Thursday, February 28, 2008

ကျွန်တော်သေဆုံးခဲ့တဲ့ နေ့

9 comments


တုန်ရီနေတဲ့ လက်တွေနဲ့
ခုန်နေတဲ့ရင်ကိုဖိ
သူမကို တစ်ချက်ကြည့်လိုက်တိုင်း
မထိတထိ အပြုံးတွေကြောင့်
ရင်တခုလုံး နူံးခဲ့ဖူးတယ်....


ဆည်းလည်းလိုမဟုတ်ပါပဲ
တွဲလဲခိုနေတဲ့
သူမရဲ့ ရယ်သံချိုချိုကြားမှ
ဥသြ ကို ငါ သနားမိတယ်....


အဲဒီနေ့ပေါ့.....
သူမကို ငါ့နှလုံးသားနဲ့ ယဇ်ပူဇော်ဖို့
သွေးသားတွေက တောင်းဆိုကြတယ်....


တောင်စွယ်တောင် နေမကွယ်သေးဘူး
ဒေ၀ီမရဲ့ မှော်အလှမှာ
သုညဖြစ်နေတဲ့ နှလုံးသားကိုစတေး
တိတ်တိတ်လေး ကျွန်တော် သေဆုံးခဲ့ရတယ်....


ဖြိုးငယ်

Wednesday, February 27, 2008

မေ့မရဘူး အချစ်ဦးရယ်

5 comments

အတိတ်က ဖြစ်ကြောင်း
စိတ္တဇ အက်ကြောင်းလို
အချစ်ကျောင်းတွေ မတက်ဖူးပေမဲ့
ပရစ်ဖူးတွေထွက်တဲ့နွေမှာ
အချစ်ဦးနဲ့ နေဖူးတယ်..........


အိပ်မက်သာဖြစ်လိုက်ပါတော့
အဆိပ်တက်နေတဲ့ဒဏ်ရာ
နှိပ်စက်တာ မခံနိုင်ဘူး
တရိပ်ရိပ် တက်လာတဲ့ အတွေးကို
တဖြည်းဖြည်းလျှော့ချဖို့
ဘယ်က အားတွေ ယူရမလဲ.....


ဒီမိုးတွေ ကျိန်စာမိအောင်
သူ ညှိုးခဲ့လေသလား
တိုးသွဲ့ပျော့ပျောင်း
လျပ်ကြောင်းတွေ အလီလီထ
ငါ့ရင်ထဲ အတိုးနဲ့ ရွာချနေတုန်းပဲ…..


ဖြေစရာမကျန်တော့တဲ့
သေရွာပြန် အတိတ်တို့ အတွက်
နေရာမှာပဲ ပြန်အိပ်လိုက်ရင်
ရင်ခုန်သံတို့ တိတ်စေရဲ့
ကြိတ်မှိတ်ကာ ဆုတောင်းမိသေးတယ်…..


နောက်ဆုံးတော့....
နတ်တေးသံပြိုင်ပြိုင်မနှောပဲ
ဝိဥာဉ်တွေ ခြွေတဲ့တောမှာ
ခေါစာတွေ ပစ်ကျွေးလိုက်ရတယ်
ဓါတ်ရိုက်ထားတဲ့နှလုံးသားကိုပေါ့……



ဖြိုးငယ်

Friday, February 22, 2008

သူယောင်မယ် ပျောက်တဲ့ည

5 comments

တစ်ညလုံးမျှော်ပါရက်နဲ့
သူမ ပေါ်မလာဘူး..
ဘယ်မှာပျော်နေလဲ ဗီးနပ်ရေ...
လမင်းတောင် မင်းကိုကြိုနေလေရဲ့.....


လိုနေတဲ့ နေရာတစ်ခု
ဘာတွေနဲ့ ခုခံ အစားထိုးမလဲ
မိုးမသည်းပဲ ပျိုးကျဲချင်သူပါ.....


မထောက်ညှာတော့ဘူးလား
လျှောက်လွှာမပါတဲ့ သံယောဇဉ်ပါ..
ဘယ်သူတွေလွန်းတင်ခဲ့လို့လဲ
ဒီကျွန်းသခင်မကို ဒီညမတွေ့ရပါလား....


ဟော .. ဟော ပြောပြောဆိုဆိုနဲ့

အရှေ့ရိုးမမှာနှင်းတွေခပြီ

သူယောင်မယ်ကပျောက်နေဆဲ....


ဖြိုးငယ်

Wednesday, February 20, 2008

လေပြင်းတစ်ချက်ရဲ့ နိဒါန်း

6 comments

မသိလိုက်မိဘူး
အမှတ်မဲ့ချည်မိတဲ့ကြိုး
ရင်ခွင်ကိုဖြည်းဖြည်းတိုးလာမှ
မိုးရွာနေမှန်းသိရတယ်....


