Saturday, November 29, 2008

နိုဝင်ဘာ အလွမ်း




နိုဝင်ဘာရဲ့လေပြေတွေ တိုက်စားသွားလိုက်ပုံများ
ငါ့ရင်ခွင်မှာ အလွမ်းတွေပဲ ခြေရာကျန်ခဲ့တယ်
မတန်မရာ ကျတော့မဲ့ နှင်းတို့အတွက်
ခွန်အားမျှပါ ချစ်သူ .....

ပုရွက်ဆိတ် တစ်ကောင်လို
ကြိုတင်စု စရာမလိုပဲ
နှင်းတွေလို တစ်ဖွဲဖွဲ
အလွမ်းတွေ ငါ့ရင်မှာ သည်းနေတယ် ....

ကမ္ဘာကြီးတစ်ကယ်လုံးရဲ့လား မသိပေမဲ့
နဂါးငွေ့တန်းအထိ ငါ့အလွမ်းတွေ ရှိတယ်
သိုးကျောင်းသား တစ်ယောက်လို ဘာမှမသိပေမဲ့
အလွမ်းတွေ တော့ ရှိသင့်ပါရဲ့ .....

ပျက်မယ်ဆိုလည်း ပျက်လိုက်ပါတော့ ကမ္ဘာရယ်
မင်းလည်း နွေမိုးဆောင်း ပြောင်းရတာ ပင်ပန်းသလို
ငါလည်း အလွမ်းတွေ ထမ်းထားရတာ စိတ်နွမ်းတယ်
နောက်ကမ္ဘာမှာတော့ အလွမ်းတွေထဲ စဲ လောက်ပါရဲ့ ....

နှင်းမှုန်တွေဖြန်ကျက်
နှင်းချပ်တွေ ခင်ထားတဲ့ နှင်းကမ္ဘာထဲ
မင်းမပါပဲ တစ်ယောက်တည်းလျှောက်
ငါ့ဘ၀က ခြောက်လွန်းတယ် ချစ်သူ...

ငါ့ရင်ကို လန်းဆန်းအောင်
နှင်းတွေလည်း မစွမ်းနိုင်ဘူး
အလွမ်းတွေပဲ ထပ်ထပ်ပေး
နည်းနည်းလေးမှ မသနားကြဘူး ....

အပျင်းပြေမဟုတ်ပါဘူး
အလွမ်းကျေမလားလို့
နှင်းတွေကို သက်သေပြု
ရင်ခွင်မှာ ကဗျာတို့ ထုဆစ်မိတာပါ ...

နိုဝင်ဘာနဲ့ ဒီဆောင်း
ရင်ခွင်ဗလာမှာ အက်ကြောင်း
ဒီနှင်းထုနဲ့ ဒီအလွမ်း
သြော် ....
ဘယ်တော့များမှ တစ်ခန်းရပ်နိုင်ပါ့မလဲဗျာ ...




ဖြိုးငယ်


7 comments:

မသက်ဇင် on November 29, 2008 at 5:53 PM said...

ကဗျာကောင်းလေးတွေဖတ်ရတော့--
အနာဂါတ် အတွက် လိုအပ်နေသော--- စာဆိုရှင်--မျိုးဆက်သစ်များ အဖြစ်--
အားရကျေနပ်စရာ---------

ခေါင်ခေါင် on November 29, 2008 at 5:56 PM said...

လွမ်းတယ်.. လွမ်းတယ်..
ကိုဖြိုးငယ် ကဗျာဖတ်ပြီး.. ဘာလုပ်လို့လုပ်ရမှန်း မသိအောင် လွမ်းသွားတယ် ဗျာ..
ဘာလို့လွမ်းတဲ့ အကြောင်းတွေ ပဲရေးနေကြပါလိမ့်နော်...

mgngal on November 30, 2008 at 4:59 AM said...

ဟိုက် .. မိုက်တယ်အစ်ကိုရာ ကဗျာက ။ နောက်ဆုံး နှစ်ပိုဒ်
အသေကြိုက်တယ် ။ လွမ်းကဗျာတွေရေး လွမ်းဆွေးနေရ
တာကိုက အရသာတစ်ခုလေလား မသိ ။ :)

thihanyein on November 30, 2008 at 5:46 AM said...

ကဗျာကတော်တော်လေးကောင်းတယ်ဘိုဖြိုးရေ**
ရင်ခွင်တစ်ခုလုံးမှောက်တာတောင်မှ**
ခင်ဗျားအလွမ်းတွေ နေရာကျန်နေသေးတယ်နော်**
ပြိုချင်တဲ့ကမ္ဘာ ရဲရဲသာပြိုလိုက်စမ်း
ငါတို့လွမ်းချင်းတွေ ဘောင်ဘင်ခတ်စေရမယ်**

GreenGirl on November 30, 2008 at 6:10 AM said...

အော်... ကဗျာဆရာတွေများ နျင်းကျရင်လည်း လွမ်းတတ်တယ်နော်။ အရာအားလုံးဟာ ကဗျာဆရာလက်မှာ ကာရံတွေ ဖြစ်သွားရပြီ :)

မီးတောက် on December 2, 2008 at 2:46 AM said...

ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ
သုံးထားတဲ့စာသားလေးကိုက ပြောင်မြောက်ပါပေတယ်....
ဆက်လက်မျှော်နေမယ်နော်

ဆောင်း on December 2, 2008 at 11:15 PM said...

ကဗျာလာဖတ်ပါတယ်။ လာလည်ပါအုန်းလား

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template