လှိုင်ဝေကြ
ပြောင်းပြန်ရတဲ့ သီအိုရီ
ငါ့ရင်ဆီ တည့်တည့်တိုး
ခပ်တိုးတိုး သတိရပေါ့
ဥသြတို့ မသိကြဘူးလေ......


လေညင်းရဲ့ သခင်မ
ခြေချတဲ့ ဒီညတွေကို
ဘယ်အားတွေနဲ့ ရင်ဆိုင်ရမလဲ
ရင်ဝကို လာခတဲ့
သူမရဲ့ အနမ်းဖွဖွကို
တိမ်းရှောင်ရန် ခက်လှပေါ့
ဆောင်းက ကျန်တဲ့မျက်ရည်နဲ့
နွေကဆိုတဲ့ သီချင်းကြား
စိတ်တွေက အချင်းများပေါ့
ရင်ခွင်ကြားက ဆွဲနှုတ်
အဲဒီအလွမ်းမီးထုပ်ကို
တနုံ့နုံ့ မခံစားရအောင်
လေညင်းရေ....
မင်းနှုတ်ခမ်းနဲ့ဖြည်းဖြည်းမှုတ်ပါကွယ်.......


ဖြိုးငယ်

Sunday, March 9, 2008

သူတို့ပြန်ပြီ..တို့ ဌာနီ

7 comments

ရာသီတွေအလီလီ
လက်ချိုးကာတွက်ရည်ခဲ့
အခုတော့လည်း
သူတို့ပြန်ပြီ…တို့ဌာနီ
ငါတို့မှာတော့ လွမ်းကောင်းဆဲ……


မြန်မာမှာဆို ဂိမာန်
သင်္ကြန်ကိုမြင်ရ
သူတို့ကပျော်ကြပြီ
ငါတို့ကလွမ်းဆဲ……


မော်စကိုမှာနှင်းကျဆဲ
ဝေးရတဲ့ဌာနီရေ
ပြန်လာသူတွေကြိုနှင်ပေါ့
ငါတို့ကလွမ်းရစ်ဆဲ….


ဝေးတစ်မြေမှာ မင်းကိုလွမ်းပေါ့
မျှော်မှန်းကာတမ်းတမိ
မင်းကမသိဘူးမလား
သူတို့ကမင်းရင်ကိုခိုပြီ
နွေးထွေးစွာမင်းကြိုပေါ့
ဒီမှာတော့ လွမ်းကောင်းဆဲ……..


မဝေးပါဘူး…
အပြေးလာခဲ့မယ်
တစ်နေ့ကြရင်ပေါ့
ခပ်သော့သော့ အပြင်းနှင်လို့
မင်းရင်ဆီ သက်ဆင်းမယ်
မင်းသာမျှော်လင့်ပေါ့…..
လာနှင့်သူ မင်းလက်ကမ်း
ဌာနီရေ……
ငါတို့တော့ လွမ်းနေဆဲ….



ဖြိုးငယ်

Saturday, March 8, 2008

ထုံဆေးပြယ်တဲ့ ရင်ခွင်

4 comments

ရင်ခုန်သံအစ
သူမက သွေးပြန်ကြောထဲ
ထုံဆေးတွေပစ်သွင်း
ဘာမှမသိအောင် ဖန်ဆင်းခဲ့ဖူးတယ်......


ထုံဆေးက အရှိန်တက်
မြင်လျှက်နဲ့ နာမှန်းမသိခဲ့ဘူး
ငါ့နှလုံးသားကို ဆွဲထုတ်
ခပ်နုပ်နုပ်မာယာဓါးတွေနဲ့ပေါ့......


ထုံနေတဲ့စိတ်က
ဘာလုပ်လုပ်ခံနိုင်တယ်
သူမ ပြုသမျှ
ငါပျော်ရွှင်စွာ ယုယခဲ့မိတယ်.....


အခုတော့ သိလိုက်ရပါပြီ.....
ထုံဆေးတွေပြယ်မှ
ငါ့အာရုံတွေ နိုးထ
ဒဏ်ရာက စပြီ....


နာကျင်ပါတယ်မှတ်
ရင်ဘတ်ကိုလှပ်ကြည့်မှ
နှလုံးသားက မရှိတော့ဘူး
သူမခွဲထုတ်ယူသွားပြီ......