သူမသိပေမဲ့
မျှော်မိတဲ့စိတ်အစုံက
ရင်ခုန်သံနောက်ခြေရာကောက်
သေချာသလောက်ရှိနေပြီ.....


လာတောက်တဲ့မီးက
ဘာကြောင့်များမပူရသလဲ
မဟူရာညထဲမှာ
သူ မပါရင် မရတော့ဘူးလား……


လေတိုင်းတိုင်းခုန်ရမှာသနားလို့
ငါ့နှလုံးသားကို သိမ်းထားတာတောင်
ငါ့စိတ်ကိုထိန်းမထားနိုင်ဘူး
သူမရဲ့ ယိမ်းအကမှာ
ကျွန်တော့်ညလေးရူးတော့မယ်…


မဖြစ်သင့်တာကို မတွေးချင်းဘူး
အချစ်စစ်ကိုပဲ ရွေးချင်တယ်
တစ်လှစ်လှစ် ဖြစ်ကျန်ရမှာကို မလိုလားလို့
အသစ်သစ်ကိုလည်း မဖန်တီးချင်တော့ဘူး…..


ဒါပေမဲ့ …..
ဇာတ်လမ်းတစ်ပုဒ်ရဲ့ နိဒါန်း
ဖေဖော်ဝါရီ မှတ်တမ်းထဲမှာ မော်ကွန်းတင်တော့မယ်
အရှေ့ယွန်းယွန်းက နေမထွက်ခင်
ကျွန်တော့်နှလုံးသားလေး တစ်ချက်အိပ်ခွင့်ပြုပါ……

ဖြိုးငယ်

Saturday, February 16, 2008

နှလုံးသားစစ်စစ်ဖြင့် လွမ်းဆွတ်သောတေး

10 comments

အမေ…
အဝေးက သားတစ်ယောက်ကိုလွမ်းရလို့
အမေ့နှုတ်ခမ်းဝမှာ နွမ်းလျနေမှာပေါ့
တမ်းတ မနေပါနဲ့အမေ
တစ်နေ့ကျရင် အမေ့အခန်းဝကို
သားလှမ်းရမှာပါအမေ…..


မှန်းမရတဲ့အနာဂတ်အတွက်
စာတွေတက်အောင် သင်ပါဆိုတဲ့
အမေ့ရဲ့လိုအင်တွေ
သားပြင်ဆင်ထမ်းပိုးရင်း
အမေ့ထမင်းနဲ့ဟင်းကိုလွမ်းတယ်…

သားကိုချစ်တဲ့ အမေရေ…
အားသစ်တွေအမြဲပေးတဲ့
အမေ့ရဲ့တေးတွေက
သားအတွက် အားဆေးပါ….


ဝေးစမ်းပါစေအမေ…..
ကမ္ဘာတွေခြားသွားပါဦး
အမေ့နှလုံးသားထဲမှာ သားရှိသလို
သားအသွေးအသားထဲမှာလည်း
အမေ့ရေးထားတဲ့ နီတိတွေအပြည့်ပါအမေ…..


ပီတီတွေကိုပဲပေးချင်တဲ့ကျွန်တော်
အခုတော့လည်း မျှော်ကြည့်မရတဲ့ တစ်နေရာမှာ
နှလုံးသားကိုခဏ စတေးထားပြီး
လုံးပါးပါးလေး တည်ဆောက်
အမေမြှောက်ပေးတဲ့ မြေတောင်ကို
သားအပင်ပေါက်အောင် ကြိုးစားဆဲပါ….


တိုးသွားတဲ့ လေပြေတစ်ချက်
အမေ့ရင်ခွင်တစ်ဖက်လောက်
မအေးချမ်းဘူးအမေ…
သွေးရူးသွေးတန်းနဲ့
သောကတောင်တန်းတစ်ဖက်မှာ
အသက်ဆက်ရင်း
ညစဉ်ရက်ဆက် ကန်တော့လျှက်ပါအမေ…..



ဖြိုးငယ်

ကျွန်တော်နှင့်အသဲနှလုံးလေးများ ( 2 )

