Friday, October 10, 2008

တိုးတိုးလေးသေသွားတဲ့ မှော်ပုံပြင်



မှော်ဆရာရဲ့ ပြဇာတ်တစ်ပုဒ်
နှင်းတွေသည်းသည်းလှုပ် မကျတဲ့ ရာသီမှာ
မျက်စောင်းကညာနဲ့ အသက်ပြောင်းသွင်းခံရတယ်
အဲဒီတုန်းက သူမအပြုံး
ငါ့အတွက် ပုလဲတစ်လုံးထက် အဖိုးတန်တယ် ....
မိုနာလီဇာရေ .....
မင်းခဏတော့ ဒုတိယ နေလိုက်ပါ ....


အဲဒီအချိန်မှာ ငါက သစ်တစ်ပင် ဆို
လိုနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်
သူမ ရင်ခုန်သံနဲ့ တိုက်ရိုက် အချိုးကျတယ်
မရိုးမရွ မာနလေးတွေကို ဖယ်ခွာ
မိုးည တစ်ရံတစ်ခါကလည်း
နှလုံးသားတစ်လျှောက်
အုန်းမောင်းခေါက်ခဲ့ဖူးတယ်
ရင်ခုန်သံတွေ မြန်လို့ပေါ့ .....


တစ်နေ့သ၌
မေ့လိုက်ဖို့သူမကြံတယ်
အမှန်အကန်မဟုတ်တဲ့ ရင်ခုန်သံက
ဒဏ်ရာတွေသာ ကျန်စေတယ်
မင်းထားချင်ထား
ငါက အုန်းလက်နွားမဟုတ်ပေမဲ့
ကွမ်းမစား ဆေးမစား ကောင်ရယ်ပါ .....


ရှောင်ဖယ်ကာ သွားမှတော့
နောင်ဘယ်ခါများ ပြန်လာမယ် မတွေးတော့ဘူး
ကလေးတစ်ယောက်လို ရွှေလင်ပန်းနဲ့ ထမင်းဆီဆမ်း
ရူးရူးကန်းကန်း တမ်းတနေလည်း
လွမ်းရတာပဲ အဖတ်တင်တယ် ...


အဲဒီနောက်ပိုင်း ငါ့ရဲ့ သမိုင်းမှာ
ဖေဖော်ဝါရီဟာ အရိုင်း အစိုင်းပေါ့
ဗယ်လင်တိုင်း ကို ငါမုန်းတယ် ....
မျက်လုံးမပါတဲ့ နှလုံးသားကိုတော့
ရံဖန်ရံခါ သနားမိတယ် ...
ကျိုးသွားမှတော့ ပြန်တပ်ဖို့ မကြိုးစားပါနဲ့ မှော်ဆရာရယ် ...
အဲဒီပုံပြင်မှာ ငါ အသည်းကွဲ သမားပဲ လုပ်ပါရစေ ....


မင်းဝှက်ထားတဲ့ ဖဲတစ်ချက်
ငါ့အတွက် အသုံးမ၀င်တော့ဘူး မှော်ဆရာရေ ...
တိတ်တိတ်လေး သေသွားတဲ့ ဒဏ္ဍာရီအတွက်
အဲဒီရာသီ တစ်ခါ ပြန်ရောက်ရင်
ငါ့ဆီကို သံချောင်းခေါက်ပါ ....


နေ၀င်သွားတဲ့ အင်ပါယာအတွက်
တယောလေး တစ်ပုဒ်ထိုး
တိုးတိုးလေး ပြောပါရစေ ....
( ကောင်မလေးရေ ....)
မင်းအိပ်မက်က နိုးရင်
ငါ့ အသဲကိုသာစား ငါ့ခန္ဓာတော့ ထားခဲ့ပါ .......



