Thursday, February 28, 2008

ကျွန်တော်သေဆုံးခဲ့တဲ့ နေ့

9 comments


တုန်ရီနေတဲ့ လက်တွေနဲ့
ခုန်နေတဲ့ရင်ကိုဖိ
သူမကို တစ်ချက်ကြည့်လိုက်တိုင်း
မထိတထိ အပြုံးတွေကြောင့်
ရင်တခုလုံး နူံးခဲ့ဖူးတယ်....


ဆည်းလည်းလိုမဟုတ်ပါပဲ
တွဲလဲခိုနေတဲ့
သူမရဲ့ ရယ်သံချိုချိုကြားမှ
ဥသြ ကို ငါ သနားမိတယ်....


အဲဒီနေ့ပေါ့.....
သူမကို ငါ့နှလုံးသားနဲ့ ယဇ်ပူဇော်ဖို့
သွေးသားတွေက တောင်းဆိုကြတယ်....


တောင်စွယ်တောင် နေမကွယ်သေးဘူး
ဒေ၀ီမရဲ့ မှော်အလှမှာ
သုညဖြစ်နေတဲ့ နှလုံးသားကိုစတေး
တိတ်တိတ်လေး ကျွန်တော် သေဆုံးခဲ့ရတယ်....


ဖြိုးငယ်

Wednesday, February 27, 2008

မေ့မရဘူး အချစ်ဦးရယ်

5 comments

အတိတ်က ဖြစ်ကြောင်း
စိတ္တဇ အက်ကြောင်းလို
အချစ်ကျောင်းတွေ မတက်ဖူးပေမဲ့
ပရစ်ဖူးတွေထွက်တဲ့နွေမှာ
အချစ်ဦးနဲ့ နေဖူးတယ်..........


အိပ်မက်သာဖြစ်လိုက်ပါတော့
အဆိပ်တက်နေတဲ့ဒဏ်ရာ
နှိပ်စက်တာ မခံနိုင်ဘူး
တရိပ်ရိပ် တက်လာတဲ့ အတွေးကို
တဖြည်းဖြည်းလျှော့ချဖို့
ဘယ်က အားတွေ ယူရမလဲ.....


ဒီမိုးတွေ ကျိန်စာမိအောင်
သူ ညှိုးခဲ့လေသလား
တိုးသွဲ့ပျော့ပျောင်း
လျပ်ကြောင်းတွေ အလီလီထ
ငါ့ရင်ထဲ အတိုးနဲ့ ရွာချနေတုန်းပဲ…..


ဖြေစရာမကျန်တော့တဲ့
သေရွာပြန် အတိတ်တို့ အတွက်
နေရာမှာပဲ ပြန်အိပ်လိုက်ရင်
ရင်ခုန်သံတို့ တိတ်စေရဲ့
ကြိတ်မှိတ်ကာ ဆုတောင်းမိသေးတယ်…..


နောက်ဆုံးတော့....
နတ်တေးသံပြိုင်ပြိုင်မနှောပဲ
ဝိဥာဉ်တွေ ခြွေတဲ့တောမှာ
ခေါစာတွေ ပစ်ကျွေးလိုက်ရတယ်
ဓါတ်ရိုက်ထားတဲ့နှလုံးသားကိုပေါ့……



ဖြိုးငယ်

Friday, February 22, 2008

သူယောင်မယ် ပျောက်တဲ့ည

5 comments

တစ်ညလုံးမျှော်ပါရက်နဲ့
သူမ ပေါ်မလာဘူး..
ဘယ်မှာပျော်နေလဲ ဗီးနပ်ရေ...
လမင်းတောင် မင်းကိုကြိုနေလေရဲ့.....


လိုနေတဲ့ နေရာတစ်ခု
ဘာတွေနဲ့ ခုခံ အစားထိုးမလဲ
မိုးမသည်းပဲ ပျိုးကျဲချင်သူပါ.....


မထောက်ညှာတော့ဘူးလား
လျှောက်လွှာမပါတဲ့ သံယောဇဉ်ပါ..
ဘယ်သူတွေလွန်းတင်ခဲ့လို့လဲ
ဒီကျွန်းသခင်မကို ဒီညမတွေ့ရပါလား....


ဟော .. ဟော ပြောပြောဆိုဆိုနဲ့

အရှေ့ရိုးမမှာနှင်းတွေခပြီ

သူယောင်မယ်ကပျောက်နေဆဲ....