6 comments
ဒေါက်...ဒေါက်....ဒေါက်
ကျွန်တော် ။ ။ ဘယ်သူလဲဟ....
အသဲနှလုံးလေးများ ။ ။ ကျွန်တော်တို့ပါ အကို...
ကျွန်တော် ။ ။ အေး..၀င်လာခဲ့ကွာ....
အသဲနှလုံးလေးများ အခန်းထဲဝင်လာမှ ကျွန်တော် ပြန်လည်သတိရမိသည်။
ကျွန်တော်နှင့် တစ်ခါ လာစကားပြောသော အသဲနှလုံးလေးများ ဖြစ်နေသည်။
အသဲနှလုံးလေးများ ။ ။ အကို ....အိပ်တော့မလို့လား....
ကျွန်တော် ။ ။ အေး..စောစောကတော့ ပျင်းတာနဲ့ အိပ်တော့မလို့ကွ...
အသဲနှလုံးလေးများ ။ ။ ဟာ..အနှောက်အယှက်ဖြစ်သွားပြီလားအကို
ကျွန်တော် ။ ။ ရပါတယ်ကွာ..ငါလည်းပျင်းနေတာ..မင်းတို့တောင် ငါ့ဆီမရောက်တာကြာပြီနော်
အသဲနှလုံးလေးများ ။ ။ ဟုတ်တယ်အကို..ကျွန်တော်တို့မအားလို့ပါ...
Valentine နဲ့ဆိုတော့နည်းနည်း အလုပ်ရှုပ်နေတာ...
ကျွန်တော် ။ ။ သြော်..အင်း ..ဟုတ်မှာပေါ့...ဒါနဲ့ ဆိုပါဦး...ဒီနေ့ ဘာကိစ္စ
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့ ..ကျွန်တော်တို့ အကိုကိုပြောစရာရှိလို့...ဒီနေ့လာတာ ကျွန်တော်တို့
နှစ်ဖွဲ့ကွဲနေတယ်....
ကျွန်တော် ။ ။ ဘယ်လို.....ဆက်ပြောပါဦး...
အသဲနှလုံးလေးများ ။ ။ ဒီလိုပါအကို....ပြီးခဲ့တဲ့ Valentine နေ့ ကဖြစ်ကြတာပေါ့..ကျွန်တော်တို့
တော်တော် များများ ရဲ့ သခင်တွေက Valentine နဲ့ ပတ်သတ်ပြီး.....
အလေးထားကြတယ်...အကျုံးဝင်ကြတယ်လေ.....
ကျွန်တော် ။ ။ ဟုတ်တာပေါ့..ဘယ်သူပဲ ဖြစ်ဖြစ် အလေးထားတာပေါ့...
အသဲနှလုံးလေးများ ။ ။ ဟုတ်တယ်အကို....ဒါပေမဲ့ ကျွန်တော်တို့ပြောချင်တာက ချစ်တက်သူတွေ...
ချစ်သူတွေ အတွက် ချစ်သူများနေ့ ဆိုတာရှိပြီး...အသဲကွဲသူများ အတွက်
ဘာလို့ အသဲကွဲသူများနေ့ မရှိတာလဲလို့ စဉ်းစားမိတယ်....
ကျွန်တော် ။ ။ ဘယ်လို..ဘယ်လို... အသဲကွဲသူများနေ့ ဟုတ်လား
အသဲနှလုံးလေးများ ။ ။ ဟုတ်ပါတယ်အကို...
အသဲနှလုံးလေး တစ်ချို့တစ်ဝက် ထွက်လာပြီး
အသဲနှလုံးလေးများ ။ ။ ဟုတ်ပါတယ်အကို... ဒီလိုပါ..ကျွန်တော်တို့ရဲ့ သခင်တွေဆို ချစ်သူက ရက်စက်
သွားလို့ အသဲကွဲ နေကြသူတွေပါ.... ကျွန်တော်တို့ သခင်တွေက ဒီ ချစ်သူများနေ့
နဲ့ မသက်ဆိုင် သလို ဖြစ်နေပါတယ်....အဲဒါ ကျွန်တော်တို့ လည်းခံစားရပါတယ်..
အဲဒီတော့ ကျွန်တော်တို့နဲ့သက်ဆိုင်မဲ့ အပြည်ပြည်ဆိုင်ရာအသဲကွဲနေ့ လည်း
ရှိသင့်တယ်လို့ထင်ပါတယ်...
ကျွန်တော် ။ ။ အင်း..မင်းတို့ပြောမှ ငါတောင်နည်းနည်း စဉ်းစားရခက်သွားတယ်...
အသဲနှလုံးလေးများ ။ ။ ဟုတ် အကို..အဲဒါ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိလို့ ..အကိုကိုအကူအညီ
လာတောင်းတာပါ....
ကျွန်တော် ။ ။ အမ်..အေး..အဲဒါတော့ ငါလည်း မပြောတက်သေးဘူး..ဒါပေမဲ့ ငါ့မှာသူငယ်ချင်းတွေ အများကြီး
ရှိပါတယ်..ငါမေးပေးမယ်..ပြီးတော့ မင်းတို့ပြောသလို အပြည်ပြည်ဆိုင်ရာ အသဲကွဲနေ့
လုပ်ပေးလို့ရမလား...သဘောတူကြလားဆိုတာမေးပေးထားမယ်ကွာ......
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့ အကို...ကျေးဇူးတင်ပါတယ်....အဲဒါဆိုရင်ကျွန်တော်တို့ ပြန်တော့မယ်အကို
ကျွန်တော် ။ ။ အေး..အေး..နောက်ကိစ္စ ရှိလည်း လာပြောပေါ့ကွာ...
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့အကို...ကျွန်တော်တို့သွားတော့မယ် အကို
ကျွန်တော် ။ ။ အေး..အေး...
အသဲနှလုံးလေးများ ထွက်သွားကြသည်။ တံခါးပြန်ပိတ်သွားသံကြားလိုက်ရသည်။
ကျွီ......ဒုန်း