အဲဒီရင်ခွင်ပေါ့...
အခုတော့ ထုံဆေးတွေမရှိတော့လို့
နာကျင်တက်နေပါပြီ....
ဝေဒနာတွေ မထပ်အောင်
အိပ်ဆေးတစ်ချက်လို့ ထိုးပါ....



ဖြိုးငယ်

Thursday, March 6, 2008

ကျေးဇူးပြု၍ တစ်ချက်လောက်နိုးပါ……

3 comments

ကောင်းကင်ရဲ့ သခင်မရေ....
ဒီညမှာ ကြယ်တွေ လတွေမရှိလို့
ငါ့ကဗျာတွေ အတိနဲ့
မီးညှိထားရတယ်.......


မင်းမသိဘူးလား
အနောက်ယွန်းယွန်းမှာလည်း
သတိရခြင်းတွေ ထွန်းထားတယ်....


လာမလှောင်ကြနဲ့
အပြာရောင်ညတွေကိုငါမသိဘူး
ဖြစ်စေချင်တဲ့ အခန်း
ဒီဇာတ်လမ်းထဲမှာလည်း မပါသေးဘူး......


မှာတမ်းတစ်ချို့မှာ
သူမရဲ့မျက်ရည်တို့ တွဲလဲခို
အသည်းအမဲ ငိုရတဲ့ရင်ခွင်ကလည်း ကြေမွ
ခြေချစရာတောင် နေရာမကျန်တော့ဘူး......


အချိန်မှန်ခုတ်မောင်းတဲ့ အလွမ်း
ဝေဒနာမှတ်တမ်းမှာ ကဗ္ဗည်းထိုး
ငါ့ညလေး တစ်ရေးမနိုးခင်
အိပ်မက်ဆိုးများ ဝေးပါရစေ.....


မျှော်မှန်းတဲ့အနာဂတ်
ငါ့ရင်ဘတ်နဲ့ မဆံ့ တော့ဘူး
နိုးတစ်ဝက် အိပ်တစ်ဝက်
ဒီရေ မတက်တဲ့ညမှာ
ရီသံတွေ ခဏရချင်တယ်…..


မှိတ်တစ်ချက် လင်းတစ်ချက်
အနောက်ဘက်က နေထွက်ရင်
ငါ့ကိုတစ်ချက်လောက်နိုးပါ…
ပျိုးထားတဲ့ အလွမ်းတွေ မီးရှို့
ကမ္ဘာတစ်ဖက်ကိုပို့ချင်လို့…….



ဖြိုးငယ်

Tuesday, March 4, 2008

အလွမ်းကောက်သမား ကျွန်တော်

7 comments

ရဟတ်ကြီးလိုလည်နေတဲ့သံသရာ
တစ်ချပ်ပြီးတစ်ချပ်ကျလာတဲ့ဒဏ်ရာ
အဖန်တရာ များလာတော့လည်း
ရံဖန်ရံခါ ကံကြမ္မာကို ဦးမော့
တားရော့ ရေ.....
ဖဲကောင်းကောင်းတစ်ချပ်လောက် သော့ပါဦး.....


ဖျော့တော့တော့နှုတ်ခမ်း
ကျွန်တော် မနမ်းဖူးပေမဲ့
ရူးကန်းစွာ တပ်မက်
ဘာကြောင့်လဲ တပ်အပ်မသိခဲ့ပါ.......


မှတ်ချက်မရှိဘူး
ဝေဒနာကိုသာ သူမ သိခဲ့ရင်
သေချာပါတယ်….
ကျွန်တော်ကိုဖြေသာအောင်
သူမရင်ခွင်တစ်နေရာ
နေစရာပေးခဲ့မပေါ့…..


အခုတော့လည်း….
သေရွာကိုသာပို့ခဲ့သလား
အဖြေရှာလည်းမရတော့ဘူး
ပြေလျော့လျော့နှောင်ကြိုးကို
ကျွန်တော် ဖောင်ထိုးရင်း ခရီးဆက်
အပြီးမသတ်တဲ့ဘ၀ကို ခပ်ဖွဖွလမ်းလျှောက်
ပန်းမပေါက်တဲ့ရာသီမှာ
ကျွန်တော်က အလွမ်းကောက်သမားပါ….


ဖြိုးငယ်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template