မှတ်ချက် ။ ။ ကွမ်းမစား ဆေးမစား = ပါဝင်နေသော်လည်း ဘာမှ အရာမရောက်သောသူ ..... လို့ကျွန်တော်ကတော့ အဓိပ္ပါယ် ဖွင့်ချင်ပါတယ် ... ဆရာတာရာမင်းဝေကတော့ ၀တ္တုတစ်အုပ်မှာ ထမင်းသိုး ဟင်းသိုး လို့ ရေးထားပါတယ် .... ကျွန်တော်တို့ ငယ်ငယ်က ကစားကြတဲ့အခါ ( ဥပမာ )... ထုပ်ဆီးတိုးတမ်း ဆိုပါစို့ ... ကလေးတစ်ယောက်က ဆော့လည်း ဆော့ချင်တယ် ... မဆော့လည်း မဆော့တက်သေးဘူးဆိုရင် .. ကွမ်းမစား ဆေးမစား ဆိုပြီး ပြောပြီး ကစားစေပါတယ် ... သဘောကတော့ အဲဒီလူက ထမင်းရည်ပူစည်း လောင်လည်း မရှုံး သလို ... အဲဒီလူ ပန်းဝင်သွားလည်း မနိုင်ပါဘူး .... အဲ .. နေရာဒေသ ကို လိုက်ပြီး အခေါ်အဝေါ် အမျိုးမျိုးရှိမယ်လို့ ထင်ပါတယ်ခင်ဗျာ .....။



ဖြိုးငယ်


17 comments:

မသက်ဇင် on October 10, 2008 at 3:50 PM said...

နေ၀င်သွားတဲ့ အင်ပါယာအတွက်
တယောလေး တစ်ပုဒ်ထိုး
တိုးတိုးလေး ပြောပါရစေ ....
( ကောင်မလေးရေ ....)
မင်းအိပ်မက်က နိုးရင်
ငါ့ အသဲကိုသာစား ငါ့ခန္ဓာတော့ ထားခဲ့ပါ .......

အပေါ်ပိုဒ်တွေကိုတော့ ထည့်မရေးတော့ပါဘူး
အားလုံးကောင်းနေလို့ပါ---ကောင်မလေး အိပ်
မက်က နိုးရင် အသဲကိုစားခိုင်းပြီး ခန္ဓာကိုယ်
တော့ ထားခဲ့ခိုင်းတာ ဘယ်လိုပါလိမ့်----

thihanyein on October 11, 2008 at 12:42 AM said...

ကဗျာဆရာရေ ရေရေလည်လည်ကြိုက်တယ်ဗျာ
ကဗျာတိုင်းကိုမိုက်တယ် ထွက်ပေါ်လာတဲ့ကဗျာတိုင်းမှာ
ကာရန်မိတယ် စကားလုံးတွေနွဲ့နွဲ့လေးတွေနဲ့
ကျနော်ဘိုတင့်ကိုပြောလိုက်တယ်ဗျ သိလား
ကဗျာဆရာတွေရဲ့ကဗျာတွေက စိတ်ပျိုကိုယ်နုစေတယ်လို့
အဟဲ ကြိုက်တယ်ကဗျာဆရာရေ

GreenGirl on October 11, 2008 at 1:40 AM said...

( ကောင်မလေးရေ ....)
မင်းအိပ်မက်က နိုးရင်
ငါ့ အသဲကိုသာစား ငါ့ခန္ဓာတော့ ထားခဲ့ပါ .......

ငယ်ငယ်က သီချင်းတစ်ပုဒ်မှာ ( လူကိုယူပါ အသည်းကို ချမ်းသာပေးပါ ) လို့ကြားဖူးတယ်။ ဒီတစ်ခါတော့ တစ်မျိုးပါလား။ ဒါပေမယ့် ကဗျာလေးကတော့ ကောင်းနေတာပါပဲ :)

ဝေလေး on October 11, 2008 at 2:51 AM said...

" မျက်လုံးမပါတဲ့ နှလုံးသားကိုတော့
ရံဖန်ရံခါ သနားမိတယ် .. "

အစ်ကိုရေ ကဗျာရေးတော့လွှတ်ကောင်းပဲ.... အဲဒီစာသားလေးကြိုက်တယ်.... အကုန်ကြိုက်တာပါပဲ. :P :P

ခေါင်ခေါင် on October 11, 2008 at 3:51 AM said...

အစ်ကို ရေးခဲ့တဲ့ စကားလုံးတိုင်းကို ကြိုက်တယ်
ခံစားမှုတွေ ပြည့်သိပ်နေတယ် ထင်တယ်နော်
ရင်ဘတ်နဲ့ ဖတ်သွားပါတယ်

mgngal on October 11, 2008 at 6:03 AM said...