ဟဲ့..ပလုပ်တုပ်.....အသဲနှလုံးလေးတွေရော....
ဟာ..မဟုတ်ပါဘူး....ငါပျင်းလို့အိပ်ရင်းနဲ့ အိပ်မက်မက်နေတာပါလား....အင်း ဒါပေမဲ့ အသဲနှလုံးလေးတွေ
ပြောသွားတာဟုတ်တယ်...မထူးပါဘူး...အားလုံးကိုမေးကြည့်တာကောင်းတယ်....ကဲ ..သူငယ်ချင်းတို့ရေ
ကျွန်တော့်ကို အကြံပေးကြပါဦးဗျာ....

ဖြိုးငယ်

Thursday, February 14, 2008

ကျွန်တော် နဲ့ ဗယ်လင်တိုင်း

3 comments
ဖေဖော်ဝါရီရဲ့နှုတ်ခမ်းက
ငါ့ကိုခပ်ကြမ်းကြမ်းနမ်းတယ်
အလွမ်းတစ်ရာ...ပန်းတစ်ရာပွင့်တဲ့အထိပေါ့......
ဗယ်လင်တိုင်းရဲ့နတ်ဆိုးကတော့
ငါ့ကိုခပ်ကြမ်းကြမ်းထိုးတယ်
အလွမ်းတွေညှိုးသွားအောင်တဲ့..
သူ့တန်ခိုးတွေ သိုးသွားတယ်..
ငါက အလွမ်းမိုးတွေပဲ ဖြိုင်ဖြိုင်သွန်းနိုင်တဲ့ကောင်ပါ.....

ယောင်ချာချာတစ်ယောက်တည်းနဲ့
ကမ္ဘာတစ်ခြမ်းကချစ်သူကိုလွမ်းရတဲ့ဘဝ
ဗယ်လင်တိုင်းရဲ့အလှဆိုတာ ဘာမှန်းမသိခဲ့ဘူး....
လာနမ်းကြတဲ့ မြောက်ပြန်လေအေးအေးက
ချစ်သူပေးလိုက်တဲ့ လက်ဆောင်တစ်ခုလား.....
တစ်ချက် တစ်ချက် ယောင်မိတာက
အမှတ်တမဲ့ လောင်တဲ့မီးပါ.......

ဖောင်ဖွဲ့ပြီး မပြောချင်ပါဘူး
နှောင်ဖွဲ့ထားတဲ့ကြိုးတွေကို
ဘယ်သူတွေ ဘယ်တန်ခိုးနဲ့ဖြတ်နိုင်မှာလဲ....
အချိန်တိုင်းချစ်နေသူတွေအတွက်
ဗယ်လင်တိုင်းဆိုတာ ပညတ် တစ်ခုပါ.....

ဝင်သက် ထွက်သက် အချိုးညီခဲ့တာ
၂၃ နှစ်တည်ခဲ့ပါပြီ...
ဗယ်လင်တိုင်းရဲ့ တံတိုင်းကို
တစ်ခါမှ အနိုင်မပိုင်းဖူးဘူး....
တကယ်တော့
ဗယ်လင်တိုင်းဆိုတာ ငါ့အတွက်
တစ်ခါမှမနမ်းဖူးသေးတဲ့
အပျိုဖျန်းလေးရဲ့ နှုတ်ခမ်းပါဗျာ.....

ဖြိုးငယ်

ဗယ်လင်တိုင်းကလပ် နဲ့ ဒဏ်ရာရ ကစားသမား

1 comments
ချစ်သူများဖလားအတွက်
ဗယ်လင်တိုင်းကလပ်ဟာ
ငါတို့ကို အရန်ခုံမှာထားခဲ့တယ်
လိုင်းနက်ထဲပါခွင့်မရဘူး.....

ကံကြမ္မာနည်းပြက
ဒဏ်ရာရ ငါတို့ကို
ထည့်ကစားဖို့မစဉ်းစားဘူး
အပြင်မှာပဲထားတယ်......

ဝါ မရှိတာလား
သဘာ မရှိတာလား
ဗယ်လင်တိုင်းရဲ့ပွဲတိုင်း
အရန်ခုံကိုသာ လှမ်းခဲ့ရတယ်.....

နည်းပညာတွေကို
ဘယ်ဆရာတွေဆီက ယူရမှာလဲ..
ငါလဲပါချင်တာပေါ့
တစ်နေ့နေ့တော့လေ
အားရအောင်ကစားဖို့
ဇွဲမလျှော့ဖူး စောင့်မယ်....

