Saturday, January 3, 2009

သမိုင်းနဲ့ပြောတဲ့စကား ၆၁



ငါ့အသက်ကို လက်ချိုးတော့
၂၃ ဆိုတဲ့ ဂဏန်းမှာရပ်တန့်ခဲ့
လောလောလတ်လတ် ရှင်သန်စဲ ဂဏန်းတစ်ခုက ၆၁
၃၈ ဆိုတဲ့ သူ့သက်တမ်းရောက်မှ
ငါက ကမ္ဘာမှာပေါက်ခဲ့တဲ့ အပင်ဆိုတော့
မျက်မြင်တော့ မဟုတ်ပေမဲ့
သမိုင်းအစဉ်အလာအရ
ငါတို့ဖခင်ကြီးတွေကို
ငါ့အသွေးအသားက မလေးစားပဲ မနေနိုင်ခဲ့ဘူး ......

အရေးအသားတွေက
သမိုင်းကို ဘယ်လိုပဲ သယ်သယ်
ဘယ်လိုပဲ ပယ်ပယ်
ဦးနှောက်ထဲက ဖောက်ထုတ်မရတဲ့ကျောက်စာကလည်း
ငါတို့ နိုင်ငံသားတွေထဲမှာ မြဲနေဆဲ
ကမ္ဘာမှာ မြန်မာတည်နေသ၍
အာဇာနည်တွေကို ဘယ်တော့မှ မမေ့ဘူး
သူတို့ရဲ့သွေးတွေချွေးတွေက
မြန်မာပြည်ကြီးမှာ ထာဝရမွေးပျံ့တဲ့ ရနံ့
ငါ့ဝင်သက် တစ်ခါ ရှိုက်တိုင်း
ငါ့နှလုံးသား ထိအောင် ခိုက်တယ် ....

လွတ်လပ်ရေးဆိုတဲ့ စကားလုံးနဲ့ အနှစ်သာရကို
ငါတန်ဖိုးဖြတ်စရာ အခုထိ ရှာမတွေ့သေးဘူး
အနှစ်နှစ် အလလ က သွေးတွေက
ငါ့တို့အလံတော်မှာ ရဲရဲတောက်ဆဲ
လွန်ခဲ့တဲ့ ၆၁ နှစ်က
မျိုးချစ်ပုဂ္ဂိုလ်တွေအားလုံး
( ငါထင်ပါတယ် )
အပျော်တစ်ဖက် အငိုတစ်ချက်နဲ့
အပြုံးမျက်နှာမှာ ဝေ့လာတဲ့ မျက်ရည်က
ဗိုလ်ချုပ်နဲ့ အာဇာနည်တွေကို ဂုဏ်ပြုခဲ့တဲ့ မော်ကွန်း .....

သက္ကရာဇ်တွေ ဖြတ်သန်းသွားလာမှုကို တားမရဘူး
ရာသီတွေ လှည့်ပြောင်းမှုကို တားမရဘူး
အချိန်တွေ ရွှေ့လျှားမှုကို တားမရဘူး
ဒီလိုပဲ ငါတို့နိုင်ငံကို ချစ်စိတ်ကိုလဲ တားမရဘူး

အချိန်တွေ ဘယ်လိုဖြတ်သန်း ဖြတ်သန်း
သမိုင်းရဲ့ မှတ်တမ်းထဲမှာ
ဇန်နဝါရီ ၄ ရက်
အမှောင်နက်ထဲက လွတ်မြောက်
လွတ်လပ်ခြင်းရောက်ခဲ့တဲ့ ကောင်းကင်
ပုဂ္ဂိုလ်မင်လို့ပဲ တရားခင်တယ်ပြောပြော
လွတ်လပ်သော တိုင်းပြည်အတွက်
ဗိုလ်ချုပ်တို့ပေးခဲ့တဲ့ အသက်တွေ အကျိုးမြတ်ဖို့
လိုအပ်ရင် ငါ့တို့အသက်ကိုစတေး
အဲဒီ ဇန်နဝါရီ ၄ တိုင်းမှာ
မိုးယံမှာ နိုင်ငံ့ အလံ ထာဝရလွင့်ပျံစေမယ် ... ။


ဖြိုးငယ်

13 comments:

GreenGirl on January 3, 2009 at 8:38 PM said...

၆၁နစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုကဗျာလေးအတွက် ကျေးဇူးတင်ပါတယ် မောင်လေး။
ဘယ်နေရာပဲ ရောက်ရောက် မြန်မာမှန်ရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးကိုတော့ သတိတရ ရှိနေကြတာပါပဲ...

Anonymous said...

လွတ်လပ်ရေးနေ့ ဒီကဗျာလေး အတွက် ကျေးဇူးပါ အစ်ကို ။

Anonymous said...