ဖြိုးငယ်

Wednesday, February 20, 2008

လေပြင်းတစ်ချက်ရဲ့ နိဒါန်း

6 comments

မသိလိုက်မိဘူး
အမှတ်မဲ့ချည်မိတဲ့ကြိုး
ရင်ခွင်ကိုဖြည်းဖြည်းတိုးလာမှ
မိုးရွာနေမှန်းသိရတယ်....


သူမသိပေမဲ့
မျှော်မိတဲ့စိတ်အစုံက
ရင်ခုန်သံနောက်ခြေရာကောက်
သေချာသလောက်ရှိနေပြီ.....


လာတောက်တဲ့မီးက
ဘာကြောင့်များမပူရသလဲ
မဟူရာညထဲမှာ
သူ မပါရင် မရတော့ဘူးလား……


လေတိုင်းတိုင်းခုန်ရမှာသနားလို့
ငါ့နှလုံးသားကို သိမ်းထားတာတောင်
ငါ့စိတ်ကိုထိန်းမထားနိုင်ဘူး
သူမရဲ့ ယိမ်းအကမှာ
ကျွန်တော့်ညလေးရူးတော့မယ်…


မဖြစ်သင့်တာကို မတွေးချင်းဘူး
အချစ်စစ်ကိုပဲ ရွေးချင်တယ်
တစ်လှစ်လှစ် ဖြစ်ကျန်ရမှာကို မလိုလားလို့
အသစ်သစ်ကိုလည်း မဖန်တီးချင်တော့ဘူး…..


ဒါပေမဲ့ …..
ဇာတ်လမ်းတစ်ပုဒ်ရဲ့ နိဒါန်း
ဖေဖော်ဝါရီ မှတ်တမ်းထဲမှာ မော်ကွန်းတင်တော့မယ်
အရှေ့ယွန်းယွန်းက နေမထွက်ခင်
ကျွန်တော့်နှလုံးသားလေး တစ်ချက်အိပ်ခွင့်ပြုပါ……

ဖြိုးငယ်

Saturday, February 16, 2008

နှလုံးသားစစ်စစ်ဖြင့် လွမ်းဆွတ်သောတေး

10 comments

အမေ…
အဝေးက သားတစ်ယောက်ကိုလွမ်းရလို့
အမေ့နှုတ်ခမ်းဝမှာ နွမ်းလျနေမှာပေါ့
တမ်းတ မနေပါနဲ့အမေ
တစ်နေ့ကျရင် အမေ့အခန်းဝကို
သားလှမ်းရမှာပါအမေ…..


မှန်းမရတဲ့အနာဂတ်အတွက်
စာတွေတက်အောင် သင်ပါဆိုတဲ့
အမေ့ရဲ့လိုအင်တွေ
သားပြင်ဆင်ထမ်းပိုးရင်း
အမေ့ထမင်းနဲ့ဟင်းကိုလွမ်းတယ်…

သားကိုချစ်တဲ့ အမေရေ…
အားသစ်တွေအမြဲပေးတဲ့
အမေ့ရဲ့တေးတွေက
သားအတွက် အားဆေးပါ….


ဝေးစမ်းပါစေအမေ…..
ကမ္ဘာတွေခြားသွားပါဦး
အမေ့နှလုံးသားထဲမှာ သားရှိသလို
သားအသွေးအသားထဲမှာလည်း
အမေ့ရေးထားတဲ့ နီတိတွေအပြည့်ပါအမေ…..


ပီတီတွေကိုပဲပေးချင်တဲ့ကျွန်တော်
အခုတော့လည်း မျှော်ကြည့်မရတဲ့ တစ်နေရာမှာ
နှလုံးသားကိုခဏ စတေးထားပြီး
လုံးပါးပါးလေး တည်ဆောက်
အမေမြှောက်ပေးတဲ့ မြေတောင်ကို
သားအပင်ပေါက်အောင် ကြိုးစားဆဲပါ….


တိုးသွားတဲ့ လေပြေတစ်ချက်
အမေ့ရင်ခွင်တစ်ဖက်လောက်
မအေးချမ်းဘူးအမေ…
သွေးရူးသွေးတန်းနဲ့
သောကတောင်တန်းတစ်ဖက်မှာ
အသက်ဆက်ရင်း
ညစဉ်ရက်ဆက် ကန်တော့လျှက်ပါအမေ…..