လိမ် ခေါက် လှည့် ပတ်
ခြေစွမ်းထက်ထက်နဲ့
ဗယ်လင်တိုင်းအတွက်ကြိုးပမ်းချင်သော်လည်း
ဝေဒနာဒဏ်ရာတွေနဲ့
ပညာ သဘာတွေမရှိသေးတယ်တာကြောင့်
အရန်ခုံမှာစံမြန်းလိုက်ဦးမယ်ဗျာ....

ဖြိုးငယ်



Wednesday, February 13, 2008

ယောက်ဖအတွက် ဆုတောင်းလွာ

1 comments

အလွမ်းတွေကိုသုခအဖြစ်မျိုချ

လွမ်းသုခ ဆိုတဲ့ယောက်ဖရေ.....

ကမ္ဘာမြေပေါ်ခြေချတာ

၂၃ ဆိုတဲ့ ၀ါ ကိုရတဲ့ဒီနေ့

မင်းတွေ့နေတဲ့ဘ၀မှာ

အပျော်တွေထွေးပိုက်နိုင်ပါစေ.......


အမှောင်တိုက်ထဲကရုန်းထွက်

တရစပ်တိုက်ခက်တဲ့ လောကဓံကို

ဇွဲနဲ့မာန်နဲ့ ခုခံ

ကြမ္မာကောင်းတွေဖန်လာအောင်

မင်းလက်နဲ့ကြိုးပမ်း

မင်းလည်း ပင်ပန်းနေရောပေါ့.....


အလွမ်းတစ်ဖက် ဒုက္ခတစ်ဖက်

ငါတို့တက်နေရတဲ့ဘ၀တွေက ယိုင်နဲ့နဲ့

ချိုသဲ့သဲ့သံစဉ်တွေရဖို့

မျှော်နေတဲ့ အနာဂတ်တွေအတွက်

မင်းထပ်အားစိုက်ပါ…..


လွမ်းငွေ့တွေပိုက်

လွမ်းလိုက်ရတဲ့ ချစ်သူကို

မင်းဘယ်လက်နဲ့ယူပြီး

လောကအတွက် မင်းတက်သမျှ

ညာလက်ကဖြည့်စွမ်းပါ…..


ခြေတစ်ဖက်လှမ်းတိုင်း

မင်းကိုထမ်းထားတဲ့မြေအတွက်

မင်းလက်တွေ့ဖြန့်ကျက်

အတောင်ပံတွေတပ်ပြီး

ကဗျာတွေလည်းစပ်ပါ……


နောက်တစ်ခါလာမဲ့

ဖေဖော်ဝါရီ ၁၃ မှာ

ဒီတစ်ခါထက်ပျော်ပွဲဆက်

မင်းဆုံချက်တွေကို

မင်းထပ်နိုင်ပါစေ……


အနာဂတ်ဟာ မင်းလက်ထဲက

အမြဲတင့်တဲ့ ရွှေရောင်ပန်းတစ်ပွင့်ဖြစ်ပါစေကွာ…..



ဖြိုးငယ်


ဒီနေ့ဟာ ဗိုလ်ချုပ်မွေးနေ့ဖြစ်သလို ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း (ယောက်ဖကြီး ) လွမ်းသုခရဲ့မွေးနေ့လည်းဖြစ်ပါတယ်...အဲဒီအတွက် ယောက်ဖရေ.... မင်းမွေးနေ့မှာ

မင်းဆီကိုမလာနိုင်လို့ အဝေးကနေပဲကဗျာလေးနဲ့ ဆုတောင်းပေးလိုက်တယ်နော်...

Tuesday, February 12, 2008

လွမ်းတော်မပြေ

2 comments

ကျော်ကြားတဲ့ဂုဏ်

မှာသွားတဲ့စကား

ဗိုလ်ချုပ်မရှိတော့ပင်ငြားလည်း

တို့နားထဲက မထွက်နိုင်ဘူး

ကမ္ဘာတိုင်သည်အထိပေါ့……


ဗိုလ်ချုပ်ရဲ့ဂုဏ်

ဖော်ထုတ်ကာမကုန်နိုင်ဘူး

တို့နိုင်ငံလွတ်လပ်ရေးအတွက်

ကြိုးပမ်းကာတာဝန်ထမ်းတယ်

မောပန်းနိုင်ဘူး….


လူပင်သေသော်ငြားလည်း

တို့တွေရင်ထဲကိန်းကောင်းနေဆဲပါ

ဗိုလ်ချူပ်ဆိုရင် မမေ့နိုင်ဘူး

နိုင်ငံရဲ့ အနတ္တဂိုဏ်းဝင်ပါ…..