ဘယ်ကိုရောက်ရောက် ဘာတွေလုပ်လုပ် အခုလိုရက်လေးမှာ.. အမျိုးချစ်တဲ့ စိတ်တွေ လှိုင်းတံပိုးလို့ ပြန်ရှင်သန်လာတာ.. ချီးကျူးပါရဲ့ကွာ... ဒီနေ့ကို ဒီကဗျာလေးနဲ့ဂုဏ်ပြုသလို.. ငါ့ညီကိုလည်း.. ကဗျာချစ်သော ကဗျာဆရာအဖြစ် အကိုဂုဏ်ပြုပါတယ်...

Anonymous said...

(၆၁) နှစ်မြောက် လွတ်လပ်ရေးအတွက် ဂုဏ်ပြုဖွဲ့နွဲ့တဲ့ အရေးအသားဟန်တွေနဲ့ စကားလုံးတွေဟာ ရဲရဲတောက်ပြီး အားမာန်အပြည့် ရှိလိုက်တာညီရာ ... ဖတ်စ၊ ဖတ်ဆဲ၊ ဖတ်နေတုန်းနဲ့ ဖတ်အပြီးအမှာ ရင်ထဲမှာ အားအင်တွေပြည့်ဝလို့ တက်ကြွလို့ ကြက်သီးအဖြန်းဖြန်းထလို့...
ညီနဲ့ အတူနိုင်ငံတော် အလံကို လေးစားကြည်ညိုစွာနဲ့ ဦးညွှတ်လို့ ... ။
မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်တည်တံပါစေ ... ။

thihanyein on January 4, 2009 at 2:59 AM said...

မိုက်တယ်ကွာ ကဗျာကိုကြိုက်တယ် ကိုဖြိုးရေ
ရေးတတ် တွေးတတ်လိုက်တာပဲဗျာ အပြေးကတော့
သန်တယ်နော် မှီအောင်မလိုက်နိုင်တော့ဘူး
ဂုဏ်ယူလျှက်ပါဆရာရေ

ညိမ်းညို on January 4, 2009 at 6:43 AM said...

ကဖြိုးငယ်ရေ သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်ပဲဗျာ
မချီးကျူးတတ်အောင်ပဲ

မာန်လဲပါ အားလဲပါ
ကဗျာက ရဲရဲတောက်ပဲ

အဆင်ပြေပါစေ သူငယ်ချင်းရေ

မသက်ဇင် on January 4, 2009 at 11:49 AM said...

ဖြိုးငယ်ရေ---
နေမကောင်းလို့ အခုမှ ရောက်ဖြစ်တယ်--
ကဗျာလေးကောင်းတယ်---
နှစ်သစ်မှာ ပျော်ရွှင်ပါစေ---

တင့်ထူးရွှေ on January 4, 2009 at 12:27 PM said...

မြန်မာပြည်လွပ်လပ်ရေးအတွက် အသက်စွန့်ခဲ့ကြတဲ့ အာဇာနည်များအားလုံးကို အလေးပြုပါတယ်ခင်ဗျာ ။

Unknown on January 4, 2009 at 3:01 PM said...

ကဗျာလေးကောင်းတယ်ကိုဖြိုးရေ နှစ်သက်မိပါတယ် ရေးသားချက်တွေ ကောင်းသောနေ့ပါ ကိုဖြိုး :)

poemflower on January 4, 2009 at 11:33 PM said...

၆၁ နှစ်မြောက်လွပ်လပ်ရေးနေ့ကဗျာလေးက အရမ်းကောင်းပါတယ် မာန်အပြည့်နဲ့ရေးထားတဲ့ကဗျာလေးပါ.

s on January 7, 2009 at 2:34 AM said...

ကဗျာလေးက ကောင်းလိုက်တာ အကိုရေ။ အရမ်းတော်တာပဲ။ ဂုဏ်ယူပါတယ်.

ဖိုးဂျယ် on January 7, 2009 at 8:21 AM said...

ကဗျာလေးက မာန်တွေကြွလိုက်တာဗျာ
ဖတ်နေရင်းနဲ့ ကြက်သီးတဖြန်းဖြန်းထလာတယ်
အရမ်းကောင်မွန်ပြည့်စုံသော ကဗျာတစ်ပုဒ်ပဲဗျာ

Anonymous said...

ရင်နဲ့ကိုခံစားဖတ်ရှုသွားပါတယ်ခင်ဗျား
ဟုတ်ပါတယ် ဘယ်သူဘယ်လိုပဲ ဖျက်ဖျက် ဘယ်လိုပဲဖျောက်ဖျောက် ဘယ်တော့မှမေ့မရ
တာ တို့အာဇာနည်တွေပါပဲဗျာ ။
အလွန်ကောင်းမွန်ပြီး ရသလည်းမြောက်တဲ့
ကဗျာတပုဒ်ပါပဲ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template