ဖြိုးငယ်

ကျွန်တော်နှင့်အသဲနှလုံးလေးများ ( 2 )

6 comments
ဒေါက်...ဒေါက်....ဒေါက်
ကျွန်တော် ။ ။ ဘယ်သူလဲဟ....
အသဲနှလုံးလေးများ ။ ။ ကျွန်တော်တို့ပါ အကို...
ကျွန်တော် ။ ။ အေး..၀င်လာခဲ့ကွာ....
အသဲနှလုံးလေးများ အခန်းထဲဝင်လာမှ ကျွန်တော် ပြန်လည်သတိရမိသည်။
ကျွန်တော်နှင့် တစ်ခါ လာစကားပြောသော အသဲနှလုံးလေးများ ဖြစ်နေသည်။
အသဲနှလုံးလေးများ ။ ။ အကို ....အိပ်တော့မလို့လား....
ကျွန်တော် ။ ။ အေး..စောစောကတော့ ပျင်းတာနဲ့ အိပ်တော့မလို့ကွ...
အသဲနှလုံးလေးများ ။ ။ ဟာ..အနှောက်အယှက်ဖြစ်သွားပြီလားအကို
ကျွန်တော် ။ ။ ရပါတယ်ကွာ..ငါလည်းပျင်းနေတာ..မင်းတို့တောင် ငါ့ဆီမရောက်တာကြာပြီနော်
အသဲနှလုံးလေးများ ။ ။ ဟုတ်တယ်အကို..ကျွန်တော်တို့မအားလို့ပါ...
Valentine နဲ့ဆိုတော့နည်းနည်း အလုပ်ရှုပ်နေတာ...
ကျွန်တော် ။ ။ သြော်..အင်း ..ဟုတ်မှာပေါ့...ဒါနဲ့ ဆိုပါဦး...ဒီနေ့ ဘာကိစ္စ
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့ ..ကျွန်တော်တို့ အကိုကိုပြောစရာရှိလို့...ဒီနေ့လာတာ ကျွန်တော်တို့
နှစ်ဖွဲ့ကွဲနေတယ်....
ကျွန်တော် ။ ။ ဘယ်လို.....ဆက်ပြောပါဦး...
အသဲနှလုံးလေးများ ။ ။ ဒီလိုပါအကို....ပြီးခဲ့တဲ့ Valentine နေ့ ကဖြစ်ကြတာပေါ့..ကျွန်တော်တို့
တော်တော် များများ ရဲ့ သခင်တွေက Valentine နဲ့ ပတ်သတ်ပြီး.....
အလေးထားကြတယ်...အကျုံးဝင်ကြတယ်လေ.....
ကျွန်တော် ။ ။ ဟုတ်တာပေါ့..ဘယ်သူပဲ ဖြစ်ဖြစ် အလေးထားတာပေါ့...
အသဲနှလုံးလေးများ ။ ။ ဟုတ်တယ်အကို....ဒါပေမဲ့ ကျွန်တော်တို့ပြောချင်တာက ချစ်တက်သူတွေ...
ချစ်သူတွေ အတွက် ချစ်သူများနေ့ ဆိုတာရှိပြီး...အသဲကွဲသူများ အတွက်
ဘာလို့ အသဲကွဲသူများနေ့ မရှိတာလဲလို့ စဉ်းစားမိတယ်....
ကျွန်တော် ။ ။ ဘယ်လို..ဘယ်လို... အသဲကွဲသူများနေ့ ဟုတ်လား
အသဲနှလုံးလေးများ ။ ။ ဟုတ်ပါတယ်အကို...
အသဲနှလုံးလေး တစ်ချို့တစ်ဝက် ထွက်လာပြီး
အသဲနှလုံးလေးများ ။ ။ ဟုတ်ပါတယ်အကို... ဒီလိုပါ..ကျွန်တော်တို့ရဲ့ သခင်တွေဆို ချစ်သူက ရက်စက်
သွားလို့ အသဲကွဲ နေကြသူတွေပါ.... ကျွန်တော်တို့ သခင်တွေက ဒီ ချစ်သူများနေ့
နဲ့ မသက်ဆိုင် သလို ဖြစ်နေပါတယ်....အဲဒါ ကျွန်တော်တို့ လည်းခံစားရပါတယ်..
အဲဒီတော့ ကျွန်တော်တို့နဲ့သက်ဆိုင်မဲ့ အပြည်ပြည်ဆိုင်ရာအသဲကွဲနေ့ လည်း
ရှိသင့်တယ်လို့ထင်ပါတယ်...
ကျွန်တော် ။ ။ အင်း..မင်းတို့ပြောမှ ငါတောင်နည်းနည်း စဉ်းစားရခက်သွားတယ်...
အသဲနှလုံးလေးများ ။ ။ ဟုတ် အကို..အဲဒါ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိလို့ ..အကိုကိုအကူအညီ
လာတောင်းတာပါ....
ကျွန်တော် ။ ။ အမ်..အေး..အဲဒါတော့ ငါလည်း မပြောတက်သေးဘူး..ဒါပေမဲ့ ငါ့မှာသူငယ်ချင်းတွေ အများကြီး
ရှိပါတယ်..ငါမေးပေးမယ်..ပြီးတော့ မင်းတို့ပြောသလို အပြည်ပြည်ဆိုင်ရာ အသဲကွဲနေ့
လုပ်ပေးလို့ရမလား...သဘောတူကြလားဆိုတာမေးပေးထားမယ်ကွာ......
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့ အကို...ကျေးဇူးတင်ပါတယ်....အဲဒါဆိုရင်ကျွန်တော်တို့ ပြန်တော့မယ်အကို
ကျွန်တော် ။ ။ အေး..အေး..နောက်ကိစ္စ ရှိလည်း လာပြောပေါ့ကွာ...
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့အကို...ကျွန်တော်တို့သွားတော့မယ် အကို
ကျွန်တော် ။ ။ အေး..အေး...
အသဲနှလုံးလေးများ ထွက်သွားကြသည်။ တံခါးပြန်ပိတ်သွားသံကြားလိုက်ရသည်။
ကျွီ......ဒုန်း