ရာသီတွေပြောင်း

နှစ်တွေဟောင်းလို့

ဖေဖော်ဝါရီ ၁၃ ဟာ နွမ်းရော်ရော်

သို့ပေသော်လည်း

အတိတ်ကိုပြန်မျှော်ကြည့်စမ်းပါ့

ပန်းတွေခင်းတဲ့လမ်းတွေ

အခုလိုငါတို့လှမ်းနိုင်ဖို့

လူသားတစ်ယောက်ကို

ကမ္ဘာမြေပေါ် အရောက်ပို့ခဲ့တာ

၁၃ ဖေဖော်ဝါရီ ပါ…..


သြော်...ဗိုလ်ချုပ်အောင်ဆန်း

တာဝန်တွေတစ်သီကြီးထမ်း

အမှောင်လမ်းက နိုင်ငံကိုဆွဲထုတ်

အသက်ပင်ဖြုတ်စေတော့လို့

ကြိုးပမ်းအားထုတ်လိုက်ရတာ

ပေါ်လာတဲ့ အကျိုးအမြတ်တွေကို

ခပ်မြက်မြက်ကလေး စံစားဖို့

လောကကြီးက မသနားခဲ့ဘူး

အဖျက်သမားတွေကြောင့်

အသက်ပါထားခဲ့ရပြီ…..


မရှိတော့ပါဘူး

တကယ်ကိုမရှိတော့ပါဘူး

မီးအရောင်ဖြစ်ဖို့

မီးဇာက အလောင်ခံစတေးရတယ်

လောကရဲ့ ဓမ္မတာလား……


ဗိုလ်ချုပ်မရှိတော့ပေမဲ့

အလွမ်းတော်ပြေ ကျေးဇူးတွေကျေစေဖို့

သူ့အစားတာဝန်ထမ်းကြမယ်……

ဗိုလ်ချုပ်ရေ….

ရောက်ရာလမ်းက ၀မ်းမြောက်ပါတော့…….



ဖြိုးငယ်

Friday, February 8, 2008

မင်းပျော်ပါစေ တင့်ထူးရွှေ

4 comments

သူငယ်ချင်းရေ...

နှစ်တစ်နှစ်ပြောင်းတာ မထူးဆန်းပေမဲ့

ဘ၀ကိုခြေတစ်လှမ်း ထပ်လှမ်းတဲ့

ဒီနေ့မှတ်တမ်းကိုတော့

မင်းနှလုံသားရဲ့ကျမ်းမှာ

အမြဲတမ်းတ သာယာလှပနေပါစေကွာ....

ငါ့တို့အမြဲနင်းတဲ့

ကဗျာတွေခင်းတဲ့လမ်းမှာ

အောင်မြင်မှုပန်းတွေ ထွေးပိုက်

မင်းတစ်ရေးအိပ်လိုက်တိုင်း

နှိုင်းမရတဲ့ ပျော်ရွှင်မှုတွေ

မင်းရင်မှာစုပါစေကွာ........

စိန်စီသောမင်းလက်နဲ့

တိမ်ထပ်တွေအထိ

မင်းကဗျာတွေပက်လိုက်စမ်းပါ

အားလုံးရဲ့လက်တွေ

မင်းရင်မှာနှုတ်ဆက်နမ်းလိမ့်မယ်...

လေတစ်ချက်ရှိုက်ရှုတိုင်း

(ကမ္ဘာမြေအတွက်) အကောင်းဆုံးလူဟာ

တင့်ထူးရွှေ ဖြစ်ပါစေကွာ....

မုသားမပါတဲ့တောင်းဆု

ငါ့ရင်မှာပြုလိုက်တယ်

မင်းအခုပျော်ပါစေ

နောက်ဘ၀တွေအထိပေါ့....

ချစ်သူကိုလက်တွဲ

ဘ၀ဆိုတာပွဲမှာ

အချက်ပိုင်ပိုင်နဲ့

မင်းအမြဲနိုင်ပါစေကွာ

မင်းဝင်သက်ခိုင်သ၍ပေါ့.....


ဖြိုးငယ်

သူငယ်ချင်းရေ....မင်းမွေးနေ့မှာသူများတွေလို ကိတ်တွေမဖုတ်ပေး..မကျွေးပေးနိုင်ပေမဲ့
ငါရေးပေးတဲ့ကဗျာလေးနဲ့ ကျေနပ်ပေးပါကွာ....သိပ်မကောင်းပေမဲ့ ရင်ထဲကဆုတောင်းပါ....
မင်းရဲ့ ၂၃ နှစ်မြောက်မွေးနေ့မှစ၍ နောက်နှစ်ပေါင်းများစွာမှာ ရည်မှန်းချက်ပန်းတိုင်ကို
လှမ်းကိုင်နိုင်ပြီး....ချစ်သောသူနှင့် ရွှေလက်တွဲ ပျော်ပွဲဆင်နိုင်ပါစေကွာ.....