ဘယ်အပိုဒ်က ပိုကောင်းမှန်းတောင် မသိဘူး ။
အကုန်ကောင်းတယ်ဗျ။ မနေ့ ညက လာဖတ်သေးတယ်။
မအားလို့  အခုမှ လာကွန့် တာ ။ဟီးဟီး

ပန်းခရေ on October 11, 2008 at 6:24 AM said...

တိုးတိုးလေး သဘောကျသွားသော ကဗျာတစ်ပုဒ်..း)

တင့်ထူးရွှေ on October 11, 2008 at 7:43 AM said...

ကျွန်တော်က ဒီနေရာလေးကိုကြိုက်တယ်
ငါက အုန်းလက်နွားမဟုတ်ပေမဲ့
ကွမ်းမစား ဆေးမစား ကောင်ရယ်ပါ .....

Apprenticeship on October 11, 2008 at 12:01 PM said...

နှလုံးမပါပဲ အသက်ရှင်ကျန်မယ်ဆိုရင်တော့ နေထွက်လာမဲ့ အင်ပါယာအတွက် ၀မ်းနဲစရာပဲနော့် :P

Unknown on October 11, 2008 at 1:40 PM said...

ကိုဖြိုးရေ ကဗျာတစ်ပုဒ်လုံးအလေအလွင့်မရှိဖတ်သွားတယ်
ဗျို့ ရေးသားချက်တွေဖွဲ့နွဲ့ချက်တွေက အကုန်ကောင်းတယ်ဗျာ ခံစားချက်တွေကအတိုင်းသားပဲ ကဗျာကောင်းလေး တွေဆက်လက်ရေးသားနိုင်ပါစေဗျာ ဒီကဗျာလေးကိုအရမ်းကြိုက်တယ်ဗျာ :)

Unknown on October 13, 2008 at 3:02 AM said...

ဖြိုးငယ်ရေ..

ကဗျာတွေကအရမ်း
ကောင်းတယ်လို့
ပဲ..အထပ်ထပ်ခါခါ
ပြောပါရစေ...
အမြဲအားပေးနေတယ်နော်..
ကဗျာသစ်တွေလည်းအမြဲမျှော်နေတယ်..

အိုင်လွယ်ပန် on October 14, 2008 at 4:28 AM said...

အသဲကိုစား
ခန္ဓာကိုတော့ထားခဲ့ပါတဲ့လား......

ကောင်းတယ်ဗျ......
အသိမ်းလေးလှတယ်.....

Anonymous said...

ကောင်းလိုက်တဲ့ရေးသာချက်... ကဗျာလေးကို ခက်ဆစ်ဖွင့်ထားတော့ ဖတ်တဲ့သူကို ပိုနားလည်စေတယ်.. ဒါမျိုးလေးတွေက ကဗျာလေးတွေတိုင်းမှာ ရှိနေသင့်တယ်...

ဆောင်းယွန်းလ on October 16, 2008 at 7:29 PM said...

ညီလေးရဲ့အချစ်ကဗျာတွေကဘယ်အချိန်ဘဲဖတ်ဖတ်
ကောင်းနေရောဘဲကွာ...

sait phay yar on October 17, 2008 at 8:32 AM said...

ငါ့ အသဲကိုသာစား ငါ့ခန္ဓာတော့ ထားခဲ့ပါ...
ကောင်းလိုက်တဲ့အတွေးလေးနော်

၀ဿန်ဦး on October 18, 2008 at 11:39 AM said...

မိုနာလီဇာတောင် ဒုတိယနေရာ ရောက်သွားပါ့လားကွ...

တိုးတိုးလေးမပြန်နိုင်လို့ အော်ခဲ့တယ်ကွာ... :P

Moe Myint Tane on October 19, 2008 at 6:52 AM said...

နေ၀င်သွားတဲ့ အင်ပါယာအတွက်
တယောလေး တစ်ပုဒ်ထိုး
တိုးတိုးလေး ပြောပါရစေ ....
( ကောင်မလေးရေ ....)
မင်းအိပ်မက်က နိုးရင်
ငါ့ အသဲကိုသာစား ငါ့ခန္ဓာတော့ ထားခဲ့ပါ .......

ခိုက်တယ်ဗျာ။ အဲဒီ အသိမ်းကို အခိုက်ဆုံးဘဲ။ တစ်ပုဒ်လုံး ကာရန်မိမိနဲ့ ရေးသွားတာ အရမ်းဖတ်လို့ကောင်းတယ်။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template