ဟဲ့..ပလုပ်တုပ်.....အသဲနှလုံးလေးတွေရော....
ဟာ..မဟုတ်ပါဘူး....ငါပျင်းလို့အိပ်ရင်းနဲ့ အိပ်မက်မက်နေတာပါလား....အင်း ဒါပေမဲ့ အသဲနှလုံးလေးတွေ
ပြောသွားတာဟုတ်တယ်...မထူးပါဘူး...အားလုံးကိုမေးကြည့်တာကောင်းတယ်....ကဲ ..သူငယ်ချင်းတို့ရေ
ကျွန်တော့်ကို အကြံပေးကြပါဦးဗျာ....

ဖြိုးငယ်

Thursday, February 14, 2008

ကျွန်တော် နဲ့ ဗယ်လင်တိုင်း

3 comments
ဖေဖော်ဝါရီရဲ့နှုတ်ခမ်းက
ငါ့ကိုခပ်ကြမ်းကြမ်းနမ်းတယ်
အလွမ်းတစ်ရာ...ပန်းတစ်ရာပွင့်တဲ့အထိပေါ့......
ဗယ်လင်တိုင်းရဲ့နတ်ဆိုးကတော့
ငါ့ကိုခပ်ကြမ်းကြမ်းထိုးတယ်
အလွမ်းတွေညှိုးသွားအောင်တဲ့..
သူ့တန်ခိုးတွေ သိုးသွားတယ်..
ငါက အလွမ်းမိုးတွေပဲ ဖြိုင်ဖြိုင်သွန်းနိုင်တဲ့ကောင်ပါ.....

ယောင်ချာချာတစ်ယောက်တည်းနဲ့
ကမ္ဘာတစ်ခြမ်းကချစ်သူကိုလွမ်းရတဲ့ဘဝ
ဗယ်လင်တိုင်းရဲ့အလှဆိုတာ ဘာမှန်းမသိခဲ့ဘူး....
လာနမ်းကြတဲ့ မြောက်ပြန်လေအေးအေးက
ချစ်သူပေးလိုက်တဲ့ လက်ဆောင်တစ်ခုလား.....
တစ်ချက် တစ်ချက် ယောင်မိတာက
အမှတ်တမဲ့ လောင်တဲ့မီးပါ.......

ဖောင်ဖွဲ့ပြီး မပြောချင်ပါဘူး
နှောင်ဖွဲ့ထားတဲ့ကြိုးတွေကို
ဘယ်သူတွေ ဘယ်တန်ခိုးနဲ့ဖြတ်နိုင်မှာလဲ....
အချိန်တိုင်းချစ်နေသူတွေအတွက်
ဗယ်လင်တိုင်းဆိုတာ ပညတ် တစ်ခုပါ.....

ဝင်သက် ထွက်သက် အချိုးညီခဲ့တာ
၂၃ နှစ်တည်ခဲ့ပါပြီ...
ဗယ်လင်တိုင်းရဲ့ တံတိုင်းကို
တစ်ခါမှ အနိုင်မပိုင်းဖူးဘူး....
တကယ်တော့
ဗယ်လင်တိုင်းဆိုတာ ငါ့အတွက်
တစ်ခါမှမနမ်းဖူးသေးတဲ့
အပျိုဖျန်းလေးရဲ့ နှုတ်ခမ်းပါဗျာ.....

ဖြိုးငယ်
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template