Thursday, February 7, 2008

ဒီည

1 comments
ဒီည
မိုးမရွာဘူး....
ဒီည
ကဗျာသတင်းတွေက ပျင်းနေကြတယ်...
ဒီည
စာကြည့်ချင်စိတ်မရှိဘူး.....
ဒီည
ကဗျာတစ်ပုဒ်ရေးလိုက်ချင်တယ်....
ဒီည
ကမ္ဘာမြေကို ကြယ်တွေမခဘူး......
ဒီည
ဘာလုပ်ရမှန်းမသိဘူး.....
ဒီည
ကောင်မလေး တစ်ယောက်ကို စလို့ကောင်းတယ်....
ဒီည
အိပ်တာပဲကောင်းတယ်......

ဖြိုးငယ်

ဒီညဘာလုပ်ရမှန်းမသိတာနဲ့ စိတ်ထဲရှိရာတွေ သွန်ချလိုက်တာ..သည်းခံပြီးဖတ်ပေးကြပေါ့..ဘာရေးရမှန်းလည်းမသိတာနဲ့ ညီမလေး ရတနာစိုးရဲ့ ဒီနေ့ကို
သတိရပြီး ရေးလိုက်တာပါ..
ညီမလေးရေ..လိုက်တုတာတော့မဟုတ်ပါဘူး..စိတ်ကူးရသွားလို့ပါ....

Wednesday, February 6, 2008

ကျွန်တော်နဲ့ကမ္ဘာတစ်ခြမ်းကချစ်သူ

2 comments
ကမ္ဘာကိုတစ်ခြမ်း ခြမ်း
နေ့နဲ့ည ကိုထမ်းခိုင်းထားတယ်
မှောင်တစ်ခြမ်း လင်းတစ်ခြမ်း
ဟန်ဆောင်မှန်းသိရက်နဲ့
တစ်ဖက်ကမ္ဘာကချစ်သူကို
ရမ္မက်မပါပဲ လွမ်းတယ်....

အမှောင်ခြမ်းမှာရောက်နေပေမဲ့
ယောင်ယမ်းတမ်းတခြင်းတွေနဲ့
အလှမပါတဲ့ညမှာ
လကိုပဲသက်သေပြမိတယ်....

ကဗျာတွေ ဆိုတော့
ကြယ်စင်တွေငိုတယ်
ဟိုဘက်ကမ္ဘာဟာ
သူတို့အတွက် အသက်မပါဘူးတဲ့.....

ဒီလိုနဲ့
ဗျက်စောင်းမပါပဲ
နွဲ့နှောင်းတဲ့သီချင်းကိုဆိုမိတယ်
မျက်ရည်မရှိတဲ့ငါ
ဟာတာတာနဲ့ပဲ
ဟိုဘက်တစ်ခြမ်းကချစ်သူကိုလွမ်းမိတယ်....

ဖြိုးငယ်

သီချင်းလေးတစ်ပုဒ်

0 comments
ကိုကလိုစေးထူးရဲ့ ကျေးဇူးကြောင့် အခုကျွန်တော်ဒီသီချင်းလေးကိုတင်လိုက်တာပါ...အခုကျွန်တော့်ဘလော့
မှာတင်ထားတဲ့သီချင်းပါပဲ...အခုဟာကတော့တရုတ်သီချင်း..မူရင်းပေါ့ဗျာ...
နားတော့မလည်ဘူး..ကြည့်လို့တော့ကောင်းလို့ မျှဝေလိုက်တာပါ...
လောလောဆယ် ကဗျာလည်းမရေးနိုင်သေးတာနဲ့ တင်ပေးထားတာပါ.....
ကျောင်းကလည်းပြန်ဖွင့်ပြီဗျာ...စာနဲ့ဘလော့ လွန်ဆွဲဦးမှာပေါ့....
ကိုကလိုစေးထူးရေ..ကျေးဇူးအထူးတင်ပါတယ်ဗျာ...

ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်

1 comments


ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်


အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်
တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ် … …

အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် … …

ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
… လာ … … လှမ်းစို့ … …

ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ရင်ခတ်သံဟာ ခံစားချက်ရဲ့မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ … ယုံ … …

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့ …
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်း ဖြစ်ရဲ့ … …

အာရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တစ်မနက်စာအတွက်
နိုးတ၀က်အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်း ဖြစ်ရဲ့ … …

အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် …
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ …

ဟောဒီမှာကွယ် …
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် …
အသွေးအရောင်မဲ့တဲ့လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ … …

မပြုံးဘူးလို့နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ …
ငါတို့ ဓါတ်ပြုလိုက်ကြတယ် … …

မတွေ့ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တစ်ဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ
… “ မိုးကျရွှေကိုယ် ” … …

( တည်ညိမ်းကို + ChIroN + တင့်ထူးရွှေ + ဖြိုးငယ် + မျှားပြာ + ညိမ်းညို )


Monday, February 4, 2008

စကားဝိုင်းလေးတစ်ခု

1 comments
ို မနက်ကလင်းတော့မယ်...
လမင်းကတော့ခေါင်းမော့နေဆဲ
မာယာမဲ့စကားလုံးတွေကို
ဟာသတွေသုံးပြီး
တစ်ဝုန်းဝုန်းနဲ့ ဖောင်ဖွဲ့လိုက်တာ
အမှောင်ကနေ အလင်းထွက်တော့မှ
ငါတို့အိပ်တန်းတက်ကြတယ်....

ငါတို့စိတ်ဝင်စားကြတဲ့
ဘလော့ရဲ့ မျက်နှာပန်းတွေကို
လိုက်နမ်းနေမိတာ
တစ်ချက်သန်းဖို့တောင်မေ့နေရဲ့.....

လှမ်းနေတဲ့ ဘ၀ကြမ်းတွေကိုမေ့
ငါတို့တွေ့ကြတဲ့ အချိန်မှာ
စာပေသာ ရင်ထက်ပန်းပါ
ပွင့်လန်းလိုက်ကြတာ
ဒီကမ္ဘာမှာ ကဗျာတွေနဲ့မွှေးလို့.....


ဖြိုးငယ်




ကြွေလွင့်ခဲ့သော ပြဇာတ်တစ်ပုဒ်ရဲ့နိဂုံး

1 comments
ကဗျာတစ်ပုဒ် ရင်မှာထုလုပ်ဖို့
ငါစတေးထုတ်လိုက်ရတာက နှလုံးသားပါ.....

ဒဏ်ရာတွေထွေးပိုက်
ငါရေးလိုက်တဲ့ စာတွေက
အသဲကွဲကဗျာတွေပဲ.....

အတွေးတစ်သိုက်မှာ
ပြေးလိုက် ပျောက်လိုက်နဲ့
ဆေးတိုက်မဲ့လူမရှိတော့
ဝေဒနာက တစ်ဆစ်ဆစ်နဲ့ပေါ့....

အသစ်အသစ်ပြန်မဖြစ်တော့မဲ့
အတိတ်ရဲ့မှန်ရာတွေက
အဖန်တစ်ရာမက တိုက်ခိုက်နေပေါ့
ဘယ်တော့များမှကြေမှာလဲ
ကံကြမ္မာရဲ့ဝဋ်ကြွေးတွေရယ်.....

အချစ်တေးတွေ သီကုံးခဲ့စဉ်က
သူမုန်းမှာကို မသိခဲ့ဘူး
ဟစ်ကြွေးခဲ့တာက
ဒီတစ်သက်မဝေးဘူးတဲ့....

အခုတော့လဲ
ငါပေါက်ခဲ့တာက ဗလာမဲပါ
ဝေဒနာတွေဆဲမဲ့နေမှာ
အသည်းကိုဖာတေး
ကဗျာတွေပဲဆက်ရေးနေမယ်....

ဖြိုးငယ်

ဖြစ်ပါရစေသား

0 comments
ို ညိမ်းညိုအေးချမ်း တောစခန်းမှာ
တင့်ထူးရွှေဝါ ပန်းမာလာတွေကို
လွမ်းစေလိုက်သလား မြောက်ပြန်လေရယ်..
နတ်သျှင်နောင်ကို စာနာမိ
သူ့ရင်ကိုထိတဲ့ မျှားပြာတွေကိုချိုမြ
လွမ်းသုခဝေစွာနဲ့ ရွှေရောင်ကောင်းကင်မှာ
အနက်ရောင်အိမ်မက်တစ်ခုကို ရေးဆွဲခဲ့သူပါ....

မင်းကျန်စစရဲ့ ဖြစ်အင်
ရင်မှာမချိမတင်နဲ့မို့ ဖြစ်လေရာဘ၀မှာ
အကြင်နာနန်းတော်မှာသာပျော်ပါရစေတော့ကွယ်....

ဖြိုးငယ်

ကျွန်တော်လည်းအခုတစ်လော ခံစားချက်အားနည်းနေတာနဲ့...ဘာမှမရေးနိုင်ခဲ့ပါဘူ...ဒါပေမဲ့အရမ်းရေးချင်
နေတာတော့အမှန်ပါ..အခု ကဗျာလေးက ဘာရယ်တော့မဟုတ်ပါဘူး..သူငယ်ချင်းတွေကို သတိရလို့ စိတ်ကူး
ပေါက်ပြီးရေးလိုက်တဲ့ကဗျာလေးပါ....သူငယ်ချင်းတွေကိုကြေငြာတာပေါ့(အားလုံးလူပျိုတွေချည်းပဲ)...မှားလို့..
ဘလောတွေကိုကြေငြာပေးတာပါ....ကဗျာထဲမှာ မပါဝင်တဲ့သူငယ်ချင်းတွေလည်း နားလည်ပေးပါဗျာ...စိတ်ထဲမှာတော့ အားလုံးရှိပါတယ်....

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template